အခန်း ၁၃၁-၁၃၂ (ဇာတ်သိမ်း)
Vol. 13 Ch. 131-132
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၃၁
မတ်လသို့ ရောက်သောအခါ ပေကျင်းရှိ တက္ကသိုလ်များ တဖြည်းဖြည်း ပြန်လည်ကျောင်းဖွင့်ကြတော့သည်။
ထျဲလန်ယန်သည်လည်း သတ်မှတ်ထားသည့်အတိုင်း ကျောင်းအပ်နှံရန် ထွက်ခွာခဲ့သည်။
စုန့်ပိုင်ယွမ်သည် မနက်အစောကြီး ထကာ သူ၏ ဂျစ်ကားကြီးဖြင့် သူမအား ကျောင်းသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။
သူသည် သပ်ရပ်ခံ့ညားသော စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပခုံးပေါ်မှ အစင်းနှစ်စင်းနှင့် ကြယ်သုံးပွင့်မှာ အလွန်ပင် လူအများ အာရုံစိုက်စရာ ဖြစ်နေခဲ့သည်။
ထျဲလန်ယန်ကမူ အပြာနုရောင် ဂါဝန်ရှည်လေးပေါ်တွင် ခရမ်းရောင် ချည်ထိုးကာဒီဂန် ဂျာကင်လေးကို ထပ်ဝတ်ထားရာ သူမ၏ ဝတ်စားဆင်ယင်မှုမှာလည်း အလွန် လှပတင့်တယ်နေခဲ့သည်။
သူတို့နှစ်ဦး အတူတူရပ်နေပုံမှာ လိုက်ဖက်ညီလှသော စုံတွဲတစ်တွဲအလား ရှိနေသဖြင့် လမ်းသွားလမ်းလာများ၏ အကြည့်ကို ဖမ်းစားထားနိုင်ခဲ့သည်။
ကျောင်းဖွင့်ရက် ပထမဆုံးနေ့မှာတင် ထျဲလန်ယန်သည် ကျောင်းသားသစ်များကြားတွင် အပြောအများဆုံး မိန်းကလေး ဖြစ်လာခဲ့တော့သည်။
ဤသည်မှာ သူမတွင် ဗိုလ်မှူးကြီးအဆင့်ရှိသော ရည်းစားတစ်ဦး ရှိနေသောကြောင့်သာမက သူမ၏ အလွန်အမင်း လှပလွန်းသော ရုပ်ရည်ရူပကာကြောင့်လည်း ဖြစ်သည်။ သူမ၏အလှမှာ စူးရှတောက်ပလွန်းပြီး ကြည့်ရသည်မှာ အလွန်ပင် မျက်စိပသာဒ ဖြစ်လှသည်။
ထိုခေတ်အခါက ကျောင်းအလှပဂေး သို့မဟုတ် ကျောင်းနတ်သား ဟူသော နာမည်အခေါ်အဝေါ်များ မရှိသေးသော်လည်း နှစ်ခါပြောစရာမလိုလောက်အောင် ထျဲလန်ယန်သည် ထိုကျောင်း၏ နံပါတ်တစ် အလှဆုံး မိန်းကလေး ဖြစ်သည်။
နှမြောဖို့ကောင်းသည်မှာ သူမတွင် ပိုင်ရှင် ရှိနှင့်ပြီးသားဖြစ်နေခြင်း ဖြစ်သည်။ မဟုတ်ပါက သွေးဆူလွယ်သော ကျောင်းသားလူငယ်လေးများအားလုံး ရင်ခုန်သံမြန်ကာ ဝိုင်းဝန်းပိုးပန်းကြလိမ့်မည်။
ထျဲလန်ယန်သည် အလွန်ပင် အနေအထိုင် အေးဆေးသူလည်း ဖြစ်သည်။
သူမသည် ကျောင်းပြင်ပတွင် နေထိုင်ရန် လျှောက်ထားခဲ့ပြီး အိမ်နှင့် ကျောင်းကလည်း နီးသဖြင့် သွားရလာရသည်မှာ အလွန် အဆင်ပြေလှသည်။
အတန်းပြီးတိုင်း အိမ်သို့ တန်းပြန်လေ့ရှိသဖြင့် အခြားသူများနှင့် အဆက်အသွယ် အများကြီးမရှိဘဲ မလိုလားအပ်သော ပြဿနာများစွာကိုလည်း လျှော့ချနိုင်ခဲ့သည်။
ထျဲလန်ယန်သည် စာပေကို မြတ်နိုးသူဖြစ်သဖြင့် စာပေမေဂျာကို ရွေးချယ်တက်ရောက်ခဲ့သည်။
အတန်းတက်ရသည့် အချိန်ကလွဲလျှင် သူမသည် အားလပ်ချိန်များကို ဝတ္ထုရေးသားခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
"ကျေးလက်သို့ဆင်းသော ပညာတတ်လူငယ်များ" အကြောင်း ရေးသားထားသည့် ထိုဝတ္ထုကြီးမှာ မပြီးပြတ်သေးပေ။ အယ်ဒီတာကလည်း စာမူအမြန်ဆုံး အပြီးသတ်ပေးရန် တိုက်တွန်းနေသကဲ့သို့ စာဖတ်သူများကလည်း ဇာတ်လမ်းအပိုင်းသစ်များအတွက် မျှော်လင့်နေကြသည်။
