အခန်း ၉၃၈
Vol. 63 Ch. 938
938 01
အခန်း ( ၉၃၈ ) တစ်ဖက်သတ် ရိုက်နှက်မှု။
စုယန်ယန်ကလည်း ကျန်းချန့်ယန်ရဲ့ နောက်ခံကို သိတာမို့ ထိုအကြောင်းကို သိပ်မတွေးပေ။ ခဏလောက် စဉ်းစားကြည့်ပြီးတော့ သူမရဲ့ အမြင်မှာ အသန်မာဆုံး သိုင်းဆရာကြီးရဲ့ နာမည်ကို ပြောလိုက်သော်လည်း ကျန်းချန့်ယန်ကတော့ အမှန်တကယ်ပဲ သူ့ကို သိနေခဲ့သည်။
“ လတ်စသတ်တော့ သူကိုး။ ” ကျန်းချန့်ယန်က သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်ပြီး ဝမ်းသာပျော်ရွှင်သွားပုံရသည်။
ဟောက်ချန်ဟွမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ ဦးလေး သူ့ကို သိတာလား။ ”
“ ငါ သူနဲ့ သုံး ၊ လေးခါလောက် တွေ့ဖူးတယ်။ ” အစပိုင်း အံ့ဩမှုတွေ ပြီးဆုံးသွားသောအခါ ကျန်းချန့်ယန်သည် အများကြီး တည်ငြိမ်လာခဲ့သည်။ သူက စုယန်ယန်ကို ပိုလို့တောင် များပြားလာသော သိချင်စိတ်တွေဖြင့် ကြည့်လိုက်သည်။ “ ငါ အငြိမ်းစားယူလိုက်တော့ အထက်လူကြီးတွေက ငါ့အလုပ်တွေကို လွှဲပြောင်းယူဖို့ တော်တော်လေး သန်မာတဲ့ လူတစ်ယောက်ကို လွှတ်ပေးခဲ့တယ်။ ဖြစ်ချင်တော့ အဲ့လူက ယန်ယန့်ကို သိုင်းသင်ပေးခဲ့တဲ့ သိုင်းဆရာကြီးရဲ့ ညာလက်ရုံး ဖြစ်နေတာ။ သူက နယ်ပယ်ပေါင်းစုံမှာ အရမ်း ကျွမ်းကျင်တယ်။ သူ အသက်ပိုကြီးလာပြီး လူတွေရဲ့ လေးစားမှုကိုလည်း ပိုရလာရင် သိုင်းဆရာကြီးရဲ့ နေရာကို အစားထိုးပြီး ငါ့ဌာနရဲ့ ခေါင်းဆောင်အသစ် ဖြစ်လာခဲ့မယ်လို့တောင် ထင်ခဲ့တာ။ ကံမကောင်းစွာနဲ့ သူ မစ်ရှင်ကြီးတစ်ခုမှာ ထိခိုက်ဒဏ်ရာရသွားလို့ အဲ့ဒီမှာ ဆက်နေလို့ မရတော့ဘဲနဲ့ ထွက်သွားခဲ့ရတယ်တဲ့။ ”
ကျန်းချန့်ယန်ရဲ့ လေသံထဲက နောင်တတရားတွေက အစစ်အမှန် ဖြစ်သည်။ စုယန်ယန်ရဲ့ ဆရာရဲ့ အရည်အချင်းကို သူ အသိအမှတ်ပြုတယ် ဆိုတာ သိသာထင်ရှားသည်။
“ နင့်မိသားစုက သူ့ကို ရအောင် ရှာပြီး နင့်ကို သိုင်းသင်ပေးဖို့ အကူအညီတောင်းနိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ သူတို့ အများကြီး အားစိုက်ထုတ်ခဲ့ရမှာ သေချာတယ်။ ”
ထိုလူက အတွင်းကျကျ အသိုင်းအဝိုင်းထဲကနေ အငြိမ်းစားယူသွားပြီ ဆိုရင်တောင် သူ့ကို ကောင်မလေးတစ်ယောက်အား သိုင်းသင်ပေးအောင် နားချဖို့ ဆိုတာ သာမန်လူတွေ လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ပါ။
