အခန်း ၉၄၄
Vol. 63 Ch. 944
944 01
အခန်း ( ၉၄၄ ) အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။
မူရင်းဝတ္ထုထဲကလိုပဲ တင်းကြွယ်စစ်က ဝမ်ကျင့်ဖျင်အပေါ် အမှန်တကယ်ပဲ သူ့စိတ်ထဲက သဘောကျနေမိတာပါ။ အထူးသဖြင့် ဝမ်ကျင့်ဖျင်က မူရင်းဝတ္ထုထဲမှာလို ဟောက်ရှောက်ဖုန်းနှင့် တွဲမနေဘဲ လူလွတ်ဖြစ်နေတဲ့အခါ ဒီကိစ္စက မထူးဆန်းပေ။
ဝမ်ကျင့်ဖျင် လူလွတ်ဖြစ်နေတဲ့ အချက်က တင်းကြွယ်စစ်အား “ အချစ်စစ် ” နောက်ကို လိုက်ဖို့ အကြောင်းပြချက်ကောင်းတစ်ခု ရစေပြီး ဝမ်ကျင့်ဖျင်အပေါ် သူ့ဆက်ဆံပုံကလည်း မူရင်းဝတ္ထုထဲကထက်တောင် အများကြီး ပိုနွေးထွေးနေခဲ့သည်။
ဒါပေမဲ့ ဝမ်ကျင့်ဖျင်ကတော့ တင်းကြွယ်စစ်ကို အစကတည်းက အသုံးချချင်ရုံသက်သက်သာ ရည်ရွယ်ခဲ့တာ ဖြစ်သည်။ သူမက သူနဲ့ အစစ်အမှန် ဆက်ဆံရေးတစ်ခုကို ဘယ်လိုလုပ် ထူထောင်နိုင်မှာလဲ … ။
တင်းကြွယ်စစ်က သူမကို အရိပ်အမြွက်ပေးတဲ့အခါတိုင်း ဝမ်ကျင့်ဖျင်သည် အစွမ်းကုန် ကြိုးစား၍ ငြင်းဆန်လေ့ရှိသော်လည်း တင်းကြွယ်စစ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုတော့ မထိုက်စေဘဲ ကြိုးရှည်ရှည်နှင့် လှန်ထားခဲ့သည်။
တင်းကြွယ်စစ်ကတော့ ဝမ်ကျင့်ဖျင်ဟာ လူတွေ အထင်အမြင်မှားတာမျိုး မဖြစ်စေချင်တာကြောင့်ရော ၊ သူက အိမ်ထောင်သည်အမျိုးသားတစ်ယောက် ဖြစ်နေတာကြောင့်ရော သူနှင့် ခပ်ခွာခွာ နေ,နေတာလို့ အထင်မှားခဲ့လေသည်။
တင်းကြွယ်စစ်ကို တွန်းထုတ်နိုင်ခဲ့တဲ့အပြင် သူ့အား သူမကို အရူးအမူး ချစ်အောင် လုပ်နိုင်ခဲ့တာမို့ ဝမ်ကျင့်ဖျင်ရဲ့ အရံအစီအစဉ်က အလွန် အောင်မြင်သွားသည်ဟု ပြောလို့ ရသည်။
နင့်နင့်သည်းသည်း ငိုကြွေးနေတဲ့ ဝမ်ကျင့်ဖျင်ကို ကြည့်ကာ တင်းကြွယ်စစ်ရဲ့ နှလုံးသား အရည်ပျော်ကျသွားသည်။ ဖြစ်နိုင်ရင် အခုချက်ချင်း သူမကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားပြီး နှစ်သိမ့်ပေးချင်မိသည်။ သူ့စိတ်ထဲမှာ ရဲဝံ့သော အတွေးတွေလည်း ပေါ်ပေါက်လာခဲ့သည်။
“ စိတ်မပူနဲ့။ အစ်ကိုတစ်ယောက်လုံး ဒီမှာ ရှိတယ်။ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ ”