ကံကောင်းသည်မှာ သူမသည် မည်သူမည်ဝါဖြစ်ကြောင်း လျှို့ဝှက်ထားခြင်းပင် ဖြစ်သည်။ အကယ်၍ သူမသာ လက်ရှိ ရေပန်းအစားဆုံး ကလောင်ရှင်ဖြစ်ကြောင်း လူတွေသိသွားပါက အကြီးအကျယ် ရုန်းရင်းဆန်းခတ် ဖြစ်သွားနိုင်သည်။
ဝတ္ထုရေးခြင်းအပြင် ထျဲလန်ယန်သည် နျိုတပင်းနှင့် ပူးပေါင်းကာ မှောင်ခိုဈေးကွက် စီးပွားရေးကိုလည်း ဆက်လက်လုပ်ကိုင်ခဲ့သည်။
သူမ၏ နေရာလွတ်ထဲတွင် ဆန်စပါး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမှာ တောင်လိုပုံနေသဖြင့် ထုတ်ရောင်းလိုက်ခြင်းက ပို၍ အကျိုးရှိသည်။
သေချာပေါက်ပင် ကုန်ပစ္စည်းများရရှိသည့် လမ်းကြောင်းမှာ ယခင်က ရှင်းပြထားသည့်အတိုင်းပင်၊ အလွန် အဆက်အသွယ်ကောင်းပြီး လုပ်နိုင်ကိုင်နိုင်စွမ်းရှိသော သူငယ်ချင်းတစ်ယောက်ထံမှ ရရှိခြင်းဖြစ်ရာ ထိုသူငယ်ချင်းက မည်သူနည်းဟု မေးလာပါက... စိတ်မရှိပါနဲ့၊ ပြောပြလို့မရပါဘူး။
နျိုတပင်းသည် သဘောထားကြီးသူ ဖြစ်သည့်အပြင် အဓိကအားဖြင့် ထျဲလန်ယန်ကို အပြည့်အဝ ယုံကြည်ထားသူ ဖြစ်သည်။ ပိုက်ဆံရှာနိုင်သရွေ့ သူသည် အတွင်းကျကျ မေးခွန်းများကို လိုက်လံ စူးစမ်းမေးမြန်းခြင်း မပြုပေ။
ထျဲလန်ယန်သည် ရံဖန်ရံခါ စုန့်ရွှယ်လေးကိုပါ သူမနှင့်အတူ ခေါ်သွားလေ့ရှိသည်။ ထိုကလေးမလေးသည် သူမ၏ရှေ့တွင် စာကို ကြိုးစားပါ့မည်ဟု ကတိပြုခဲ့ကတည်းက ပညာရေးတွင် သိသိသာသာ တိုးတက်လာခဲ့သည်။
ရည်မှန်းချက် ရှိခြင်းက စိတ်ဓာတ်ခွန်အားကို အမှန်တကယ် ပေးစွမ်းနိုင်သည် မဟုတ်ပါလား။
စုန့်ရွှယ်လေးက ပိုက်ဆံများများ ရှာချင်ပါက စာမတတ်၍မရကြောင်း ပြောဖူးသည်။
စုန့်ပိုင်ယွမ်နှင့် မိခင်ဖြစ်သူ ဟဲချွန်းဟွာတို့သည်လည်း စုန့်ရွှယ်တစ်ယောက် ထျဲလန်ယန်နှင့်အတူ စီးပွားရေးလောကထဲ လိုက်ပါသွားခြင်းအပေါ် လုံးဝ ကန့်ကွက်ခြင်းမရှိကြပေ။
ဘာပဲဖြစ်ဖြစ် ထျဲလန်ယန်သည် စုန့်ရွှယ်အား ထိခိုက်အောင် လုပ်မည့်သူမဟုတ်သည့်အပြင် ဤသို့ လိုက်ပါသွားခြင်းဖြင့် ကလေး၏ အမြင်ကျယ်လာစေနိုင်သောကြောင့် ကောင်းမွန်သောအချက် ဖြစ်သည်။
မှောင်ခိုစီးပွားရေးအပြင် ထျဲလန်ယန်သည် နျိုတပင်းအား ပေကျင်းတွင် ရောင်းချမည့် အိမ်ခြံဝင်းများ ရှိမရှိကို စုံစမ်းကူညီပေးရန် အကူအညီတောင်းခဲ့သည်။
ယခုအခါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်စတင်ပြီဖြစ်ရာ လူများစွာ မြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာကြပြီး အိမ်ခြံမြေ လိုအပ်ချက်မှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။
အကယ်၍ ယခုအချိန်တွင် အိမ်မဝယ်ထားပါက နောင်တွင် ဈေးနှုန်းများ ခေါင်ခိုက်သွားသည့်အခါ နစ်နာဆုံးရှုံးရလိမ့်မည်။
သတင်းအချက်အလက် စုံစမ်းရာတွင် ဆရာကျလှသော နျိုတပင်းသည် သင့်တော်မည့် အိမ်အနည်းငယ်ကို အမြန်ဆုံး ရှာဖွေပေးနိုင်ခဲ့သည်။
