← Chapters

အခန်း ၉၃၅

Vol. 63 Ch. 935

အခန်း ၉၃၅

Vol. 63 Ch. 935

935 01

အခန်း ( ၉၃၅ ) လေဒီဘော့စ်။

ဟောက်ချန်ဟွမ်းသည် သူမနှင့် အချိန်ကုန်ခံပြီး စကားပြောနေဖို့ မအားသေးတာမို့ အပေါ်ထပ်ကို တိုးဝှေ့တက်သွားဖို့ ဟန်ပြင်လိုက်သည်။

ဧည့်ကြိုဝန်ထမ်းမ‌လေးကလည်း ပြန်ပေးဆွဲမှု ကျူးလွန်တာကို ခုနတုန်းကမှ လတ်လတ်ဆတ်ဆတ် မျက်မြင်တွေ့ထားသဖြင့် နည်းနည်းလေး သံသယလွန်ကဲနေခဲ့သည်။

ဟောက်ချန်ဟွမ်း အပေါ်ထပ်ကို အတင်း တက်ဖို့ ပြင်နေတာကို မြင်တော့ သူမရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး လုံခြုံရေးကို ဖုန်းဆက်ဖို့ လုပ်လိုက်သည်။ ထိုအချိန်မှာပဲ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူမကို လာတားသည်။

“ နင် ဘာလို့ ငါ့ကို ဆွဲနေတာလဲ။ သူက — ”

ဧည့်ကြိုဝန်ထမ်းမလေးရဲ့ စကမဆုံးသေးခင်မှာပဲ “ သူက ဥက္ကဌဟောက်‌လေ။ ” ဟု ဖြတ်ပြောခံလိုက်ရသောကြောင့် သူမလေး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ ဥက္ကဌဟောက် … ဟုတ်လား။ ငါတို့ကုမ္ပဏီမှာ ဘယ်တုန်းက ဥက္ကဌဟောက် ဆိုတာ ရှိသွားတာလဲ။ ငါ သူ့ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး။ ”

“ နင်က ဒုံးဝေးလိုက်တာ။ ” သူမရဲ့ လုပ်ဖော်ကိုင်ဖက်က သူမကို မျက်လုံးလှိမ့်ပြီး ကြည့်သည်။ “ ဥက္ကဌဟောက်က ဥက္ကဌစုရဲ့ ယောက်ျား။ ငါတို့ကုမ္ပဏ္ဌီရဲ့ ဥက္ကဌ မဟုတ်ဘူး။ အဲ့ဒါကြောင့် နင် သူ့ကို မတွေ့ဖူးတာ။ ”

“ ဥက္ကဌစုရဲ့ ယောက်ျား ….. ” ဧည့်ကြိုဝန်ထမ်းမလေးက ဉာဏ်အလင်းပွင့်သွားပုံပေါ်သည်။ “ ဒါဆို သူက ငါတို့ကုမ္ပဏီရဲ့ လေဒီဘော့စ် မဟုတ်ဘူးလား။ ”

သူမရဲ့ လုပ်ဖော်ကိုင်ဖက်က ဆွံ့အသွားသည်။ လေဒီဘော့စ်တဲ့လား … ။ ဘယ်လောက်တောင် ထူးခြားပြောင်မြောက်ပြီး အဓိပ္ပာယ် သွယ်ဝိုက်တဲ့ စကားလုံး အသုံးအနှုန်းလဲ … ။

ဧည့်ကြိုဝန်ထမ်းမလေးကတော့ လုပ်ဖော်ကိုင်ဖက်ရဲ့ ပုံမှန်မဟုတ်စွာ ပြောင်းလဲသွားတဲ့ အမူအရာကို သတိမထားမိပေ။ သူမက ခဏ စဉ်းစားပြီးသွားတော့ အတွေးတစ်ခုကို ရုတ်တရက် တွေးမိသွားကာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်ကို သင်္ကာမကင်း ကြည့်လိုက်သည်။ “ မဟုတ်သေးဘူး။ သူက ငါတို့ကုမ္ပဏီရဲ့ ဥက္ကဌလည်း မဟုတ်ဘူး ၊ ငါတို့ကုမ္ပဏီကိုလည်း တစ်ခါမှ မရောက်ဖူးဘူးဆို နင်က သူ့ကို ဘယ်လိုလုပ် သိနေတာလဲ။ ”