“ ဟုတ်။ ညီမ အစ်ကိုတင်းကို ယုံပါတယ်။ ”
ဝမ်ကျင့်ဖျင်ရဲ့ နီရဲသော မျက်လုံးလေးများဖြင့် သူ့ကို ကြည့်နေပုံက တင်းကြွယ်စစ်အား သူမကို ကာကွယ်ပေးချင်စိတ်တွေ ပိုလို့တောင် တိုးလာစေခဲ့သည်။ သူ သူမကို စကားတစ်ခုခု ပြောပြီး နှစ်သိမ့်ပေးဖို့ ပြင်နေစဉ်မှာပဲ ရုတ်တရက် ဖုန်းသံမြည်လာသည်။
တင်းကြွယ်စစ်သည် ဖန်သားပြင်ပေါ်က နာမည်ကို ကြည့်ကာ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဝမ်ကျင့်ဖျင်ကို အားတုံ့အားနာ ပြောလိုက်သည်။ “ စိတ်ချနော်။ အစ်ကို ဒီကိစ္စကို ကုမ္ပဏီနဲ့ ဖြေရှင်းလိုက်မယ်။ ထုတ်လုပ်ရေးအဖွဲ့မှာပဲ နေပြီး ဘယ်မှ လျှောက်မသွားနဲ့။ အခု အစ်ကို့မှာ လုပ်စရာ ကိစ္စလေးတွေ ရှိလို့ ခဏ သွားလိုက်ဦးမယ်။ ပြီးတာနဲ့ ညီမလေးဆီကို လာခဲ့မယ်။ ”
“ ဟုတ်။ ”
......
ဝမ်ကျင့်ဖျင်က အလောတကြီး ထွက်သွားတဲ့ တင်းကြွယ်စစ်ကို ကြည့်ကာ လှောင်ပြောင်သရော်သော အမူအရာဖြင့် သူမရဲ့ မျက်ရည်တွေကို ပွတ်သုတ်ပစ်လိုက်သည်။ “ သူ့မိန်းမ ဖုန်းဆက်တာလား။ ”
ရုတ်တရက် ဆိုသလိုပဲ မရင်းနှီးတဲ့ စက်ရုပ်အသံလေး ထွက်ပေါ်လာသည်။
[ ဟုတ်ပါတယ်။ ]
“ သူ့ကို ဒီအချိန်ကြီး ဖုန်းဆက်ခေါ်တာ အင်တာနက်ပေါ်က သတင်းတွေကြောင့်ပဲ ဖြစ်လိမ့်မယ်။ ” ဝမ်ကျင့်ဖျင်က ခေါင်းစဉ်ပြောင်းပြီး အေးစက်စွာ ပြောလိုက်သည်။ “ ဒီသတင်းကို ဘယ်သူ ဖြန့်လိုက်တာလဲ ဆိုတာ နင် သိလား။ ”
[ နောက်ကွယ်က လူကို သိနိုင်ဖို့အတွက် အမှတ်တွေ အများကြီး သုံးဖို့ လိုတယ်။ Host ရဲ့ လက်ရှိအမှတ်တွေက ဒီလုပ်ဆောင်မှုကို အသက်သွင်းဖို့ မလုံလောက်ပါဘူး။ ကျေးဇူးပြုပြီး မစ်ရှင်ကို အမြန်ဆုံး ပြီးဆုံးအောင် လုပ်ပြီး အမှတ်တွေကို စုဆောင်းပါ။ ]
944 02
ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာက မှောင်မည်းသွားသည်။ ဒေါသထွက်လွန်းလို့ စနစ် ဆိုတဲ့ဟာကို သူမရဲ့ စိတ်ထဲက ဆွဲထုတ်ပြီး နာနာလေး ရိုက်နှက်ပစ်ချင်မိတဲ့အထိပဲ။ ကမ္ဘာ့အရင်းအမြစ်လို့ ခေါ်တဲ့ ဒီစနစ်ဟာ သို့မိသားစုအိမ်တော်ကနေ သူမကို လီယွဲ့ မောင်းထုတ်လိုက်ချိန်မှာ ရုတ်တရက် ရောက်လာခဲ့တာ ဖြစ်သည်။ ထိုအချိန်မှာ ဝမ်ကျင့်ဖျင်ဟာ ထိတ်လန့်သွားတာထက် အားရကျေနပ်တဲ့ ခံစားချက်က ပိုများခဲ့သည်။