ထျဲလန်ယန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် စုစုပေါင်း အိမ်ခြံဝင်း ၁၀ လုံးအထိ ဝယ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
၎င်းတို့အနက် ငါးထပ်ပါ အိမ်ခြံဝင်း ၃ လုံး၊ လေးထပ်ပါ ၂ လုံး၊ သုံးထပ်ပါ ၃ လုံးနှင့် နှစ်ထပ်ပါ အိမ်ခြံဝင်း ၂ လုံးတို့ ပါဝင်သည်။
သူမသည် ဤအတွက် ငွေသား ယွမ် ၂၀၀၀၀၀ နီးပါး သုံးစွဲခဲ့ရပြီး သူမစုဆောင်းထားသမျှ ငွေအားလုံးနီးပါး ကုန်ဆုံးသွားခဲ့ရသည်။
ကိစ္စမရှိပါ၊ ပိုက်ဆံဆိုတာ ပြန်ရှာလို့ရသည်။
ဘာပဲဖြစ်ဖြစ် သူမ၏ နေရာလွတ်ထဲတွင် ရောင်းစရာ ရိက္ခာများစွာ ရှိနေသေးသည် မဟုတ်ပါလား။
ယခုခေတ် ယွမ် ၂၀၀၀၀၀ တန်ဖိုးမှာ နောင်အနာဂတ်ကာလတွင် ယွမ် ဘီလီယံ ၂၀ ကျော်အထိ တန်ဖိုးတက်လာမည်ဖြစ်ရာ သူမအနေဖြင့် အမြတ်အစွန်း အကြီးအကျယ် ရရှိထားခြင်းပင် ဖြစ်သည်။
ထျဲလန်ယန်သည် အခွင့်အခါကောင်းကို အသုံးချ၍ စုန့်ပိုင်ယွမ်၏ မိခင် ဟဲချွန်းဟွာအားလည်း အိမ်ခြံဝင်း နှစ်လုံး ဝယ်ယူထားရန် တိုက်တွန်းခဲ့သည်။ "နောက်ကြရင် စုန့်ရွှယ်လေး မင်္ဂလာဆောင်တဲ့အခါ အသုံးဝင်မှာပါ၊ ပိုက်ဆံကို ဒီတိုင်း သိမ်းထားတာထက်စာရင် အများကြီး ပိုအဆင်ပြေပါတယ်။"
ဟဲချွန်းဟွာသည် ထျဲလန်ယန်အပေါ် အပြည့်အဝ ယုံကြည်စိတ်ရှိသဖြင့် ချက်ချင်းပင် အိမ်နှစ်လုံးကို ဝယ်ယူခဲ့သည်။ အိမ်တစ်လုံးမှာ တက္ကသိုလ်အနီးတွင်ရှိပြီး နောက်တစ်လုံးမှာ စစ်စခန်းအနီးတွင် ရှိရာ နှစ်လုံးစလုံးမှာ နေရာကောင်းများ ဖြစ်ကြသည်။
စုန့်ပိုင်ယွမ်တွင်လည်း ကိုယ်ပိုင်စုဆောင်းငွေအချို့ ရှိသဖြင့် သူလည်း အိမ်တစ်လုံး ဝယ်ယူခဲ့သည်။ သူသည် အစပိုင်းက အိမ်ပိုင်ဆိုင်မှုအမည်တွင် ထျဲလန်ယန်၏ အမည်ကို ထည့်သွင်းလိုသော်လည်း သူမက ငြင်းဆန်ခဲ့သည်။ "ကျွန်မဆီမှာ အဲဒါမျိုးတွေ အများကြီးရှိပြီးသား၊ ရှင်ဝယ်တာက တစ်လုံး အပိုတိုးလာရုံပဲ ရှိမှာ။"
စုန့်ပိုင်ယွမ် - …
ချစ်သူမိန်းကလေး၏ အထင်သေးခြင်းကို ခံလိုက်ရသဖြင့် သူသည် နောင်တွင် ပိုကြိုးစားအားထုတ်ရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
ထျဲလန်ယန် အိမ်အများအပြားကို အလုအယက် ဝယ်ယူနေသည်ကို မြင်သောအခါ နျိုတပင်းလည်း အားကျလာခဲ့သည်။ သူသည် ဇနီးဖြစ်သူနှင့် တိုင်ပင်ပြီးနောက် မိသားစု၏ စုဆောင်းငွေအားလုံးကို ထုတ်ယူကာ သုံးထပ်ပါ အိမ်ခြံဝင်းတစ်လုံးကို ဝယ်ယူလိုက်တော့သည်။
"ဒီအိမ်ကို နောက်ကြရင် ကိုယ်တို့သမီးလေးအတွက် ချန်ထားပေးမယ်၊ ဒါမှ သမီးလေး ကြီးလာတဲ့အခါ သူမ လုပ်ချင်တာကို ရဲရဲဝံ့ဝံ့ လုပ်နိုင်မှာ။"
