အခန်း ၉၄၆
Vol. 64 Ch. 946
946 01
အခန်း ( ၉၄၆ ) အပြန်အလှန် မနှစ်မြို့ခြင်း။
သို့သော်လည်း သူမမှာ ဘာအရည်အချင်းတွေ ရှိလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိပါ။ စနစ်ပင်လျှင် သူမရဲ့ ဦးခေါင်းခွံကို ဖွင့်ပြီး အထဲမှာ ဘာရှိလဲ ဆိုတာ ကြည့်ချင်မိသည်။
[ ပြီးတော့ မင်းရဲ့ ယခင်ရွေးချယ်မှုအရ ကမ္ဘာ့အမျိုးသားဇာတ်လိုက်က သို့ထျန်းယီအဖြစ် ပြောင်းလဲသွားပြီ ဆိုတာ ငါ မင်းကို သတိပေးချင်တယ်။ မင်း ယင်ကျစ်ဟုန်ကို အရယူနိုင်ခဲ့တယ် ဆိုရင်တောင် သူ့ကို အရံလူအနေနဲ့ပဲ ထားလို့ ရမယ်။ အဓိကပစ်မှတ်က သို့ထျန်းယီ ဖြစ်နေတုန်းပဲ။ မင်း နားလည်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ]
စနစ် ထိုစကားကို မပြောခဲ့လျှင် ကောင်းမည်။ သူ့စကားကြောင့် ဝမ်ကျင့်ဖျင်သည် ချက်ချင်းပဲ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။
“ သို့ထျန်းယီ ... ဟုတ်လား။ ငါ အရင်တုန်းက ပြောပြီးပြီ မဟုတ်ဘူးလား။ ငါ အဲ့ကိစ္စတွေကို မသိဘူး။ ဘာကို ကမ္ဘာ့အမျိုးသားဇာတ်လိုက်ကို အစားထိုးတာလဲ ၊ ဘာကို အမျိုးသားဇာတ်လိုက် … ဘာကို အရံဇာတ်ကောင်လဲ။ ဘယ်သူကမှ ငါ့ကို အဲ့အကြောင်း သတိမပေးဘဲ အဲ့လို စီစဉ်ခဲ့တာ။ အဲ့ဒါကို နင်က ငါ့ကို ငါ့ရွေးချယ်မှုလို့ လာပြောနေတာလား။ ငါ့မှာ တစ်ခါမှ ရွေးချယ်မှု မရှိခဲ့ဘူး။ ပြီးတော့ သို့ထျန်းယီက ငါ့ကို သဘောကျတယ်လို့ နင် ထင်နေတာလား။ သူ့လို လူက အမျိုးသားဇာတ်လိုက် ဖြစ်နေတာထက် တင်းကြွယ်စစ်လို အဘိုးကြီးက အမျိုးသားဇာတ်လိုက်ဖြစ်နေတာကမှ ပိုကောင်းဦးမယ်။ ”
စနစ် ပထမအကြိမ် ပေါ်ပေါက်လာတုန်းက ဝမ်ကျင့်ဖျင်ကို ကမ္ဘာ့အမျိုးသားဇာတ်လိုက်အကြောင်း ပြောပြဖူးသည်။
ဝမ်ကျင့်ဖျင်သည် မူလ ကမ္ဘာ့အမျိုးသားဇာတ်လိုက်က ဟောက်ရှောက်ဖုန်း ဖြစ်ခဲ့ပေမဲ့ သူမက နောက်ပိုင်းမှာ ဟောက်ရှောက်ဖုန်းကို စွန့်ပစ်ပြီး သို့ထျန်းယီထံ ဘက်ပြောင်းကာ သူ့ဆီက ကာကွယ်ပေးမှုကို တောင်းခံခဲ့တာကြောင့် ကမ္ဘာ့အမျိုးသားဇာတ်လိုက် ပြောင်းလဲသွားတယ် ဆိုတာကို သိလိုက်ရချိန်မှာ အကြီးအကျယ် စိတ်ပျက်သွားခဲ့သည်။
သူမရဲ့ အကွက်ရွေ့မှားခြင်းက သူမကို ဒီလို ရှက်စရာကောင်းတဲ့ အခြေအနေကို ရောက်စေမယ်မှန်းသာ သိခဲ့ရင် ဝမ်ကျင့်ဖျင်တစ်ယောက် ဟောက်ရှောက်ဖုန်းကို ပစ်ပစ်ခါခါ ပစ်ထားခဲ့မှာ မဟုတ်သလို မီးဖိုတစ်ခုပေါ်ကနေ နောက်မီးဖိုတစ်ခုပေါ်ကိုလည်း ခုန်ကူးမှာ မဟုတ်ပေ။
အဆိုးဆုံးကတော့ သူမက အမျိုးသားဇာတ်လိုက်ကို တစ်ကြိမ်သာ ပြောင်းလဲနိုင်တာ ဖြစ်ပြီး ထိုအခွင့်အရေးကို သုံးလိုက်ပြီမို့ သူမရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာ သို့ထျန်းယီနှင့် မခွဲမခွာ အတူရှိနေဖို့ ကံကြမ္မာသတ်မှတ်ပြီးသား ဖြစ်သွားသည်။ မဟုတ်ရင် ဒီကမ္ဘာကြီးရဲ့ ကံကြမ္မာကို သူမ ဘယ်တော့မှ ဖမ်းဆုပ်နိုင်မှာ မဟုတ်။
