အခန်း ၉၄၀
Vol. 63 Ch. 940
940 01
အခန်း ( ၉၄၀ ) မအောင်မြင်ဘူးတဲ့လား။
စုယန်ယန်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိထားမိတဲ့ ဟောက်ချန်ဟွမ်းက သူမကို “ ဘာဖြစ်လို့လဲ။ မင်းကို ကြည့်ရတာ အရမ်း ဖြူဖတ်ဖြူရော်နဲ့။ ” ဟု စိုးရိမ်ပူပန်စွာ မေးသည်။
“ ဘာမှ မဖြစ်ပါဘူး။ ” စုယန်ယန်က ခေါင်းခါယမ်းပြလိုက်သည်။ “ သူ ကျွန်မဆီကို ပြီးခဲ့တဲ့တစ်ခေါက် လာတုန်းက သူ ပြောခဲ့တဲ့ စကားကို ပြန်သတိရသွားလို့ပါ။ ”
ဟောက်ချန်ဟွမ်း ဘာမှတောင် မမေးနိုင်သေးခင်မှာပဲ ကျန်းချန့်ယန်က အရင် မေးသည်။ “ သူ ဘာပြောခဲ့တာလဲ။ ”
“ သူ့မှာ အသက်ဆက်ချင်တဲ့ စိတ်ပဲ ရှိပါတယ်လို့ ပြောတယ်။ အဲ့ဒီတုန်းက ကျွန်မ သူ့စကားကို သိပ်မတွေးခဲ့မိပေမဲ့ အခုတော့ သူ ပြောတဲ့ အဓိပ္ပာယ်ကို ကျွန်မ နားလည်သွားပြီ။ ”
“ ဒါဆို ကောလဟာတွေက အမှန်ပဲလား။ သူ့ကျန်းမာရေးက … တကယ် အဲ့လောက်ထိ အခြေအနေဆိုးနေတာလား။ ”
“ သူ အသက်သုံးဆယ်ထိ နေနိုင်ပါ့မလားတောင် ကျွန်မ မသေချာဘူး။ ကျွန်မ သူနဲ့ နှစ်ကြိမ် တွေ့ဖူးတယ်။ သူ့မျက်နှာက အရမ်း ဖြူရော်ပြီး အသက်ကိုတောင် မနည်း ရှူနေရတာ။ ကျွန်မအထင်တော့ သူ အကြာကြီး မခံလောက်တော့ ထင်တယ်။ သူ့အမေရဲ့ ဗိုက်ထဲမှာကတည်းက အာဟာရ မလုံလောက်လို့ မွေးရာပါရောဂါစွဲကပ်လာတဲ့ ပုံပဲ။ သူ အားပြန်ပြည့်နိုင်မှာ မဟုတ်ဘူး။ ”
ကျန်းချန့်ယန်သည် ထိုစကားကို ကြားသောအခါ သက်ပြင်းချလိုက်၏။ “ သူ မွေးကင်းစအရွယ်ကတည်းက ဒီကောလဟာလက ပြန့်နေတာ။ ဒါပေမဲ့ သူ မွေးပြီးတော့ သိပ်မကြာဘူး ၊ ကောလဟာလတွေ ပျောက်သွားတယ်။ သူ့အဖေက သူ့ကို ကာကွယ်ဖို့အတွက် အကုန်လုံးကို နှုတ်ပိတ်ခဲ့တာ ဖြစ်လောက်တယ်။ ဒါပေမဲ့ သူ့အဖေက ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ၊ သူ့သားအတွက် ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုတော့ ဝယ်မပေးနိုင်ဘူးလေ။ ”
“ မှန်ပေမဲ့ တခြားရှုထောင့်ကနေ ကြည့်ရင် သူ့မိသားစုမှာသာ ပိုက်ဆံမရှိရင် သူ့ကျန်းမာရေးအခြေအနေနဲ့ ဒီအချိန်ထိ အသက်ရှင်နိုင်လောက်မှာ မဟုတ်ဘူး။ ”
ကျန်းချန့်ယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စုယန်ယန်ရဲ့ စကားတွေက အကြောင်းအရင်းမဲ့ မဟုတ်တာကိုတော့ သူ ဝန်ခံရမည်။
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကတော့ မည်းမှောင်နေဆဲ ဖြစ်သည်။ သို့ထျန်းယီက သူ့ရောဂါကို ကုသချင်ရုံပဲဆို ကိစ္စမရှိပေမဲ့ သူ့အခြေအနေက သူ အသက်ရှင်နိုင်ဖို့အတွက် စုယန်ယန်ကို လိုအပ်နေတာ ထင်ရှားသည်။
ဒီကို မလာခင်တုန်းက ဟောက်ချန်ဟွမ်း သို့ထျန်းယီကို တိုက်ခိုက်နိုင်မယ့် မရေမတွက်နိုင်သော နည်းလမ်းတွေကို စဉ်းစားထားခဲ့သည်။
သူ သို့မိသားစုရဲ့ ကုမ္ပဏီကို ဖိနှိပ်ပြီး သူတို့ကုမ္ပဏီရဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို တစ်ခုပြီး တစ်ခု လုယူလို့ ရသည်။ သူတို့ရဲ့ ရန်ပုံငွေလမ်းကြောင်းကို နည်းလမ်းရှာပြီး ပိတ်ဆို့လို့ ရသည်။
