အခန်း ၉၄၇
Vol. 64 Ch. 947
947 01
အခန်း ( ၉၄၇ ) သူ့ကို သနားလွန်းလို့ ရှင် သူနဲ့ အိပ်လိုက်တာလား။
[ Host ကလည်း စနစ် ကြုံဖူးသမျှ Host တွေထဲမှာ ဆွဲဆောင်မှုမရှိဆုံး Host ပါ။ ]
တခြား Host တွေက အမြင့်ကို တက်လှမ်းပြီး လူတွေရဲ့ မျက်နှာသာပေးမှုတွေကို ပိုရဖို့ စနစ်ရဲ့ စွမ်းအားကို လိုအပ်တယ် ဆိုရင်တောင် သူတို့ကိုယ်တိုင်မှာလည်း လူတွေကို အတိုင်းအတာတစ်ခုထိ ဆွဲဆောင်နိုင်တဲ့ အားသာချက် တစ်ခု ၊ နှစ်ခုတော့ ရှိသေးသည်။
လူကောင်းတစ်ယောက် မဟုတ်တဲ့ ဝမ်ကျင့်ဖျင်လို့ မဟုတ်ပါ။ သူမက လူဆိုးတစ်ယောက်အနေနှင့်တောင် ယုတ်မာပက်စက်တဲ့ ရည်ရွယ်ချက်တွေက လွဲလို့ ဘာအနှစ်သာရမှ မရှိတဲ့ လူမျိုး ဖြစ်သည်။ လုံးဝကြီး ယုတ်မာနေတာ မဟုတ်ဘဲ ပန်းတိုင်တစ်ခုတော့ ရှိပေမဲ့ သူမ လိုချင်တဲ့ ပန်းတိုင်နှင့် ကိုက်ညီတဲ့ ဦးနှောက်မျိုး မရှိပါ။
ကမ္ဘာ့ဇာတ်လိုက်ကို ပြောင်းလဲလို့ မရတာရယ် ၊ အသက်ရှင်နိုင်ဖို့အတွက် စနစ်နှင့် သူမနှင့် တစ်သားတည်းဖြစ်နေဖို့ လိုအပ်တာကြောင့်သာ မဟုတ်ရင် စနစ် နှုတ်ထွက်သွားတာ ကြာပါပြီ။
စနစ်နှင့် သူမဟာ တစ်ယောက်ကို တစ်ယောက် အထင်အမြင်သေးနေကြသည်။ သူတို့ပုံစံက လက်တွဲပူးပေါင်းတာထက် တခြား ရွေးချယ်စရာမရှိလို့ နှစ်ယောက်အတူ ယှဉ်တွဲရှိနေရတာနှင့် ပိုတူသည်။
လက်တွေ့အမှန်တရားက ဝမ်ကျင့်ဖျင်ရဲ့ စနစ်ဟာ လူမဟုတ်သော်လည်း လူတွေရဲ့ စိတ်နှလုံးကို ကောင်းကောင်း နားလည်နိုင်တယ် ဆိုတာကို သက်သေပြပေးခဲ့လေသည်။
ဇနီးဖြစ်သူဆီက ဖုန်းအဆက်အသွယ်ရပြီးနောက် အိမ်ပြန်သွားခဲ့သော တင်းကြွယ်စစ်သည် အိမ်ပြန်ရောက်,ရောက်ချင်းမှာပဲ ဇနီးဖြစ်သူနှင့် အကြီးအကျယ် ရန်ဖြစ်ကာ ဒေါသထွက်ထွက်နှင့် ကွာရှင်းပြတ်စဲခွင့်တောင်းလိုက်တော့သည်။
အစတုန်းက စိတ်ဆောက်တည်ရာမရဖြစ်ကာ တင်းကြွယ်စစ်နှင့် သူ့မယားငယ်မကို တစ်စစီ ဆွဲဖြဲပစ်ချင်စိတ်သာ ရှိနေခဲ့တဲ့ သူ့ဇနီးဟာ သူ့ဆီက ကွာရှင်းချင်တယ် ဆိုတဲ့ စကားကို ကြားသည်နှင့် အံ့ဩစရာကောင်းစွာ တည်ငြိမ်သွားခဲ့သည်။