လုပ်ဖော်ကိုင်ဖက်က သူမကို မျက်လုံးလှိမ့်ပြီး ထပ်ကြည့်သည်။ “ နင် ဒုံးဝေးတယ် ဆိုရင်တောင် နည်းနည်းလေး ပိုပြီး စူးစမ်းလေ့လာသင့်တယ်။ ဥက္ကဌစုနဲ့ သူ့ယောက်ျားက အွန်လိုင်းပေါ်မှာ အရမ်း နာမည်ကြီးတာကို နင် မသိဘူးလား။ ”

“ အဲ့လိုလား။ ” ဧည့်ကြိုဝန်ထမ်းမလေးသည် သူမ ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အခုခေတ်မှာ ဘော့စ်တွေမှာရော စုံတွဲပရိသတ်လေးတွေ ရှိနေတာလား …။ သို့သော်လည်း သူတို့နှစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ရသလောက် အဲ့ဒါက ဖြစ်နိုင်ချေမရှိတာတော့ မဟုတ်ပါ။

လုပ်ဖော်ကိုင်ဖက်က သူမကို သူတို့နောက်လိုက်ဖို့ အစွမ်းကုန် ကြိုးစားနေသော်လည်း သူမကတော့ ကုမ္ပဏီရဲ့ အပြင်ဘက်ကနေ ပြေးဝင်လာတဲ့ မျက်နှာစိမ်း အမျိုးသားတစ်ယောက်ကို ရုတ်တရက် သတိထားမိသွားသည်။ ဟောက်ချန်ဟွမ်းလိုပဲ အပေါ်ထပ်ကို ပြေးတက်ချင်နေတဲ့ ထိုလူကို ကြည့်ကာ သူမရဲ့ နှလုံးသားထဲမှာ အချက်ပေးသံတွေ ကျယ်ကျယ်လောင်လောင် မြည်သွားသည်။

“ ကျွန်မ ရှင့်ကို ဘာကူညီပေးရမလဲ လူကြီးမင်း။ ”

ကျန်းချန့်ယန်ကတော့ “ ဥက္ကဌစု ဒီမှာ ရှိလား။ ” ဟူ၍သာ ခပ်သွက်သွက် မေးလိုက်သည်။

“ သူ ရှိတယ်လို့ … ကျွန်မ ထင်ပါတယ်။ ရှင် ကြိုတင်ချိန်းဆိုထားတာတွေ ဘာတွေ ရှိလား။ ”

“ … ”

သူတို့သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိပြီး လေထုကလည်း နည်းနည်းလေး ကိုးရိုးကားရားနိုင်နေခဲ့သည်။

ကျန်းချန့်ယန်က သူ့သမီးအရွယ်လောက်သာ ရှိသေးသော ကောင်မလေးနှစ်ယောက်ကို ကြည့်ပြီး ခပ်တောင့်တောင့် မေးလိုက်သည်။ “ ငါက သူ့ဦးလေးလို့ ပြောရင် မင်းတို့ ယုံမှာလား။ ”

ကောင်မလေးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ဟမ်ခနဲ တညီတညွှတ်တည်း အသံထွက်လာခဲ့ကြသည်။

အပေါ်ထပ်ကို ဟောက်ချန်ဟွမ်း တက်လာခဲ့ချိန်မှာ စုယန်ယန်ကလည်း သူမရဲ့ အစ်ကို,ကို ဟိုအကြောင်း ဘယ်လို ပြောရမလဲလို့ စဉ်းစားခန်းဖွင့်နေတဲ့ အချိန် ဖြစ်သည်။

သူမရဲ့ “ ချစ်စရာ ကလေးကြီး ” ရုတ်တရက် ရောက်လာခြင်းက သူမကို အမှန်တကယ်ပင် အံ့ဩထိတ်လန့်သွားစေသည်။