ငယ်စဉ်ကတည်းက ကိုယ်ပိုင်အခန်းတစ်ခန်းပင် မပိုင်ဆိုင်ခဲ့ဖူးသော နျိုတပင်းသည် ယခုအခါ အိမ်ပိုင်ဆိုင်ခွင့်လွတ်လပ်ခွင့်ကို ရရှိခဲ့ရုံမျှမက သမီးလေးတစ်ဦးအတွက်ပါ အမွေချန်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ဝမ်ကျွင်းကျွင်းတစ်ယောက် ထျဲလန်ယန်၏အိမ်သို့ လာရောက်လည်ပတ်စဉ် သူတို့ အိမ်ဝယ်မည့်အကြောင်း ပြောနေသည်ကို ကြားသွားခဲ့ရသည်။ "အစ်မလန်ယန်၊ ကျွန်တော့်လက်ထဲမှာလည်း ပိုက်ဆံတချို့ ရှိနေတာနဲ့အတော်ပဲ၊ ကျွန်တော်လည်း တစ်လုံးလောက် ဝယ်ချင်တယ်။"
ဩဇာအာဏာရှိတဲ့သူတစ်ယောက်ရဲ့ မျက်နှာသာပေးမှုကို ရဖို့ဆိုရင် လူအများနောက်ကိုပဲ လိုက်ရမှာပဲ။ ဒါဟာ နောက်လိုက်ကောင်းတစ်ယောက်မှာ ရှိရမယ့် အသိစိတ်ပဲလေ။
ဤသို့ဖြင့် ထျဲလန်ယန်၏ မိတ်ဆွေသူငယ်ချင်းများအားလုံး အိမ်ကိုယ်စီ ဝယ်ယူနိုင်ခဲ့ကြတော့သည်။
အဟမ်း... တို့တွေအားလုံး အိမ်ပိုင်ရှင်တွေ ဖြစ်သွားကြပြီပေါ့။
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၃၂ (ဇာတ်သိမ်း)
ဝမ်ကျွင်းကျွင်းအကြောင်း ပြောရလျှင် သူကလည်း တကယ့်လူစွမ်းကောင်းလေး ဖြစ်သည်။
ကျောင်းဖွင့်ပြီး ခြောက်လအကြာတွင်ပင် သူသည် ရည်းစားတစ်ဦး ရရှိခဲ့ရာ ထိုမိန်းကလေးမှာ ဘေးနားရှိ လက်နက်ကိုင်ရဲတပ်ဖွဲ့အကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်သည်။
ဝမ်ကျွင်းကျွင်းသည် သူ၏ချစ်သူမိန်းကလေးကို ထျဲလန်ယန်နှင့် မိတ်ဆက်ပေးရန် ခေါ်ဆောင်လာချိန်တွင် အလွန်ပင် ပျော်ရွှင်မြူးတူးနေခဲ့သည်။ "အစ်မလန်ယန်၊ ဒါက ကျွန်တော့်ကောင်မလေး ရန်ဟိုင်ယန်တဲ့။ သူမနာမည်က အစ်မနာမည်နဲ့ နည်းနည်းဆင်တယ် ဟားဟား။"
ရန်ဟိုင်ယန်သည် လင်းလက်တောက်ပပြီး တည်ငြိမ်ခံ့ညားသော ရုပ်ရည်ရှိကာ ခေတ်ဆန်သော ဆံပင်တိုလေးနှင့်မို့ အလွန်ပင် ထက်မြက်သွက်လက်ပုံပေါ်သည်။
ထျဲလန်ယန်နှင့် သူမသည် တွေ့တွေ့ချင်းပင် အဆင်ပြေသွားကြပြီး စကားစမြည်ပြောရင်းမှသည် အပြန်အလှန် ပညာစမ်းသည့်အနေဖြင့် ကိုယ်ခံပညာ လက်ရုံး ယှဉ်ပြိုင်ကြသည်အထိ ဖြစ်သွားတော့သည်။
ထိုမိန်းကလေးနှစ်ဦးသည် ခြံဝင်းထဲတွင် အားရပါးရ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးခုတ်နေကြရာ ဘေးမှကြည့်နေသော ဝမ်ကျွင်းကျွင်းမှာ အလွန် ရင်တမမ ဖြစ်နေခဲ့ရသည်။
မတတ်နိုင်ပေ၊ တစ်ယောက်က မိမိ၏ဆရာသခင်ဖြစ်ပြီး နောက်တစ်ယောက်က မိမိ၏ချစ်သူ ဖြစ်နေသောကြောင့် မည်သူ့ကြောင့်မှ ဒဏ်ရာမရစေချင်ပဲ ကြားက စိုးရိမ်နေရခြင်းပင် ဖြစ်သည်။
ရန်ဟိုင်ယန် - "လန်ယန်၊ နင်ကတော့ တစ်ခုခုပဲနော်။ ငါ့ကို အလျှော့ပေးထားတာမလား။"
ထျဲလန်ယန်က ပြုံးလျက် ပြောလိုက်သည်။ "နင်လည်း လက်ရုံးရည် မဆိုးပါဘူး။ ရေငတ်နေပြီလား။ လာ၊ ဆိုဒါသောက်ရအောင်။"
သူတို့နှစ်ဦးစလုံး ဘေးအန္တရာယ်ကင်းကင်းနှင့် အဆင်ပြေသွားသည်ကို မြင်မှ ဝမ်ကျွင်းကျွင်းလည်း ပြုံးပျော်ကာ ဆိုဒါနှစ်ပုလင်းကို အပြေးအလွှား ယူဆောင်လာပေးတော့သည်။
ထျဲလန်ယန်နှင့် ရန်ဟိုင်ယန်တို့သည် ဆိုဒါပုလင်းများကို ကိုင်မြှောက်ကာ "ကလင်" ဟူ၍ အချင်းချင်း တိုက်လိုက်ကြပြီး "ဂလု၊ ဂလု" ဖြင့် မြိန်ရည်ယှက်ရည် တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။
