အခန်း ၉၃၄
Vol. 63 Ch. 934
934 01
အခန်း ( ၉၃၄ ) မင်း ဘယ်သူ့ကို ရှာနေတာလဲ။
အပွင့်လင်းဆုံး ပြောရလျှင်တော့ ဟောက်ချီဟန်တစ်ယောက် အန္တရာယ်ကို ရင်းပြီး ထိုလက်မရွံ့လူသတ်သမားအဖွဲ့နှင့် ပူးပေါင်းကာ ကောက်ကျစ်ယုတ်မာတဲ့ လုပ်ရပ်ကို လုပ်ခဲ့ရတဲ့ အကြောင်းအရင်းက သူ့မိဘတွေ ဟောက်ကော်ပိုရေးရှင်းကို ဟောက်ချန်ဟွမ်းရဲ့ လက်ထဲ လွှဲပြောင်းပေးပြီး သူ့အတွက် ဘာမှ မရနိုင်မှာကို စိုးရိမ်တာကြောင့် ဖြစ်သည်။
ဟောက်ချီဟန်သည် သူ့လမ်းကြောင်းမှာ သူ့ကို ခြိမ်းခြောက်နေတဲ့ လူတိုင်း ၊ အရာရာတိုင်းကို သတ်ပစ်ဖို့တောင် ဝန်မလေးတဲ့ လူစားမျိုးပင်။
သူ့မှာ နှလုံးသားမရှိတာ မဟုတ်ဘဲ သူ့နှလုံးသားထဲမှာ ရက်စက်မှုတွေ ပြည့်နှက်နေတာပါ။ သူ့လောဘအတွက် သူ့ကို နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ပြီး ကျွေးမွေးခဲ့တဲ့ မိသားစုကိုတောင် စွန့်ပစ်နိုင်သည်။
ကျန်းချန့်ယန်ကလည်း မထူးဆန်းစွာပင် ထိုအကြောင်းကို သိသော်လည်း လက်မခံနိုင်သေးပေ။ သူ့အစ်မနှင့် ယောက်ဖက တစ်ဘဝလုံး ဉာဏ်ရည်ထက်မြက်လာခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အဲ့ဒီလို အခြေအနေထဲကို သက်ဆင်းသွားခဲ့ရသည်။ သူ ဘယ်လိုလုပ် သက်ပြင်းမရှိုက်ဘဲ နေနိုင်မှာလဲ … ။
ကျန်းချန့်ယန်သည် တွေးရင်း တွေးရင်း ဟောက်ချီဟန်အပေါ် ထားတဲ့ အမုန်းတရားတွေ တဖြည်းဖြည်း လေးလံနက်ရှိုင်းလာခဲ့သည်။
“ မင်း ဘာလုပ်မှာလဲ။ ”
“ ကျွန်တော့်မိဘတွေနဲ့ ကျွန်တော့်ကလေးအတွက် လက်စားမချေဘဲ နေဖို့ မဖြစ်နိုင်ပေမဲ့ သူ့ကို ဖမ်းရုံလောက်နဲ့တော့ လုံးဝ မလုံလောက်ဘူး။ ”
ဟောက်ချန်ဟွမ်းသည် ပြောရင်း ကျန်းချန့်ယန်ကို လှည့်ကြည့်လိုက်၏။ “ အသံမှတ်တမ်းအရတော့ သူ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ အဲ့အဖွဲ့နဲ့ အဆက်အသွယ်ရှိနေတယ် ဆိုတာ သိနိုင်တယ် ၊ ပြီးတော့ သူက အဲ့လူတွေနဲ့ မကြာသေးခင်တုန်းကတောင် ဆက်သွယ်လိုက်သေးတယ်။ ဟောက်ချီဟန် အဖမ်းခံလိုက်ရတဲ့ ကိစ္စက လူသိရှင်ကြား မရှိသေးတော့ ဒီသတင်းကို သိတဲ့ လူတွေ သိပ်ရှိဦးမှာ မဟုတ်ဘူး။ အရင်ဆုံး ဒီသတင်းကို ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်အောင် လုပ်ပေးဖို့ ဦးလေးကို အကူအညီတောင်းချင်တယ်။ အနည်းဆုံးတော့ ဟောက်ချီဟန်ကို ကျွန်တော်တို့ ထိန်းချုပ်ထားတယ် ဆိုတာ အဲ့လူတွေကို အချိန်ခဏလောက်ထိ မသိစေချင်သေးဘူး။ ”
ကျန်းချန့်ယန်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားကာ ဟောက်ချန်ဟွမ်း ဘာလုပ်ချင်နေလဲ ဆိုတာကို နားလည်သွားသည်။ “ မင်းက ဟောက်ချီဟန်ကို အသုံးချပြီး အဲ့လူတွေ ထွက်လာအောင် လုပ်ချင်တာလား။ ”
“ ဟုတ်တယ် ဦးလေး။ ”
“ ဟောက်ချီဟန် ငါတို့နဲ့ မပူးပေါင်းမှာကိုတော့ စိုးရိမ်ရတယ်။ ”
“ သူ အသာအတကြည် မပူးပေါင်းရင်လည်း သူ့ကို ကျွန်တော်တို့နဲ့ ပူးပေါင်းအောင် လုပ်ရမယ့် နည်းလမ်းကို ရှာရမှာပေါ့။ ”
သတ္တဝါကြီးဟာ အချိန်အတော်ကြာ ငြိမ်သက်ကိန်းဝပ်နေပြီးတဲ့နောက် အစွယ်တွေကို ထုတ်ပြလာခဲ့သည်။
ကျန်းချန့်ယန်သည် အရောင်အဝါတွေ ချက်ချင်း ဖြာထွက်လာတဲ့ ဟောက်ချန်ဟွမ်းကို ကြည့်ပြီး တုန်လှုပ်သွားကာ သူ့တူလေးမှာ အမုန်းတရားကင်းစင်နေတာ မဟုတ်မှန်း သဘောပေါက်သွားသည်။
