အခန်း ၉၄၁
Vol. 63 Ch. 941
941 01
အခန်း ( ၉၄၁ ) ခွဲခြားဆက်ဆံတဲ့ ဘော့စ်။
မကြာသေးမီ အချိန်တုန်းက စုယန်ယန်ရှေ့မှာ အလွန် ကြမ်းတမ်းသော လူဆိုးလူမိုက်တစ်ယောက်သဖွယ် ပြုမူခဲ့သော ခေါင်းဆောင်သည် အခုတော့ လီယွဲ့ကို ကြောက်ရွံ့ထိတ်လန့်ကာ အကူအညီတောင်းနေသော ငှက်ကလေးတစ်ကောင်လို ကြည့်နေခဲ့သည်။
ထို့နောက် သူ သတ္တိစုစည်း၍ ပြောလိုက်သည်။ “ ကျွန်တော် တောင်းပန်ပါတယ် ဘော့စ်။ မိန်းကလေးစုကို ကာကွယ်ပေးတဲ့ သက်တော်စောင့်တွေက အတိုက်အခိုက် အရမ်း တော်တယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့တာတောင် သူတို့ကို နှောင့်နှေးအောင် လုပ်နိုင်ရုံပဲ ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ မိန်းကလေးစုကို အားနည်းတဲ့ ပျော့ပျော့ညံ့ညံ့ မိန်းကလေးတစ်ယောက် ဖြစ်လိမ့်မယ်လို့ပဲ ထင်ထားတာ။ ဒါပေမဲ့ … ”
သူ့စကားမဆုံးသေးခင်မှာပဲ သို့ထျန်းယီရဲ့ အလွန် စူးရှသော မျက်လုံးတွေက သူ့ကို ဟက်တက်ခွဲသွားပြီး သူ့ခန္ဓာကိုယ်ပင် ဆတ်ခနဲ တုန်တဲ့အထိ ကြောက်လန့်သွားကာ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
“ ငါက ရလဒ်ကိုပဲ သိချင်တာ။ ဆင်ခြေတွေကို နားမထောင်ချင်ဘူး။ ”
ခေါင်းဆောင်ရဲ့ ခေါင်းပေါ်ကနေ ချွေးစေးတွေ စီးကျလာပြီး “ ကျွန်တော် တောင်းပန်ပါတယ် ဘော့စ်။ ကျွန်တော်တို့ လွဲချော်သွားပါတယ်။ ” ဟူ၍ ရှက်ရွံ့တုန်လှုပ်စွာ ပြောလိုက်ရသည်။
အခန်းထဲက လေထုဟာ ချက်ချင်းပဲ အေးစက်သွားသည်။ ခေါင်းဆောင်ရဲ့ မျက်နှာက စာရွက်တစ်ရွက်လိုပင် ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ ဘယ်လို ကြောက်မက်ဖွယ်ရာ ဇာတ်သိမ်းမျိုးကို ရင်ဆိုင်ရမလဲ ဆိုတာ တွေးတောင် မတွေးရဲတော့။
သို့သော်လည်း လူတိုင်းကို အံ့ဩသွားစေတာကတော့ သို့ထျန်းယီဟာ သူတို့ရဲ့ စကားတွေကို နားထောင်အပြီးမှာ အကြာကြီး နှုတ်ဆိတ်နေခဲ့တာပဲ ဖြစ်သည်။ သူက “ နားလည်ပြီ။ အရင်ဆုံး မင်းတို့အားလုံး ပြန်လို့ ရပြီ။ ” ဟူ၍သာ ပြန်ပြောခဲ့သည်။
သူ … ဒီတိုင်း ခွင့်လွှတ်ပေးလိုက်တာလား … ။
ခေါင်းဆောင်သည် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘဲ သူ နားကြားမှားတာလားဟု တွေးမိတော့မလို ဖြစ်နေလေသည်။
လီယွဲ့ကတော့ ထွက်မသွားဘဲ အရူးတစ်ယောက်လို ရပ်နေတဲ့ ခေါင်းဆောင်ကို ကြည့်ကာ မျက်နှာမည်းမှောင်သွားသည်။ ကိုယ့်အတွက် ဘာက ကောင်းလဲ ၊ ဘာက မကောင်းဘူးလဲ ဆိုတာကိုတောင် နားမလည်တဲ့ လူမျိုးကို သူ့ဘဝမှာ တစ်ခါမှ မမြင်ဖူး။ သို့ထျန်းယီက သူ့ကို ထွက်သွားခိုင်းပေမဲ့ သူကတော့ ထွက်မသွားတဲ့အပြင် ဒီမှာ ကျန်ခဲ့ပြီး သူ့ကိုယ်သူရော ၊ တခြားသူတွေကိုရော ပြဿနာတက်အောင် လုပ်ဖို့ စီစဉ်နေသည်။
လီယွဲ့သည် ထိုလူ့ကို စိတ်ထဲကနေ တေးမှတ်လိုက်ပြီး စိတ်မရှည်သလို ချောင်းဟန့်ကာ သတိပေးလိုက်တော့မှ ထိုလူက အိပ်မက်ကနေ လန့်နိုးလာသည်။ ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ခံစားရပေမဲ့ တစ်ချိန်တည်းမှာပဲ မုန်တိုင်းမလာခင် ငြိမ်သက်နေတာလို့ ခံစားရသည်။ သူ့နှလုံးသားထဲမှာ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေသည်။
လီယွဲ့က သူ ထွက်သွားတာကို မြင်သောအခါ သူ ကြိုတင်ပြင်ဆင်ထားတဲ့ ဗီဒီယိုလေးကို ထုတ်ယူပြီး သို့ထျန်းယီလက်ထဲ ချက်ချင်း ထည့်ပေးလိုက်သည်။ “ ဒါက ဒီနေ့ မိန်းကလေးစုကို သူတို့ သွားရှာတဲ့ ဗီဒီယိုပါ ဘော့စ်။ ”
......