ဝမ်ကျွင်းကျွင်းမှာလည်း ဘေးမှနေ၍ သွားဖြဲကာ လိုက်လံပြုံးပျော်နေမိတော့သည်။
တစ်နှစ်အကြာတွင် ဝမ်ကျွင်းကျွင်းနှင့် ရန်ဟိုင်ယန်တို့ လက်ထပ်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံး တက္ကသိုလ်တက်နေဆဲဖြစ်ပြီး မင်္ဂလာဆောင်ခြင်းမပြုမီ လက်ထပ်စာချုပ် အရင်ဦးစွာ သွားရောက်ချုပ်ဆိုခဲ့ကြခြင်း ဖြစ်သည်။
ထျဲလန်ယန်က ဘာတွေဖြစ်ပျက်လို့ ယခုလောက်အထိ အလျင်စလို လက်ထပ်ရသနည်းဟု မေးမြန်းရာ ဝမ်ကျွင်းကျွင်းက ခေါင်းကို ရှက်ကိုးရှက်ကန်း ကုတ်ရင်း ပြောလိုက်သည်။ "ကျွန်တော်နဲ့ ဟိုင်ယန်တို့ အဲဒီကိစ္စ လုပ်နေတုန်း သူမရဲ့အဖေက ဖမ်းမိသွားလို့။"
ထျဲလန်ယန်လည်း ဝမ်ကျွင်းကျွင်း၏ မိုက်ရူးရဲဆန်လှသော သတ္တိကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
အကယ်၍ ယောက္ခမဖြစ်သူက ကုတင်ပေါ်တွင် အမိဖမ်းမိပါက သေနေ့စေ့ပြီဟုသာ မှတ်ပေတော့။
သူငယ်ချင်းဆိုးကြီး၏ စနောက်ကျီစယ်သံကလည်း ထွက်ပေါ်လာခဲ့၏... (ဒωಡ) ဟီးဟီးဟီးဟီး~
ဝမ်ကျွင်းကျွင်းပင် လက်ထပ်သွားပြီဖြစ်ရာ စုန့်ပိုင်ယွမ်တစ်ယောက် ငြိမ်မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားလာခဲ့သည်။ သူသည် ထျဲလန်ယန်၏ လက်ကလေးကို ဆုပ်ကိုင်ကာ အချစ်မျက်ဝန်းများဖြင့် ကြည့်ရင်း ပြောလိုက်သည်။ "ကိုယ်တို့တွေသိလာတာလည်း နှစ်အနည်းငယ်ရှိပြီ၊ တွဲလာတာလည်း နှစ်နှစ်ပြည့်ပြီ။ ကိုယ် ဘယ်တော့လောက်မှ အတည်တကျ လက်ထပ်ခွင့်ရမှာလဲဟင်။"
ထျဲလန်ယန်က လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။"ဝေးပါသေးတယ်၊ ကျွန်မ တက္ကသိုလ်ဘွဲ့ရပြီးမှပဲ အဲဒီအကြောင်းကို ပြောကြရအောင်။"
ထျဲလန်ယန်သည် လက်ရှိတွင် တက္ကသိုလ် တတိယနှစ်သာ ရှိသေးသဖြင့် နောက်ထပ် နှစ်နှစ်ခန့် လိုပါသေးသည်။ စုန့်ပိုင်ယွမ်အတွက်မူ နှစ်နှစ်မကလို့ အနှစ်နှစ်ဆယ် ဖြစ်ပါစေဦး၊ သူ စောင့်နိုင်စွမ်း ရှိသည်။
သူမ၏ နီမြန်းပြီး လှပလွန်းသော မျက်နှာလေးကို ကြည့်ရင်း စုန့်ပိုင်ယွမ်၏ လည်ချောင်းတစ်ခုလုံး ခြောက်သွေ့အက်ကွဲလာကာ ရင်ခုန်သံများ မြန်လာခဲ့သည်။ "လန်ယန်... ကိုယ် မင်းကို နမ်းလို့ရမလား။"
"နမ်းချင်ရင်လည်း နမ်းပေါ့၊ မေးနေဖို့ လိုသေးလို့လား။" ထျဲလန်ယန်က ခြေဖျားလေးထောက်ကာ သူ၏ပါးကို ခပ်ဖွဖွလေး အမြန်နမ်းလိုက်သည်။
စုန့်ပိုင်ယွမ်၏ မျက်ဝန်းများတွင် အချစ်မီးတောက်များ တောက်လောင်လာပြီး သူမ၏ ခါးသိမ်သိမ်လေးကို ဆွဲဖက်ကာ ခေါင်းငုံ့၍ အနမ်းနက်နက်ရှိုင်းရှိုင်းကို ပေးလိုက်တော့သည်။ အနမ်းပင်လယ်ထဲတွင် နစ်မျောနေစဉ်မှာပင် ထျဲလန်ယန်သည် သူမ၏ ခန္ဓာကိုယ်လေး ပေါ့ပါးသွားကာ ပွေ့ချီခြင်း ခံလိုက်ရကြောင်း သိလိုက်ရသည်။
"ရှင် ဘာလုပ်တာလဲ။ ဘာလို့ အခန်းထဲကို ပွေ့ခေါ်လာတာလဲ..."