သို့ထျန်းယီရဲ့ ကုမ္ပဏီကို သူ့လူတွေပင် လျှို့ဝှက်စေလွှတ်ပြီး ကုမ္ပဏီရဲ့ အထက်လူကြီးတွေနှင့် သို့ထျန်းယီကြား ပြဿနာတက်အောင် သွေးထိုးလို့ ရသည်။ သို့ထျန်းယီရဲ့ အာဏာကို သူ အတွင်းထဲကနေ ဖြည်းဖြည်းချင်း ဖြိုဖျက်ပစ်လို့ ရသည်။
ဒါပေမဲ့ အခုတော့ ‘ သို့ထျန်းယီ အဲ့ဒီအရာတွေကို တကယ်ဆရာ ဂရုစိုက်ရဲ့လား ’ ဟု သူ မအံ့ဩမိဘဲ မနေနိုင်တော့ပါ။ ဆရာဝန်ဆီမှာ သေနေ့ကို သတ်မှတ်ခံထားရတဲ့ ၊ အသက်ရှင်ဖို့ ( ၂ ) နှစ်လောက်သာ ကျန်တော့တဲ့ လူတစ်ယောက်က ကြီးကျယ်များပြားတဲ့ ပိုင်ဆိုင်မှုတွေကို အမှန်တကယ်ပဲ ဂရုစိုက်နိုင်ပါ့ဦးမလား … ။
ထွက်ပေါက်မဲ့ပြီး ဘယ်လို မျှော်လင့်ချက်ကိုမှ မမြင်နိုင်တော့တဲ့ လူတစ်ယောက်ဟာ ဘယ်လောက်တောင် ရူးသွပ်ပြီး ကြောက်စရာကောင်းနိုင်တယ် ဆိုတာကို ဟောက်ချန်ဟွမ်းထက် ဘယ်သူမှ ပိုမသိပါ။
မကြာသေးခင် အချိန်တုန်းကအထိ စကားအနည်းငယ် ပြောဖို့ ရောက်လာတဲ့ သူဟာ ဒီနေ့တော့ သူမကို လူသိရှင်ကြား ပြန်ပေးဆွဲနေခဲ့သည်။ နောက် ရက်ပိုင်းလောက်ဆို သူတို့အိမ်ကိုပါ ရောက်လာပြီး စုယန်ယန်ကို ပြန်ပေးဆွဲဖို့ လုပ်တော့မှာလား … ။
940 02
သူ့မိဘတွေကို သတ်ခဲ့တဲ့ ဝရမ်းပြေးတွေနှင့် ဟောက်ချီဟန်က လွဲလို့ တစ်စုံတစ်ယောက်အပေါ် ဟောက်ချန်ဟွမ်း ပြင်းပြင်းထန်ထန် လူသတ်ချင်စိတ်ဝင်မိတာ ဒါ ပထမဆုံးအကြိမ်ပါ။
စုယန်ယန်က တစ်ခုခုကို အာရုံမိသလိုမျိုး လှည့်ကြည့်လိုက်လျှင် သူမခင်ပွန်းရဲ့ မည်းမှောင်သော မျက်နှာကို မြင်သွားကာ သူ့အတွေးတွေကို အကြမ်းဖျင်း အကဲခတ်နိုင်သွားသည်။ ဒီတစ်ခေါက်တော့ သူမ သူ့ကို နှစ်သိမ့်မပေးတော့ဘဲ ဟောက်ချန်ဟွမ်းရဲ့ လက်ကို လှမ်းဆုပ်ကိုင်လိုက်ပါသည်။
ဟောက်ချန်ဟွမ်း စိုးရိမ်နေတဲ့ အရာကို သူမ နားလည်သည်။ သို့ထျန်းယီက အရူးတစ်ယောက် ဖြစ်သည်။ အရူးတစ်ယောက် ဘာလုပ်မလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါ။ သို့သော်လည်း ကိစ္စမရှိ။ သို့ထျန်းယီ ဘာလုပ်မလဲ ဆိုတာ သူမ မခန့်မှန်းနိုင်ပေမဲ့ ဒီလူ ဘာလုပ်မလဲ ဆိုတာကိုလည်း သူမ မခန့်မှန်းနိုင်တာတော့ မဟုတ်ပေ။
သူမထံ ရှားကျွင်းရှန့် ပို့ထားတဲ့ စာရွက်စာတမ်းတွေအကြောင်း သတိရသွားသောအခါ စုယန်ယန် ပြုံးလိုက်မိသည်။ သူမရဲ့ စိတ်ထဲမှာ ကနဦး အတွေးတစ်ခုကို အစကတည်းက တွေးထားပြီးသား ဖြစ်သည်။
အခြားတစ်ဖက်မှာတော့ မစ်ရှင်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့တဲ့ လူများသည် ကပ်ဘေးကို မလွဲမသွေ ရင်ဆိုင်ခဲ့ရလေသည်။
“ မအောင်မြင်ဘူးတဲ့လား။ ” သို့ထျန်းယီရဲ့ မျက်နှာက ဖြူရော်သွားပြီး စားပွဲကို သေးသွယ်သော လက်ဆစ်များဖြင့် တဒေါက်ဒေါက် ခေါက်နေခဲ့သည်။ ထိုအသံက လွဲလို့ အခန်းထဲမှာ ဘာအသံမှ မရှိသော်လည်း အခန်းထဲက လူတိုင်းကတော့ ကြောက်ရွံ့နေခဲ့ကြသည်။
++++