သို့ထျန်းယီက အဲ့ဒါကို ယူလိုက်ပေမဲ့ တန်းမကြည့်ဘဲ “ သူတို့ သူမကို တိုက်ခိုက်သေးလား။ ” ဟု မေးလိုက်သည်။
လီယွဲ့ ဆွံ့အသွား၏။ သူ့စိတ်ထဲကနေ သက်တော်စောင့်တွေအတွက် ခါးသီးတဲ့ မျက်ရည်တွေကို ပွတ်သုတ်လိုက်သည်။ သို့ထျန်းယီက သူမကို ခေါ်ရုံပဲ ခေါ်လာပြီး ထိခိုက်အောင် မလုပ်ဖို့ အမိန့်ပေးထားတာပင်။ ဘော့စ်ရဲ့ စကားကြောင့် လက်အောက်ငယ်သားများသည် နံရံကို ကုတ်ခြစ်ချင်လောက်အောင် ခါးသီးသွားကြသည်။
“ တိတိကျကျ ပြောရရင် မိန်းကလေးစုကပဲ သူတို့ကို တိုက်ခိုက်ခဲ့တာပါ။ ”
“ အိုး … ” သို့ထျန်းယီသည် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူ့စိတ်ထဲကို စူးစမ်းချင်စိတ် အနည်းငယ် ဝင်ရောက်လာခဲ့သည်။ စုယန်ယန်က သူတို့ကို တိုက်ခိုက်တယ်တဲ့လား … ။ ကုတ်ခြစ်ပြီး ကိုက်ဆွဲတာမျိုးလား … ။
အဲ့ဒီလို ထင်တာက သို့ထျန်းယီအမှားတော့လည်း မဟုတ်ပါ။ ဟောက်အိမ်တော်မှာ အချိန်တစ်ခုကြာ နေထိုင်လာခဲ့တဲ့ ကျန်းချန့်ယန်ပင်လျှင် စုယန်ယန်မှာ ထိုအရည်အချင်းမျိုး ရှိနေလိမ့်မည်ဟု မထင်ခဲ့ပါ။ စုယန်ယန်နှင့် အကြိမ်အနည်းငယ်သာ တွေ့ဖူးတဲ့ သို့ထျန်းယီ ဆိုလျှင် ပိုဆိုးသည်။
ရလဒ်ကတော့ သို့ထျန်းယီရဲ့ စိတ်ကူးမှန်းဆနိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။
941 02
ဗီဒီယိုထဲမှာ ဖျတ်လတ်စွာ လှုပ်ရှားပြီး သိုင်းကွက်အနည်းငယ်နှင့် အမျိုးသားတစ်ယောက်ကို အမှောက်သိပ်လိုက်သူကို ကြည့်ကာ သို့ထျန်းယီရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်လာမိသည်။ “ သူ့ကို ဒီလောက် အတိုက်အခိုက်တော်လိမ့်မယ်လို့ ထင်မထားဘူး။ ”
သို့ထျန်းယီသည် ထိုစကားကို ပြောချိန်မှာ သူ့အသံထဲမှာ ရတနာတစ်ပါးကို ရှာတွေ့သွားသလိုမျိုး အံ့ဩမှုတွေ ၊ အထင်ကြီး လေးစားမှုတွေပါ ပျော်ဝင်နေ၏။
လီယွဲ့က ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံခဲ့ရတဲ့ အမျိုးသားကို ဖျတ်ခနဲ လှမ်းကြည့်ရင် စိတ်ထဲကနေ သူ့အတွက် ဖယောင်းတိုင်တစ်ချောင်း ထွန်းပေးလိုက်သည်။
ဘော့စ်ရဲ့ ခွဲခြားဆက်ဆံတဲ့ စံချိန်စံနှုန်းတွေက အရမ်း ပြင်းထန်လွန်းကာ သူငယ်ချင်းလား ၊ ရန်သူလား ဆိုတာကိုတောင် ခွဲခြားမနေတော့ပါ။ ကံကြမ္မာကို ဒီတိုင်း လက်ခံလိုက်ဖို့သာ ရှိသည်။
ဗီဒီယိုကို ကြည့်ပြီးချိန်မှာ သို့ထျန်းယီ တော်တော်လေး စိတ်ကြည်သွားတာ သိသာသည်။ သို့သော်လည်း သူ ပြောလိုက်တဲ့ စကားတွေကတော့ အခန်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေသည်။
“ အပြင်က လူတွေကို ရှင်းပစ်လိုက်။ ”
လီယွဲ့ရဲ့ နှလုံးသားထဲမှာ တုန်လှုပ်သွားသည်။ “ ဘော့စ် … ” အသေအချာပဲ မုန်တိုင်းမလာခင် တည်ငြိမ်နေခဲ့တာပါ။ သူတို့ မလွတ်မြောက်နိုင်တော့ဘူးလား … ။
“ အစအနမကျန်အောင် ရှင်းပစ်လိုက်။ ” သို့ထျန်းယီက အတွေးတစ်ခုကို တွေးမိသလို စကားရပ်သွားပြီးမှ ဆက်ပြောသည်။ “ ငါ သူတို့ကို ထပ်မမြင်ချင်ဘူး။ ”
+++++