သူမဘေးမှာ ဆယ်နှစ်ကျော် အတူရှိလာခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ကြည့်ကာ နှစ်ပေါင်းများစွာကြာပြီးနောက် သူ့သရုပ်မှန်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသလို ခံစားရသောကြောင့် လှောင်ရယ်မိသည်။ “ ရှင်က ကွာရှင်းချင်တာလား။ ကောင်းပြီလေ ၊ ဒါဆိုလည်း ကွာရှင်းကြတာပေါ့။ ဒါပေမဲ့ ရှင် ဘာပစ္စည်းမှ မယူဘဲ ထွက်သွားရမယ် ၊ ကလေးနှစ်ယောက်ကို ကျွန်မနဲ့ပဲ ထားခဲ့ရမယ်။ ”
တင်းကြွယ်စစ်သည် သူ့ဇနီးကို ဒီလောက်ထိ ဒေါသကြီးလိမ့်မည်ဟု တစ်ခါမှ ထင်မထားပါ။ ဒါပေမဲ့ ကွာရှင်းဖို့ စကားစတဲ့ လူက သူ ဖြစ်နေသည်။ သူ့ဇနီးက သူနှင့် နေရတာ မပျော်ရွှင်တော့ရင်တောင် ဘယ်တော့မှ နောက်ပြန်မလှည့်ဘူးဟု ကတိပေးဖူးသည်။ သူမက သူ့ရဲ့ ယောက်ျားမာနကို ထိပါးစော်ကားပြီး အခုလိုမျိုး ခွန်းတုံ့ပြန်မှာ မဟုတ်ပေ။
သို့သော်လည်း တင်းကြွယ်စစ်ကတော့ သူ့ဇနီးရဲ့ စကားနောက်ကွယ်က အဓိပ္ပာယ်ကြောင့် ဒေါသထွက်သွားခဲ့သည်။
“ ဘာမှ မယူဘဲ ထွက်သွားရမယ် … ဟုတ်လား။ ငါက ဘာလို့ ဘာမှ မယူဘဲ ထွက်သွားရမှာလဲ။ ငါက အပြင်မှာ ကြိုးကြိုးစားစားနဲ့ အလုပ်,လုပ်ပြီး မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှာပေးနေတာ။ ငါ ရှာသမျှ ပိုက်ဆံတွေအကုန်လုံးကို မင်းလက်ထဲ အပ်ခဲ့တာချည်းပဲ။ ဒီခေတ်ကြီးမှာ အဲ့လို လုပ်တဲ့ ယောက်ျားမျိုးကို ရှာကြည့်လိုက်ဦး။ မင်းက အဲ့ဒါကို ဘာအတွက် မကျေမနပ်ဖြစ်နေတာလဲ။ မင်းက ငါနဲ့ ကွာရှင်းပြီး ငါ့ကို ဘာမှ မယူဘဲ ထွက်သွားစေချင်တာတဲ့လား။ မင်း ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား။ ”
“ ဘာအတွက် မကျေမနပ်ဖြစ်နေတာလဲတဲ့လား။ ကျွန်မကို သစ္စာဖောက်တဲ့အတွက် ၊ မိသားစုကို သစ္စာဖောက်တဲ့အတွက် ၊ အပြင်မှာ မိန်းမတစ်ယောက်နဲ့ ခြေရှုပ်တဲ့အတွက်။ ”
“ ငါ မင်းကို ဘယ်နှခါ ရှင်းပြပြီးလဲ။ ငါနဲ့ သူနဲ့ ဘာမှ ပတ်သက်ဘူး။ ဒီ … ဒီတိုင်း ထုတ်လုပ်ရေးအဖွဲ့ တစ်ဖွဲ့တည်းက စီနီယာနဲ့ ဂျူနီယာ ဆက်ဆံရေးပဲ။ သူ့က ငါ့ဆီ လာပြီး အကြံဉာဏ်တောင်းရုံလေးပဲ။ ငါက စီနီယာဖြစ်နေပါရက်နဲ့ သူ့ကို လျစ်လျုရှုထားရမှာလား။ ငါ ဘယ်လိုလုပ် အဲ့လို လုပ်လို့ ရမှာလဲ။ ”
