← Chapters

အခန်း ၉၄၈

Vol. 64 Ch. 948

အခန်း ၉၄၈

Vol. 64 Ch. 948

948 01

အခန်း ( ၉၄၈ ) ပြောင်းလဲသွားတဲ့ အခြေအနေ။

“ ရှင်က ကျွန်မနဲ့ လက်ထပ်ပြီးကတည်းကနေ ဒီအချိန်ထိ မိသားစုကို ထောက်ပံ့ဖို့ နှစ်တွေအများကြီး အလုပ်ကြိုးစားပြီး ပိုက်ဆံရှာခဲ့ရတယ်ပေါ့လေ။ ရှင်က ကျွန်မရဲ့ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိလို့ ရှင့်အထောက်အပံ့ကို လိုအပ်သလို ပုံစံပေါက်အောင် လာပြောနေတာပဲ။ ”

“ ရှင် ဒီနေ့ ရောက်နေတဲ့ နေရာကို ရဖို့ နောက်ကွယ်ကနေ ဘယ်သူက ပံ့ပို့ပေးခဲ့ရလဲ ဆိုတာ ရှင် မေ့သွားပြီလား တင်းကြွယ်စစ်။ ကျွန်မရဲ့ အဖေနဲ့ အစ်ကိုသာ ကျွန်မမျက်နှာကြောင့် ရှင့်အတွက် ပရောဂျက်တွေ ရှာမပေးခဲ့ရင် ရှင် ဒီနေ့ ရောက်နေတဲ့ နေရာကို ရနိုင်မယ် ၊ ပြီးတော့ ‘ ခက်ခဲတဲ့ ’ အလုပ်တွေ အများကြီးကိုလည်း လုပ်နိုင်မယ်လို့ ထင်နေတာလား။ ကျွန်မကသာ ကူညီမပေးခဲ့ရင် ရှင် စင်ပြိုင်အနုပညာရှင်တွေဆီမှာ နင်းချေခံရပြီး အနုပညာနယ်ပယ်ထဲက ပျောက်ကွယ်သွားတာ ကြာလှပြီ။ ”

အမျိုးသမီးတင်းက ခင်ပွန်းဖြစ်သူနှင့် ကလေးတွေကို ဂရုတစိုက် ပြုစုစောင့်ရှောက် ပျိုးထောင်ပေးဖို့အတွက် အိမ်ထောင်ရှင်မ ဖြစ်လာခဲ့တယ် ဆိုပေမဲ့လည်း သူမဟာ ငယ်စဉ်ကတည်းက ဖူးဖူးမှုတ်ထားခံရတဲ့ လူချမ်းသာမိသားစုက သခင်မလေးတစ်ယောက် ဖြစ်ပါသည်။ သူမ အိမ်ထောင်ကျတုန်းက သူမရဲ့ မိဘတွေ သူမဆီ လွှဲပြောင်းပေးခဲ့တဲ့ ကုမ္ပဏီရှယ်ယာတွေကို စကားထဲ ထည့်ပြောနေစရာတောင် မလိုပါ။ နှစ်စဉ် ခွဲတမ်းကျ အမြတ်ငွေတစ်ခုတည်းကပင် တင်းကြွယ်စစ် နှစ်ဝက်ကျော်လောက် ကြိုးကြိုးစားစား ရှာထားတဲ့ အနုပညာကြေးထက် များသည်။

သူမရဲ့ အားလပ်ချိန်မှာ မကြာခဏ ရှော့ပင်းထွက်လျှင်တောင် သူမ ရှာထားတဲ့ ပိုက်ဆံက တင်းကြွယ်စစ်ရဲ့ ကြော်ညာခတစ်ခုစာထက်တော့ ပိုများသေးသည်။ အသုံးစရိတ်အတွက် တင်းကြွယ်စစ်ရဲ့ ပိုက်ဆံကို သူမ အနည်းငယ်မျှ မလိုအပ်ပါ။

