← Chapters

အခန်း ၉၃၆

Vol. 63 Ch. 936

အခန်း ၉၃၆

Vol. 63 Ch. 936

936 01

အခန်း ( ၉၃၆ ) အမြင်အာရုံပြဿနာများ။

စုယန်ယန်သည် ကျန်းချန့်ယန် ဘယ်သူပါ ဆိုတာကို ကူညီ အတည်ပြုပေးလိုက်ပြီး ဧည့်ကြိုဝန်ထမ်းမလေးကို သူ့အား အပေါ်ထပ်ကို လိုက်ပို့ပေးဖို့ ပြောပြီးမှ ဖုန်းချလိုက်၏။ အဲ့ဒီနောက် သူမ ဟောက်ချန်ဟွမ်းကို ကြည့်လိုက်တော့ သူမကို မသိမသာ ကြည့်နေတဲ့ ဟောက်ချန်ဟွမ်းကို မြင်လိုက်ရသည်။

သူမရဲ့ ဦးလေးက အောက်ထပ်မှာ ပိတ်ဆို့ခံထားရပြီး အပေါ်ထပ်ကို တက်မလာနိုင်တာကို ဒီလူက ဘယ်လိုလုပ် တက်လာနိုင်တာလဲ။ မဟုတ်မှလွဲရော … ။

ကျန်းချန့်ယန်ကို အပေါ်ထပ်ကို အလျင်အမြန် တက်လာသည်။ လမ်းရှာမတွေ့မှာကို စိုးရိမ်နေတဲ့ သူ့ကို ဧည့်ကြိုဝန်ထမ်းမလေးက အပေါ်ဆုံးထပ်အထိ လိုက်ပို့ခဲ့ပြီး စုယန်ယန်ရဲ့ ရုံးခန်းရှိရာဘက်ကိုတောင် ညွှန်ပြပေးခဲ့သည်။ ဒါက သူမရဲ့ အမှားအတွက် ပြန်လည်ပြင်ဆင်တာလို့လည်း ပြောလို့ ရသည်။

ကျန်းချန့်ယန်သည် စုယန်ယန်ရဲ့ ရုံးခန်းထဲကို ရောက်သည်နှင့် ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။ “ နင့်ကုမ္ပဏီက ဧည့်ကြိုဝန်ထမ်းတွေက တော်တော် တာဝန်ကျေတာပဲ။ ငါ သူတို့ကို ဖြောင်းဖြဖို့ ကြိုးစားပေမဲ့ သူတို့က အရမ်း ခေါင်းမာတယ်။ ငါ့ကိုတောင် ဖမ်းဆီးဖို့ လုပ်နေသေးတယ်။ ”

စုယန်ယန်တစ်ယောက် အတွေးထဲမှာ ထိုမြင်ကွင်းအကြောင်း ပုံဖော်ကြည့်ရင်း ရယ်ချင်သွားကာ ကျန်းချန့်ယန်ကို ရှင်းပြလိုက်သည်။ “ မနက်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် သူတို့ လန့်နေကြတာပါ။ အဲ့ဒါကြောင့် ပုံမှန်ထက် ပိုသတိထားနေကြတာ။ ”

ထို့နောက် သူမ ဟောက်ချန်ဟွမ်းဘက်ကို လှည့်ပြီး စနောက်လိုက်သည်။ “ ကျွန်မတို့ကုမ္ပဏီက ဧည့်ကြိုဝန်ထမ်းတွေက အရမ်း တာဝန်ကျေတာပဲနော်။ သူတို့က ရှင့်ကိုကျတော့ ဝင်ခွင့်ပေးခဲ့တယ်။ ”

နောက်ဆုံးတော့ ကျန်းချန့်ယန်သည် ဧည့်ကြိုဝန်ထမ်းမလေးဟာ သူ့ကိုသာ ရပ်တန့်ခိုင်းပြီး ဟောက်ချန်ဟွမ်းကိုကျ ဝင်ခွင့်ပေးခဲ့တာကို သတိထားမိသွားလေသည်။