စုန့်ပိုင်ယွမ် - "အိမ်ထောင်ပြုတာ စောလွန်းသွားတာပဲ... အတိုးလေး ဘာလေး နည်းနည်းပါးပါး ပြန်တောင်းတာလည်း မလွန်ပါဘူး။"
ထျဲလန်ယန်၏ မျက်နှာလေး ရဲခနဲဖြစ်သွားခဲ့သည်။ "ဟွန်း။"
နှစ်နှစ်အကြာတွင်... ထျဲလန်ယန်သည် တက္ကသိုလ်မှ အောင်မြင်စွာ ဘွဲ့ရရှိခဲ့သည်။
ကျောင်းတက်နေစဉ် ကာလအတွင်း သူမသည် နောက်ထပ် ဝတ္ထုရှည် သုံးအုပ်ကို ထပ်မံရေးသားခဲ့ရာ အားလုံးမှာ အကြီးအကျယ် ပေါက်မြောက်အောင်မြင်ခဲ့ပြီး ငွေကြေးများစွာ ရှာဖွေပေးနိုင်ခဲ့သည်။
သတင်းစာတိုက် အချို့က သူမအား အင်တာဗျူးရန် ကမ်းလှမ်းခဲ့သော်လည်း သူမက ငြင်းပယ်ခဲ့သည်။ သူမသည် လူသိရှင်ကြား အထူးအဆန်း ဖြစ်မနေလိုဘဲ အေးချမ်းဆိတ်ငြိမ်သော ဘဝကိုသာ ဖြတ်သန်းလိုသောကြောင့် ဖြစ်သည်။
ဤအတောအတွင်း ဝမ်ကျွင်းကျွင်း၏ ဇနီး ရန်ဟိုင်ယန်သည် သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့ပြီး ထိုကလေးငယ်မှာ ဝမ်ကျွင်းကျွင်း၏ လိပ်ခွေနေသော ဆံပင်များကို ဆက်ခံရရှိထားရာ ကောက်ကောက်ကွေးကွေး ဆံပင်လေးများနှင့် အလွန်ပင် ချစ်စရာကောင်းလှသည်။
နျိုတပင်း၏ ဇနီးသည်လည်း နောက်ထပ် ကလေးတစ်ဦး ထပ်မံမွေးဖွားခဲ့ရာ သမီးမိန်းကလေးပင် ဖြစ်သည်။ နျိုတပင်းသည် သားမရ၍ စိတ်မပျက်သည့်အပြင် အလွန်ပင် ဝမ်းသာပီတိဖြစ်နေခဲ့သည်။
သူသည် သမီးမိန်းကလေးများကို အလွန်အမင်း အလိုလိုက်ချစ်ခင်သူဖြစ်ရာ သမီးငယ်လေး၏ နူးညံ့သိမ်မွေ့မှုက သူ့အား အမြဲ အပျော်လုံးဆို့စေခဲ့သည်။
စုန့်ရွှယ်လေးသည်လည်း အရပ်အတော်အတန် ရှည်လာခဲ့ပြီး ပိုသွက်လက်ကာ ချစ်စရာကောင်းလာခဲ့သည်။
ထျဲလန်ယန်ထံမှ ပညာရပ်များနှင့် အတွေးအခေါ်များကို သင်ယူလေလေ၊ သူမသည် ပို၍ ရဲရင့်လာလေဖြစ်ပြီး စာမေးပွဲအမှတ်များလည်း တိုးတက်လာခဲ့သည်။
ယခုအခါ သူမ၏နောက်တွင် လိုက်ပါနေသော နောက်လိုက်လေးများပင် ရှိနေပြီဖြစ်ရာ အတော်ပင် မျက်နှာပွင့်လန်းနေခဲ့သည်။
ထျဲလန်ယန် ဘွဲ့ရပြီး မကြာမီမှာပင် သူမနှင့် စုန့်ပိုင်ယွမ်တို့သည် လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ကြသည်။ စုန့်ပိုင်ယွမ်၏ မိခင်သည် အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ အိမ်နီးနားချင်းများ၊ ဆွေမျိုးများနှင့် မိတ်ဆွေအပေါင်းအသင်းများကို ဖိတ်ကြား၍ မင်္ဂလာစားပွဲ အမြောက်အမြားကို ခမ်းနားစွာ တည်ခင်းဧည့်ခံခဲ့သည်။
ဤနေ့သည် စုန့်ပိုင်ယွမ်၏ ဘဝတွင် အပျော်ဆုံးနေ့ ဖြစ်သည်။
ဤမျှလောက် ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရပြီးနောက် နောက်ဆုံးတွင် သူ အမြဲတမ်း တမ်းတခဲ့ရသော မိန်းကလေးအား အပိုင် လက်ထပ်ခွင့် ရရှိခဲ့ပြီ မဟုတ်ပါလား။