စုယန်ယန်က ပြုံးလိုက်သည်။ “ ဦးလေးရှန်းနဲ့ ကျွန်မရဲ့ ဦးလေးက အတူတူ ကြီးပြင်းလာခဲ့ကြတာလေ။ နောက်ပိုင်း ကျွန်မတို့မိသားစုမှာ ကိစ္စလေးတွေ ပေါ်လာလို့ တခြားမြို့ကို ပြောင်းရွေ့ခဲ့ရတယ်။ သူနဲ့ အဆက်အသွယ်သိပ်မရှိတော့ပေမဲ့ အဆက်ပြတ်သွားတာတော့ မဟုတ်ဘူး။ ဦးလေးရှန်း ပြန်ရောက်လာတော့ ကျွန်မရဲ့ ဦးလေးနဲ့ စီးပွားရေးလုပ်ငန်း အသေးစားလေးတစ်ခုကို စလုပ်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲ့အချိန်မှာ ကျွန်မရဲ့ မိသားစုကလည်း ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် သိုင်းသင်ပေးချင်နေတော့ သိုင်းဆရာကြီးတွေကို ခေါ်ထားတာ။ ဦးလေးက အဲ့သတင်းကို ကြားတာနဲ့ သူ့ကို ဆွဲခေါ်လာတာပဲ။ ”
ကျန်းချန့်ယန် ရယ်မောလိုက်သည်။ “ နင့်မိသားစုက ခေါ်ထားတဲ့ သိုင်းဆရာ သုံး ၊ လေးယောက်ကို နင့်ရဲ့ ဦးလေးရှန်းတစ်ယောက်တည်းနဲ့ နိုင်တယ်။ ”
“ ကျွန်မလည်း အဲ့လိုပဲ ထင်ပါတယ်။ ”
သူမရဲ့ မိသားစုက သူတို့ ရှာထားတဲ့ လူတွေဟာ ပရော်ဖက်ရှင်နယ် ဟုတ် ၊ မဟုတ် သိပ်မသိပါ။
ထိုကိစ္စနောက်ပိုင်းမှာ သူမရဲ့ မိသားစုက သူမကို အလွန် စိတ်ပူလာခဲ့သည်။ သိုင်းဆရာတွေ ချက်ချင်း ငှားရမ်းလိုက်တာကို ကြည့်ရုံနှင့်တင် သူတို့ သူမအပေါ် ဘယ်လောက် စိုးရိမ်နေလဲ ဆိုတာ သိနိုင်သည်။ ခက်တာက သူတို့ ငှားထားတဲ့ လူအများစုက အပေါ်ယံဟန်ပြပဲ ဖြစ်နေတာပါ။
သူတို့ထဲက နှစ်ယောက် ၊ သုံးယောက်မှာ နည်းနည်းပါးပါး အရည်အချင်းရှိနေနိုင်တဲ့ ဖြစ်နိုင်ချေကို ငြင်းဆန်လို့ မရတာကတော့ တစ်ပိုင်းပေါ့လေ။ ဒါပေမံ့ ဦးလေးရှန်းနှင့် ယှဉ်လိုက်လျှင် ထိုလူတွေက မိုးနှင့်မြေလို ကွာနေတာကိုတော့ ဘယ်သူမှ ငြင်းမရ။
“ သူ အခု ဘယ်လိုလဲ။ ”
“ တော်တော်လေး အဆင်ပြေပါတယ်။ ဦးလေးရှန်းရဲ့ မိသားစုနောက်ခံကလည်း ကောင်းတယ်လေ။ နောက်ပိုင်း သူ ကျွန်မရဲ့ အစ်ကိုနဲ့ လက်တွဲပြီး စီးပွားရေးလုပ်ငန်း အသေးစားလေးတွေ လုပ်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်တုန်းကတော့ အိမ်ထောင်ကျပြီး ကလေးတွေ မွေးထားတယ်။ အခု သူ့မိသားစုက တော်တော်လေး ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ”