“ သူတို့က လူတွေကို အသက်အရွယ်အပေါ် မူတည်ပြီး ဆက်ဆံတာလို့တော့ မပြောနဲ့နော်။ ”

ဟောက်ချန်ဟွမ်းက သူ့ကို တစ်ချက် ကြည့်ပြီး ညှာတာမှုကင်းမဲ့စွာ ပြောလိုက်သည်။ “ ဒါမှမဟုတ် ရုပ်ရည်အပေါ် မူတည်ပြီး ဆက်ဆံတာလည်း ဖြစ်နိုင်တယ်။ ”

ကျန်းချန့်ယန် : “ … ” သူ့ရဲ့ ဒီသနားစရာမကောင်းတဲ့ တူလေးကို ဆက်သည်းမခံနိုင်တော့ဘူး … ။

စုယန်ယန်ကတော့ သူတို့ရဲ့ စကားဝိုင်းကို နားထောင်နေရင်းမှ ဖန်သားပြင်ကို တစ်ချက် ကြည့်လိုက်လျှင် ဝန်ထမ်း Group ထဲမှာ သူမနှင့် သူမရဲ့ ခင်ပွန်းကို ဂုဏ်သတင်း မြှင့်တင်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ ကောင်မလေးတွေကို မြင်လိုက်ရသည်။

စုယန်ယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ‘ သူက ဘော့စ်ရဲ့ ယောက်ျားဖြစ်နေလို့ သူ့ကိုပဲ ဝင်ခွင့်ပေးလိုက်တာ။ ’ ဆိုတဲ့ စကားကို နှလုံးသားထဲမှာ တိတ်တိတ်လေး မှတ်သားထားလိုက်သည်။

“ အဟမ်း … ” တူဖြစ်သူရဲ့ တည့်တိုးစကားကြောင့် အထိနာသွားတဲ့ ကျန်းချန့်ယန်က သူ့ကိုယ်သူ အဖတ်ဆယ်ဖို့ ကြိုးစားလိုက်သည်။ “ အဲ့အကြောင်း မပြောဘဲ နေရအောင်။ ယန်ယန် ဘာဖြစ်တာလဲ။ ချန်ဟွမ်းက ဖုန်းခေါ်တာနဲ့ ဘာမပြော ညာမပြော ပြေးထွက်သွားတာ။ သူ့ကို ကြည့်ရတာ အခြေအနေမဟန်တာနဲ့ ငါလည်း လိုက်ခဲ့တာပဲ။ ”

စုယန်ယန်က ကျန်းချန့်ယန်ရဲ့ စကားကို ကြားသည်နှင့် ဟောက်ချန်ဟွမ်းကို ဖျတ်ခနဲ လှမ်းကြည့်မိကာ ရှက်ရွံ့သလို ပြောလိုက်သည်။ “ ဒီနေ့မနက် ကျွန်မ ကုမ္ပဏီကို လာရင်း ကိစ္စလေး တစ်ခု ဖြစ်သွားတာပါ။ ”

သူမရဲ့ စကားတောင် မဆုံးလိုက်ဘဲ ဟောက်ချန်ဟွမ်းက သူမကို မကျေမနပ် စကားဖြတ်ပြောသည်။ “ ပြန်ပေးဆွဲခံရမလို ဖြစ်သွားတာလေ။ ဘာကို ကိစ္စလေးလဲ။ ”

“ ပြန်ပေးဆွဲခံရမလို ဖြစ်သွားတာ … ဟုတ်လား။ ဘယ်သူ လုပ်တာလဲ။ ”

936 02

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ချက်ချင်း ဆိုသလိုပဲ လူတစ်စုကို တန်းသတိရသွားသည်။

“ သို့ထျန်းယီပဲ … ဖြစ်လိမ့်မယ်။ ”