ညဉ့်နက်သန်းခေါင်သို့ ရောက်သောအခါ မင်္ဂလာဖယောင်းတိုင်နီများမှာ ထွန်းလင်းတောက်ပနေခဲ့သည်။ စုန့်ပိုင်ယွမ်သည် ထျဲလန်ယန်ကို ရင်ခွင်ထဲသို့ တင်းကျပ်စွာ ပွေ့ဖက်ထားပြီး တစ်ကိုယ်လုံး နူးညံ့သိမ်မွေ့သော အချစ်ရိပ်များ လွှမ်းခြုံနေခဲ့သည်။ "မိန်းမ... ကိုယ် ဒီနေ့ တကယ်ကို ပျော်တယ်၊ တကယ့်ကို ပျော်လွန်းလို့ပါ။"
ထျဲလန်ယန်က မျက်ဝန်းလေးများ တောက်ပလျက် ပြုံးကာ ပြန်ပြောလိုက်သည်။ "ကျွန်မလည်း တကယ်ပဲ ပျော်ပါတယ်။"
ဤခေတ်ကာလသို့ ရောက်ရှိလာခဲ့သည်မှာ ခြောက်နှစ်ကျော် ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ညကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားမှုကို သူမ တစ်ခါမျှ မခံစားခဲ့ဖူးပေ။
နောက်ဆုံးတွင် သူမသည် မိမိ၏ စစ်မှန်သော ပျော်ရွှင်စရာ နိဂုံးလေးကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။
ထျဲလန်ယန်က သူ၏နှုတ်ခမ်းကို နမ်းရှိုက်ကာ ပြောလိုက်သည်။ "စုန့်ပိုင်ယွမ်၊ ကျွန်မရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးမှာ လမ်းညွှန် စောင့်ရှောက်ပေးပါဦး။"
စုန့်ပိုင်ယွမ်၏ ဝင်သက်ထွက်သက်သံများ ကမောက်ကမဖြစ်သွားကာ အနမ်းကို ပိုနက်ရှိုင်းစေခဲ့တော့သည်။ "လန်ယန်၊ ကိုယ် မင်းကို ချစ်တယ်..."
ထျဲလန်ယန်သည် စုန့်ပိုင်ယွမ်နှင့် လက်ထပ်ပြီးနောက် စစ်ဘက်ဆိုင်ရာ လူနေအိမ်ရာဝင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ထိုဝင်းကြီးအတွင်း၌ အမျိုးသမီးများ၏ အတင်းအဖျင်းပြောသံများ၊ ရန်ဖြစ်ငြင်းခုံသံများနှင့် ဆဲဆိုသံများမှာ နေ့စဉ်ရက်ဆက် ကြားနေရစမြဲ ဖြစ်သည်။
ထျဲလန်ယန်ကမူ ထိုသို့သော လူစုလူဝေး အတင်းအဖျင်းဝိုင်းများကို သွားရောက်နားထောင်ရသည်ကို အလွန်နှစ်သက်သည်။ အကြောင်းမှာ ထိုအရာများအားလုံးက သူမ၏ ဝတ္ထုများအတွက် အကောင်းဆုံး ဇာတ်လမ်း သတင်းအချက်အလက်များ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
စုန့်ပိုင်ယွမ်သည် ရံဖန်ရံခါ သူမ၏အိတ်ကပ်ထဲသို့ ဖရဲစေ့များ၊ မြေပဲများနှင့် ဇီးသီးခြောက်များကို ထည့်ပေးလေ့ရှိသည်။
ထို့အပြင် သူက အမြဲသတိပေးတတ်သေးသည်။ "ရန်ပွဲတွေ အတင်းအဖျင်းတွေ သွားကြည့်ရင် သတိထားဦး၊ အနီးကပ်ကြီး သွားမရပ်နဲ့၊ မဟုတ်ရင် ကိုယ်ပါ ပြဿနာထဲ ရောက်သွားလိမ့်မယ်။"
ထျဲလန်ယန်က သူမ၏ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ "စိတ်ချပါ၊ ကျွန်မက ဒီလောကမှာ ဝါရင့်နေပါပြီ။ ဘာလုပ်ရမလဲ သိပါတယ်။"
ထိုသို့ဆိုရင်း ပွဲကောင်းကောင်း မြင်ကွင်းရရှိရန် သစ်ပင်ပေါ်သို့ အပြေးအလွှား တက်သွားတော့သည်။
စုန့်ပိုင်ယွမ် - ......