“ ဟုတ်လား။ ကျွန်မ အိမ်မှာ နေ,နေတာနဲ့ပဲ အပြင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ဘာတစ်ခုမှ မသိဘူးလို့ ရှင် ထင်နေတာလား။ ”
947 02
အမျိုးသမီးတင်းက စကားတစ်ခွန်းပြောတိုင်း ခြေတစ်လှမ်း ရှေ့တိုးလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိကာ ပြတ်သားသော အမူအရာဖြင့် ပြောခဲ့သည်။ “ ဟုတ်ပါတယ်။ ရှင်က ညဘက်ကြီး မိန်းမလှလေးတစ်ယောက်ကို ကယ်တင်ပေးတဲ့အထိ စိတ်ကောင်းနှလုံးကောင်းရှိတယ်။ ရှင်ကိုယ်တိုင် သူ့ကို ဆေးရုံကို ခေါ်သွားပြီး ဆေးစစ်ပေးတဲ့အထိ ကြင်နာတတ်တယ်။ သူ နေဖို့အတွက်တောင် ဟိုတယ်မှာ ဂရုတစိုက် ဘိုကင်တင်ပေးလိုက်သေးတယ်။ ”
တင်းကြွယ်စစ်သည် သူ့ဇနီးကို အံ့အားသင့်စွာ စိုက်ကြည့်ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူ အဲ့ဒီနေ့ ရိုက်ကူးရေးလုပ်တုန်းက မီဒီယာတွေဟာ သူ့ကို မိန်းမလှလေးတစ်ယောက်အား ကယ်တင်ပေးတဲ့ သူရဲကောင်းတစ်ယောက်အဖြစ်သာ သတင်းရေးခဲ့တာပါ။ နောက်ဆက်တွဲ ကိစ္စတွေအကြောင်း ဘာတစ်ခုမှ ပြောမထား။ သူ့မိန်းမက ဒီအကြောင်းတွေကို ဘယ်လို သိနေရတာလဲ … ။
တင်းကြွယ်စစ်သည် စိတ်ထဲမှာ နိမိတ်မကောင်းတဲ့ ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသော်လည်း တစ်ခုခု မှားယွင်းနေတာကို သူ နားလည်သွားတဲ့ အချိန်က နောက်ကျလွန်းသွားခဲ့ပါပြီ။
“ ကိစ္စမရှိပါဘူးလေ။ ဒါရိုက်တာဆီကို ရှင်ကိုယ်တိုင် သွားပြီး ရှင့်ချစ်သူလေးကို ထုတ်လုပ်ရေးအဖွဲ့ထဲမှာ ထည့်ပေးဖို့ မျက်နှာလိုမျက်နှာရ လုပ်ခဲ့သေးတာပဲလေ။ နေ့တိုင်း သူနဲ့ အတူတူ အချိန်ကုန်ဆုံးခဲ့လည်း ညသန်းခေါင်မှာ ကျွန်မ ဖုန်းဆက်မေးရင် ရှင့်အခန်းထဲမှာ တစ်ယောက်တည်း ဇာတ်ညွှန်းဖတ်နေတာပါလို့ ပြောချင် ပြောမှာပဲ။ ”
တင်းကြွယ်စစ်က ပြောရင်း တဖြည်းဖြည်း အရှိန်ရလာတဲ့ ဇနီးဖြစ်သူကို ကြည့်ကာ ပြန်လည်ချေပလိုက်သည်။ “ ငါက လုပ်သင့်တာကိုပဲ လုပ်ခဲ့တာ။ ငါ သူ့ကို သနားသွားလို့ … ”
“ ရှင် သူ့ကို သနားလွန်းလို့ သူနဲ့ အိပ်လိုက်တာလား။ ” အမျိုးသမီးတင်းက သရော်တော်တော် ပြုံးလိုက်ပြီး တင်းကြွယ်စစ်ကို လှောင်ပြောင်သော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
++++++