ထိုအမျိုးသားရဲ့ တင်းမာမှုနှင့် သို့အိမ်တော်နားမှာ လီယွဲ့ အရှက်ခွဲတာ ခံခဲ့ရတဲ့ မြင်ကွင်းအကြောင်း ပြန်တွေးမိလျှင် ဝမ်ကျင့်ဖျင်သည် သွက်သွက်ခါသွားကာ ဂယောင်ခြောက်ခြားပြောလိုက်မိသည်။ “ မရဘူး။ နင် ငါ့ကို ကူညီပြီး ပြောင်းလဲပေးရမယ်။ အမျိုးသားဇာတ်လိုက်ကို ယင်ကျစ်ဟုန် ဖြစ်အောင် ပြန်ပြောင်းပေး။ ဟုတ်တယ် ၊ သူ့ကိုပဲ ပြောင်းပေး။ ငါက ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်မို့လို့ ဒီကမ္ဘာရဲ့ ကံကြမ္မာကို ရထားတယ်လို့ နင်ပဲ ပြောထားတာလေ။ ငါ ပြောတဲ့ စကားက တစ်သွေးတစ်သံတစ်မိန့်ပဲ။ နင် ငါ့အတွက် ပြောင်းပေးရမယ်။ အခုချက်ချင်း ပြောင်းပေး။ ”
[ ဒီကမ္ဘာရဲ့ သဘောတရားကိုက အဲ့လို ဖြစ်နေတာမို့လို့ စနစ်က ပြောင်းလဲလို့ မရပါဘူး။ ကျေးဇူးပြုပြီး စနစ်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ Host ။ ]
စနစ်ရဲ့ တုံ့ပြန်စကားထဲမှာ သည်းမခံနိုင်တော့တဲ့ အရိပ်အယောင်တွေ ယှက်သန်းနေ၏။ မှန်းဆထားတဲ့ အချိန်ထက် နည်းနည်းလေး နောက်ကျပြီးမှ ရောက်လာတာက သူ့ဘဝရဲ့ အကြီးမားဆုံး အမှား ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ရူးမိုက်တဲ့ ဒီကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ဟာ အမျိုးသားဇာတ်လိုက်နှင့် လမ်းခွဲပြတ်စဲပြီး ကမ္ဘာ့ကာကွယ်ရေးစက်ယန္တရားကို အသက်သွင်းကာ အမျိုးသားဇာတ်လိုက်ကို အလိုအလျောက် ပြောင်းလဲစေခဲ့သည်။
သူ့အမြင်မှာ ထိုအဖြစ်အပျက်က လုံးဝကို ဝမ်ကျင့်ဖျင်ရဲ့ ပယောဂသက်သက်ပါပဲ။
“ အခက်တွေ့အောင် မလုပ်နဲ့ … ဟုတ်လား။ နင်က အဲ့လို ကိစ္စလေးကိုတောင် မလုပ်နိုင်ဘဲနဲ့ နင့်ကို အခက်တွေ့အောင် မလုပ်ဖို့ လာပြောနေတာလား။ ” ဝမ်ကျင့်ဖျင်သည် အနည်းငယ် စိတ်ရူးပေါက်လာမိသည်။ “ ဟိုဟာလည်း မရဘူး ၊ ဒီဟာလည်း မရဘူး။ နင်က ဘယ်နေရာမှာ အသုံးကျလဲ။ နင် ရောက်လာတုန်းက ငါ့ပြဿနာတွေ ၊ ငါ့အခက်အခဲတွေ အကုန်လုံးကို ကူညီဖြေရှင်းပေးမယ် ၊ ငါ့ကို လူတိုင်း သဘောကျအောင် လုပ်ပေးမယ် ၊ ငါ့ကို ဆန့်ကျင်တဲ့ လူတွေအကုန်လုံး ပေးဆပ်ရအောင် လုပ်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒါပေမဲ့ တကယ်တမ်းကျတော့ နင်က ဘာမှ လုပ်မပေးနိုင်ဘူး။ နင့်လောက် အသုံးမကျတဲ့ စနစ်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ”
ဝမ်ကျင့်ဖျင်ရဲ့ စကားတွေက စနစ်ကို ရှူးရှူးရှားရှားဖြစ်သွားစေခဲ့သည်။ အဆင့်အမြင့်ဆုံးစနစ် ဖြစ်တဲ့အလျောက် သူ လုပ်နိုင်တဲ့ အရာတွေဟာ ဒီစာရွက်ကမ္ဘာကြီးရဲ့ စိတ်ကူးယဉ်နိုင်စွမ်းထက် သေချာပေါက် ကျော်လွန်သည်။
946 02
သူက ဦးနှောက်မရှိတဲ့ အတုအယောင် Host ရဲ့ စနစ်လာဖြစ်နေလို့ မျှော်လင့်ချက်မဲ့နေတာပါ။ သူမက မစ်ရှင်တွေကို ကောင်းကောင်း မလုပ်ဘဲ ကိုယ့်ဒုက္ခကိုယ်ရှာနေတာ ဖြစ်သည်။
သူ တာဝန်ကျပြီးကတည်းက အခက်အခဲမျိုးစုံ ၊ ဒုက္ခသုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ရသော်လည်း တစ်ယောက်သော သူမှာတော့ စနစ်ပစ္စည်းတွေနှင့် လဲလှယ်ဖို့အတွက်တောင် အမှတ် လုံလုံလောက်လောက် မရှိပေ။ ဘာမှ မကူညီပေးနိုင်တာက သူ့အပြစ် မဟုတ်တာကို သူမက သူ့ကို ရဲတင်းစွာ အပြစ်တင်နေသည်။
သူ့လို ဘာခံစားချက်မှ မခံစားတတ်တဲ့ AI လေးအတွက် လူသားတစ်ယောက်လို အကြီးအကျယ် ဒေါသထွက်တာ ရှားသည်။
++++