“ ကြားရတာ ဝမ်းသာစရာပါပဲ။ ” ထိုဌာနထဲကို ဝင်ပြီးတဲ့ လူအများစုဟာ သူတို့ရဲ့ အသက်တွေကို ချောင်းကမ်းပါးပေါ်မှာ ရင်းထားရတာ ဖြစ်သည်။ သူတို့ အသက်ကြီးလာတဲ့ တစ်နေ့မှာ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို လူတိုင်း လိုချင်သည်။
ထိုလူတွေထဲမှာ ကျန်းချန့်ယန်လို အိမ်ထောင်မပြုဘဲ လူပျိုကြီးဘဝနှင့် နေတဲ့ လူတွေလည်း အများကြီး ရှိပါသည်။ အကြောင်းပြချက်ကတော့ အိမ်ထောင်ပြုလိုက်ရင် သူတို့ရဲ့ ရန်သူတွေက သူတို့လက်တွဲဖော်တွေ ၊ သားသမီးတွေကိုပါ ဆွဲထည့်ပြီး ထိခိုက်အောင် လုပ်မှာကို စိုးရိမ်တာကြောင့်လည်း ပါသည်။ အိမ်ထောင်ကျသွားရင် ဒီနယ်ပယ်ကို ဘယ်တော့မှ ပြန်မလာနိုင်မှာကို စိုးရိမ်တာလည်း ပါသည်။
938 02
စောစောစီးစီး အငြိမ်းစားယူ ၊ အိမ်ထောင်ပြု ၊ သားသမီးတွေ မွေးပြီး မိသားစုဘဝလေးကို စတင်တာက မကောင်းတဲ့ အရာတော့ မဟုတ်ပါ။
ဒါပေမဲ့ …
ကျန်းချန့်ယန်သည် ဟောက်ချန်ဟွမ်းကို ကရုဏာသက်သော အဓိပ္ပာယ်ဖော်ရခက်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
တုံးအလိုက်တဲ့ ငါ့တူ ၊ မင်းမိန်းမရဲ့ သိုင်းပညာက အရမ်း မြင့်မားလွန်းတယ်။ အနာဂတ်မှာ မင်းတို့နှစ်ယောက် ရန်ဖြစ်ရင် မင်းမိန်းမကို မင်း နိုင်မှာ မဟုတ်ဘူး။ မင်းပဲ အရိုက်ခံရလိမ့်မယ်။
ဦးလေးဖြစ်သူရဲ့ “ ကရုဏာသက်သော ” အကြည့်ကို လက်ခံရရှိလိုက်တဲ့ ဟောက်ချန်ဟွမ်းသည် သူ့ဦးလေးရဲ့ အတွေးတွေကို ချက်ချင်း ဆိုသလိုပဲ ဖောက်ထွင်းမြင်လိုက်ကာ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွှတ်သွား၏။
အိမ်မှာတောင် စုယန်ယန်ရဲ့ စကားကို နားထောင်နေရတဲ့ သူ့အတွက် သူမနှင့် ငြင်းခုံဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ရန်ဖြစ်ဖို့ဆို ဝေလာဝေး။
တကယ်လို့ ရန်ဖြစ်ရတဲ့နေ့ ရောက်လာခဲ့လျှင်တောင် သူက သူ့ဇနီးလေးနှင့် အပြိုင် ရန်ဖြစ်နိုင်မှာတဲ့လား … ။ တစ်ဖက်သတ် ရိုက်နှက်ခံရတဲ့ လူက သေချာပေါက် သူပဲ ဖြစ်လိမ့်မည်။ သူ့ဇနီးလေးရဲ့ သိုင်းပညာ မြင့်မားတာ ၊ မမြင့်မားတာနှင့် မဆိုင်။
+++++