“ သို့ထျန်းယီ … ။ သို့မိသားစုက ဟိုကလေးလား။ ” ကျန်းချန့်ယန် မျက်မှောင်ကြုတ်သွားရသည်။ “ သူက မင်းကို ဘာလို့ ပြန်ပေးဆွဲတာလဲ။ ”

“ သူ့မှာ ရှားပါးသွေးရောဂါ တစ်မျိုး ရှိနေလို့ ကျွန်မကို ကုသပေးစေချင်နေတာလေ။ သူက အဲ့ဒါကို တိုက်ရိုက် မပြောဘဲ ကျွန်မတို့ရဲ့ ကုမ္ပဏီနဲ့ လက်တွဲ အလုပ်,လုပ်ချင်ပါတယ် ဆိုပြီး နာမည်တပ်တယ်။ ကျွန်မ သူ့ကို ငြင်းလိုက်ပေမဲ့ သူ့ဦးနှောက်မှာ ပြဿနာရှိနေတယ် ထင်တယ်။ သူက လူစကားကို နားမလည်ဘူး။ ”

ဒီကိစ္စမတိုင်ခင်အထိ စုယန်ယန်မှာ သို့ထျန်းယီအပေါ် သနားကရုဏာ အနည်းငယ် ရှိခဲ့တာပါ။ သို့သော်လည်း တစ်ဖက်လူရဲ့ ခြယ်လှယ်မှုအမျိုးမျိုးအောက်မှာ အနည်းငယ်မျှသော ကရုဏာစိတ်လေးတွေ အကုန်လုံး အငွေ့ပျံကာ ရွံရှာမှု အစိုင်အခဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ယောက်သော သူအပေါ် စုယန်ယန်ရဲ့ စိတ်ပျက်ရွံရှာမှုအကြောင်း ကြားလိုက်ရတဲ့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကလည်း အနည်းငယ် ကြည်လင်လာခဲ့သည်။ ဒါပေမဲ့ ဒီနေ့ အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း သူ့ဒေါသကို ဘယ်လိုမှ မထိန်းချုပ်နိုင်ပေ။

“ ကိုယ်ကတော့ သူ့ဦးနှောက်မှာ ပြဿနာရှိနေတယ်လို့ မထင်ဘူး ၊ သူ့အမြင်အာရုံမှာ ပြဿနာ‌ရှိနေတာပဲ ဖြစ်လိမ့်မယ်။ သူ မင်းကို ပြန်ပေးဆွဲဖို့ သူ့လူတွေကို ရဲရဲတင်းတင်း လွှတ်လိုက်တာ ဆိုတော့ သူ့မျက်လုံးထဲမှာ ကိုယ့်ကို လုံးဝ ထည့်မထားတဲ့ပုံပဲ။ ”

ဟောက်ချန်ဟွမ်း ဒေါသထွက်မှာကို စုယန်ယန် နားလည်သော်လည်း ဒေါသကြောင့် သူ့ခန္ဓာကိုယ် ထိခိုက်မှာကို စိုးရိမ်သောကြေင့် သူ့ကို လေသံပျော့လေးဖြင့် ‌နှစ်သိမ့်ချော့မော့‌လိုက်သည်။ “ ကဲပါ ကဲပါ ၊ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အဲ့ဒီ လူ့တိရစ္ဆာန်နဲ့ အဆင့်တန်းတူ ဖြစ်သွားအောင် မလုပ်ဘဲ နေရအောင်နော်။ ပြီးတော့ ကျွန်မလည်း ဘာမှ ဖြစ်မသွားဘူး မဟုတ်လား။ ကျွန်မကို ပြန်ပေးဆွဲဖို့ ရောက်လာတဲ့ လူရဲ့ နှာခေါင်းရိုးကျိုးသွားရုံတင် မဟုတ်ဘူး ၊ ကျွန်မ တက်နင်းတာလည်း ခံလိုက်ရသေးတယ်။ သူ အချိန်တစ်ခုထိ မလှုပ်ရှားနိုင်လောက်ဘူး။ ”

++++++

All Chapters