စနစ် ပြောတဲ့ မရေမတွက်နိုင်တဲ့ စကားတွေကို နားထောင်ပြီး စနစ်ဆီမှာ ရွေးချယ်ခံရတဲ့ လူတွေဟာ ကောင်းကင်ဘုံက ရွေးချယ်တာခံရတဲ့ လူတွေလိုပဲ ဆိုတာ သူမ နားလည်သွားသည်။
ထင်ထားတဲ့အတိုင်းပဲ သူမ သာမန်လူတစ်ယောက် ဖြစ်သွားမှာ စိုးလို့ ကောင်းကင်ဘုံက သူမကို ကူးပြောင်းခွင့်မပေးခဲ့တာပင်။
ဝမ်ကျင့်ဖျင်သည် စနစ်ရဲ့ တည်ရှိမှုကို အလျင်အမြန် လက်ခံပြီး စနစ်ကို အသုံးချကာ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားခဲ့သည်။
သို့သော် ကိစ္စတွေက ဝမ်ကျင့်ဖျင် စိတ်ကူးယဉ်ထားသလောက် မချောမွေ့ပါ။ စနစ် ပေးတဲ့ ကံကောင်းမှုတွေနှင့် လဲလှယ်ဖို့အတွက် မစ်ရှင်တွေကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး အမှတ်စုဆောင်းဖို့ လိုသည်။ ဝမ်ကျင့်ဖျင်ရဲ့ ဂုဏ်သတင်းက အတိုင်းအတာတစ်ခုထိ ပျက်စီးနေတာမို့ သူမကို စနစ် ပေးအပ်ထားတဲ့ မစ်ရှင်တွေကို ဆောင်ရွက်ရာမှာ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ရသည်။
ဝမ်ကျင့်ဖျင်သည် ကြိုးကြိုးစားစားနှင့် အမှတ်အနည်းငယ်ရအောင် စုဆောင်းခဲ့ပြီး ထိုအမှတ်တွေကို အသုံးပြုကာ သူမရဲ့ ညို့ဓာတ်ကို တိုးမြှင့်ခဲ့သည်။ အနည်းဆုံးတော့ အသက်ကယ် ကောက်ရိုးမျှင် ဖြစ်တဲ့ တင်းကြွယ်စစ်ကို ဖမ်းဆုပ်နိုင်ပြီး ဦးမော့ဖို့ အချိန်တစ်ခုရခဲ့တာပါပဲ။
ဒါပေမဲ့ ဝမ်ကျင့်ဖျင်ကတော့ ဒီလောက်နှင့် လုံးဝ မကျေနပ်ပါ။
[ ဖြစ်နိုင်ချေအရ နံပါတ်တစ် အမျိုးသားအရံဇာတ်ကောင်ဟာ သူ့ဇနီးဆီကို ပြန်သွားပြီးတဲ့နောက် သူမနဲ့ ကွာရှင်းဖို့ များတယ်လို့ ပြသနေပါတယ်။ ]
ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာက အနည်းငယ် မှောင်မည်းသွားပြီး လှောင်ပြုံး ပြုံးလိုက်သည်။ “ သူ သူ့မိန်းမနဲ့ ကွာရှင်းလိုက်တော့ရော ဘာထူးမှာလဲ။ အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ”
++++