“ ရှင် … ရှင် ဒီကို ဘာလာလုပ်တာလဲ။ ”

935 02

“ မင်း ပြန်ပေးဆွဲခံရမလို ဖြစ်သွားတယ်လို့ ကိုယ် သတင်းကြားလို့လေ။ မင်းကို လာမကြည့်ဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ။ မင်း ဒဏ်ရာရသွားသေးလား။ ” ဟောက်ချန်ဟွမ်းက ရှေ့တိုးသွားပြီး စုယန်ယန်ရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ သူမကို ခေါင်းစခြေဆုံး အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။

ဒီလို ကြည့်ရုံနှင့် မလုံလောက်ဘူးဟု ခံစားရသောကြောင့် သူမအား ဆေးရုံကို ခေါ်သွားပြီး ဆေးစစ်ပေးချင်သည်။

စုယန်ယန်ကတော့ သူ့ရဲ့ ခြယ်လှယ်မှုကြောင့် ရင်ထဲမှာ နွေးထွေးသွားသလို ရယ်လည်း ရယ်ချင်သွားသည်။ “ သူတို့ ရှင့်ကို ရှင်းအောင် မပြောလိုက်ဘူးလား။ ပြန်ပေးဆွဲဖို့ ကြိုးစားရုံလေးပါ ၊ မအောင်မြင်လိုက်ဘူး။ အဲ့ဒါကြောင့် ကျွန်မ အဆင်ပြေတယ်။ အဲ့လူတွေကသာ … ”

“ သီသီလေး လွတ်သွားတာလေ။ အဲ့ဘက်မှာ လူတွေသာ ပိုများရင် ၊ ဒါမှမဟုတ် မင်းကို ကာကွယ်ပေးတဲ့ သက်တော်စောင့် အရေအတွက်က သူတို့ထက် နည်းနေရင် … ”

ဟောက်ချန်ဟွမ်းသည် စကားမဆုံးသေးခင်မှာပဲ မျက်နှာမည်းမှောင်သွား၏။

သူမကို စိုးရိမ်မှုကြောင့် သူ ဒေါသထွက်နေပြီမှန်း နားလည်တဲ့ စုယန်ယန်က သူ့ကို နှစ်သိမ့်ပေးဖို့ စကားတစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ စားပွဲပေါ်က ဖုန်းက ရုတ်တရက် အသံမြည်လာခဲ့သည်။

စုယန်ယန်က ဟောက်ချန်ဟွမ်းကို နှစ်သိမ့်ပေးသလို ကြည့်ပြီးမှ ဖုန်းကိုင်လိုက်သည်။

“ ပြောပါ။ ”

“ အောက်မှာ သူ့ကိုယ်သူ ဥက္ကဌစုရဲ့ ဦးလေးပါ ဆိုပြီး အခိုင်အမာ ပြောနေတဲ့ လူတစ်ယောက် ရောက်နေတယ် ဥက္ကဌစု။ သူက အပေါ်ထပ်ကို တက်ပြီး ဥက္ကဌစုကို လာရှာချင်နေတာ ၊ ဒါပေမဲ့ ကြိုတင်ချိန်းဆိုမှု လုပ်မထားဘူး။ ကြည့်ပါဦး … ”

ဧည့်ကြိုဝန်ထမ်းမလေးသည် စကားတောင် ဆုံးအောင် မပြောလိုက်ရဘဲ ဖုန်းလိုင်းတစ်ဖက်ကနေ ရင်းနှီးနေတဲ့ အသံကို စုယန်ယန် ကြားလိုက်ရသည်။ “ နင့်ကုမ္ပဏီရဲ့ ဧည့်ကြိုဝန်ထမ်းကြောင့် ငါ အောက်ထပ်မှာ ပိတ်မိနေတယ် ယန်ယန်။ နင် လူလွှတ်ပြီး ငါ့ကို အပေါ်ကို ခေါ်လာပေးလို့ ရမလား။ ”

စုယန်ယန် ဆွံ့အသွားရပါသည်။

++++++

All Chapters