လက်ထပ်ပြီး ခြောက်လအကြာတွင် ထျဲလန်ယန်တွင် ကိုယ်ဝန်ရှိလာခဲ့သည်။ မွေးဖွားမည့်ရက် နီးကပ်လာချိန်တွင် စစ်ဝင်းအတွင်း၌ အခြားသော အကြီးအကျယ် ရန်ပွဲဒရာမာကြီးတစ်ခု ထပ်မံဖြစ်ပွားပြန်သည်။
ထျဲလန်ယန်သည် ထွားလှသော ကိုယ်ဝန်ဗိုက်ကြီးကို ပွေ့ချီကာ ပါးစပ်မှလည်း နေကြာစေ့ကို ဝါးရင်း အားပါးတရ သွားရောက်ကြည့်ရှုနေစဉ်မှာပင် သူမ၏ ရေမြွှာရုတ်တရက် ပေါက်သွားခဲ့တော့သည်။
"ဗိုလ်မှူးကြီးစုန့်ရဲ့ ဇနီး ရေမြွှာပေါက်သွားပြီ၊ သူမ ကလေးမွေးတော့မယ်။" မည်သည့်အမျိုးသမီးက အော်လိုက်သည်မသိသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် ရုန်းရင်းဆန်းခတ် ဖြစ်သွားခဲ့တော့သည်။
မကြာမီမှာပင် လူအားလုံး ဝိုင်းဝန်းကာ ထျဲလန်ယန်ကို စစ်ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြသည်။
သူမသည် စိတ်ဝိညာဉ်နတ်စမ်းရေကို အမြဲသောက်သုံးလေ့ရှိသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အလွန်ပင် ကောင်းမွန်လှသည်။ ထို့ကြောင့် ထျဲလန်ယန်သည် ကလေးမွေးဖွားရာတွင် ကြီးကြီးမားမား ခံစားရခြင်းမရှိဘဲ အလွန် လွယ်ကူချောမွေ့စွာ မွေးဖွားနိုင်ခဲ့သည်။
မွေးဖွားလာသော ကလေးငယ်မှာ သမီးမိန်းကလေး ဖြစ်သည်။ ပုံမှန်ကလေးငယ်များကဲ့သို့ အသားအရေ တွန့်လိမ်မနေဘဲ ဖြူဖွေးနုနယ်ကာ ပါးပြင်လေးမှာ ပန်းရောင်သန်းနေပြီး အလွန်တရာ လှပလွန်းလှသည်။
မွေးဖွားပေးခဲ့သော ဆရာဝန်များနှင့် သူနာပြုများအားလုံးပင် အံ့အားသင့်သွားကြပြီး ကလေးငယ်၏ အလှကို မချီးကျူးဘဲ မနေနိုင်ကြပေ။
သမီးငယ်လေးမှာလည်း သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လူကြီးများ စကားပြောနေသည်ကို နားထောင်နေသည့်အလား ဘယ်ပြန်ညာပြန် လိုက်လံကြည့်ရှုနေခဲ့သည်။
ဤသည်ကို မြင်သောအခါ စုန့်ပိုင်ယွမ်တစ်ယောက် မအောင့်နိုင်ဘဲ ရယ်မောလိုက်မိတော့သည်။ "မိန်းမ၊ ကိုယ်တို့သမီးလေးက မင်းနဲ့ တစ်ပုံစံတည်းပဲ၊ လူစုလူဝေး ဒရာမာတွေ အတင်းအဖျင်းတွေ ကြည့်ရတာ သဘောကျမယ့်ပုံပဲ။"
ထျဲလန်ယန်သည် ကုတင်ပေါ်တွင် မောပန်းစွာ လှဲလျောင်းနေသော်လည်း သူမ၏ ပါးပြင်ကို သမီးငယ်လေး၏ ပါးပြင်နုနုလေးနှင့် ခပ်ဖွဖွ ကပ်ရင်း ပြောလိုက်သည်။ "သူမရဲ့ နာမည်ပြောင်ကို 'ကွာကွာ' လို့ ပေးရင် ဘယ်လိုလဲ။"
စုန့်ပိုင်ယွမ် - "ကောင်းပါပြီ၊ မင်းသဘောအတိုင်းပဲ ဖြစ်စေရမယ်။"
သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်ကာ စကားလုံးများစွာ မလိုဘဲ နားလည်မှုအပြည့်ဖြင့် ပြုံးလိုက်ကြတော့သည်။
ပြတင်းပေါက် အပြင်ဘက်တွင်မူ မင်္ဂလာငှက်ကလေးများက တေးသီကျူးရင့်နေကြပြီး အခန်းတွင်းရှိ မိသားစုသုံးဦး၏ ကမ္ဘာလေးမှာမူ နွေးထွေးခြင်း၊ ပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့တော့သည်…
[ပြီးပါပြီ။]