သူ့တူက အမုန်းတရားတွေကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ သိုဝှက်ထားပြီး ဖြည်းဖြည်းချင်း စုဆောင်းလာခဲ့တာ ဖြစ်သည်။ အတိတ်တုန်းက သည်းခံခဲ့တာတွေ အကုန်လုံးက အရေးကြုံချိန်မှာ သေစေနိုင်လောက်တဲ့ ချက်ကောင်းကို တစ်ချက်တည်း ထိုးလိုက်ဖို့ပါပဲ။
“ မင်း ဘယ်လို ခံစားနေရလဲ ဆိုတာ ငါ နားလည်ပါတယ် ၊ ဒါပေမဲ့ အဲ့လူတွေက အရမ်း ကောက်ကျစ်လွန်းတယ်။ ငါတို့ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ အဲ့ဒါဆို ကြိုးစားထားသမျှတွေ အကုန်လုံးလည်း သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်။ ငါတို့ ဒီကိစ္စကို သေချာ စဉ်းစားဖို့ လိုတယ်။ ”
ထိုအချိန်မှာပဲ သက်တော်စောင့်တွေရဲ့ ဖုန်းကောလ်ဝင်လာသည်။
ဟောက်ချန်ဟွမ်းက ထိုဖုန်းကောလ်ကို မကိုင်ချင်သော်လည်း နံပါတ်ကို ကြည့်လိုက်တော့ စုယန်ယန်နောက်ကို လိုက်တဲ့ သက်တော်စောင့်ရဲ့ ဖုန်းကောလ် ဆိုတာ သိသွားသည်။ စုယန်ယန်မှာ ကိစ္စတစ်ခုခု ဖြစ်နေမှာကို သူ စိုးရိမ်သွားပြီး ချက်ချင်း ဖုန်းကိုင်လိုက်သည်။
သူ ဖုန်းကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် စုယန်ယန်ကာ ကုမ္ပဏီဝင်ပေါက်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ အမည်းရောင်ဝတ်စုံနှင့် လူတွေဆီမှာ ပြန်ပေးဆွဲခံရမလို ဖြစ်သွားတယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရသည်။ ထိုအမည်းရောင်ဝတ်စုံနှင့် လူတွေရဲ့ နောက်ကွယ်က ဘော့စ်ကတော့ သို့မိသားစုရဲ့ ဦးဆောင်သူ သို့ထျန်းယီ ဖြစ်နိုင်သည်ဟု ဆိုသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ရဲ့ ကြိုးစားမှုတွေကြောင့်ရော ၊ သခင်မလေးရဲ့ လျှပ်တစ်ပြက် တိုက်ခိုက်မှုကြောင့်ရော မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေကို သူတို့ အနိုင်ယူနိုင်ခဲ့သည်။
934 02
ထိုအချိန်မှာ သူမထက် လူကောင်ပိုကြီးတဲ့ အမျိုးသားကြီးတစ်ယောက်ကို ကိုင်ပေါက်ခဲ့တဲ့ စုယန်ယန်ရဲ့ သူရဲကောင်းလုပ်ရပ်အပြင် စုယန်ယန်ဟာ ထိုလူ့ကို မျိုးဆက်ချန်နိုင်စွမ်း ဆုံးရှုံးလုနီးပါးပင် ဖြစ်အောင် လုပ်ခဲ့တာကိုလည်း အလေးအနက် ပြောခဲ့သည်။
ဒါပေမဲ့ ဟောက်ချန်ဟွမ်းကတော့ စုယန်ယန် ပြန်ပေးဆွဲခံရမလို ဖြစ်သွားတာကိုပဲ ဂရုစိုက်သည်။ ဒီလို အချိန်မှာ သူက တခြား ရှင်းပြချက်တွေကို ဘယ်လိုလုပ် စိတ်ဝင်စားနိုင်မှာလဲ … ။ ဟောက်ချန်ဟွမ်းသည် ရုံးခန်းထဲမှာ ကျန်းချန့်ယန်ကို ချန်ထားခဲ့ပြီး ချက်ချင်း ပြေးထွက်လာခဲ့လေသည်။
ကျန်းချန့်ယန်ကလည်း ဉာဏ်မဝေးပါ။ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားတာကို မြင်သည်နှင့် ကိစ္စတစ်ခုခု ဖြစ်ခဲ့ပြီ ဆိုတာကို သဘောပေါက်သွားကာ ချက်ချင်း သူ့နောက်ကို ထလိုက်လာခဲ့သည်။
တုန်ချမ်းကို အမြန်ဆုံးနှုန်းဖြင့် ပြေးသွားခဲ့တဲ့ ဟောက်ချန်ဟွမ်းသည် အဲ့ဒီကို ရောက်တော့ ပြဿနာလေးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရ၏။
စုယန်ယန်ရဲ့ ကုမ္ပဏီကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ သူ့ကို ဧည့်ကြိုဝန်ထမ်းမလေးက လုံးဝ မသိဘဲ “ မင်္ဂလာပါ လူကြီးမင်း။ လူကြီးမင်း ဘယ်သူ့ကို လာရှာတာလဲ ဆိုတာ တစ်ချက် ပြောပြပါပေးပါလားရှင်။ ” ဟူ၍ပင် ယဉ်ယဉ်ကျေးကျေး မေးနေသည်။
++++++