ဆန့်ကျင်ဘက်အနေဖြင့် တင်းကြွယ်စစ်ကသာ သူမနှင့် လက်ထပ်ပြီးတဲ့နောက်ပိုင်း သူမတို့မိသားစုရဲ့ အဆက်အသွယ်တွေကို အသုံးချကာ သူ့အတွက် ရင်းနှီးမြုပ်နှံမှုတွေ ၊ ဇိမ်ခံပစ္စည်း ကြော်ငြာတွေကို ရှာဖွေခဲ့တာ ဖြစ်သည်။ တကယ့်တကယ် တွက်ကြည့်လျှင် တင်းကြွယ်စစ်ကသာ သူမတို့ရဲ့ အိမ်ထောင်ရေးကနေ အမြတ်ထုတ်သွားသူပင်။

အခုတော့ သူက သူ့ကျေးဇူးရှင်ရဲ့ နောက်ကျောကို ဓားနှင့် ထိုးကာ သူခိုးက လူပြန်ဟစ်နေ၏။

“ ရှင် ရှာထားတဲ့ ပိုက်ဆံတွေကို လုံခြုံအောင် ထိန်းသိမ်းထားဖို့ ကျွန်မကို ရှင်ပဲ တောင်းတောင်းပန်ပန် အကူအညီတောင်းခဲ့တာ မဟုတ်ဘူးလား။ ရှင်က ကျွန်မကို အချိုသပ်ပြီး ကျွန်မရဲ့ မိသားစုကို အသုံးချခဲ့တာ။ ကျွန်မအပေါ် အားနာတယ် ဆိုပြီး ငွေရေးကြေးရေးကိစ္စတွေကို ကျွန်မကိုပဲ တာဝန်လွှဲပေးခဲ့တာ။ အခုတော့ ရှင်က ဒီမိသားစုအတွက် ဘယ်လောက်တောင် လုပ်ပေးခဲ့ပါတယ် ဆိုပြီး မျက်နှာပြောင်တိုက်ပြီး ပြောရဲပြီပေါ့နော်။ ရှင့်ကို လူတွေက မိသားစုအပေါ် တာဝန်ကျေတဲ့ လူတစ်ယောက်လို့ ထင်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် တကယ် တာဝန်ကျေတယ်လို့ ထင်နေတာလား။ ရှင်က ဒေါသတောင် ထွက်ပြနေလိုက်သေးတယ်။ တကယ်တော့ ရှင်နဲ့ ကျွန်မနဲ့ ထိုက်တန်ရဲ့လား ဆိုတာကိုတောင် ရှင် တွေးသင့်တာ။ ”

“ မင်း … ” ပုံမှန်ဆို နူးညံ့သိမ်မွေ့တဲ့ သူ့ဇနီးဆီက ဒီလို ပြင်းထန်တဲ့ စကားလုံးတွေကို တင်းကြွယ်စစ် ကြားဖူးတာ ဒါ ပထမဆုံးအကြိမ်မို့ သူ့မျက်နှာက ဒေါသကြောင့် ခဲပြာရောင်သမ်းလာခဲ့သည်။ “ ဒီလို ကြမ်းတမ်းတဲ့ စကားတွေ ပြောဖို့ လိုလို့လား။ ”

“ ကျွန်မရဲ့ စကားတွေကို ကြမ်းတမ်းတယ်လို့ ထင်ရင် ရှင်ကလည်း အရှက်မရှိတဲ့ လုပ်ရပ်တွေကို လုပ်ပြီး အမှိုက်စကားတွေ မပြောနဲ့လေ။ ဘာလို့လဲ။ ကျွန်မ အခု ပြောသွားတဲ့ စကားတွေက အမှန်တရားပဲ မဟုတ်ဘူးလား။ ”

တင်းကြွယ်စစ်သည် သူ့ဇနီး ပြောသမျှ စကားတွေအကုန်လုံးက အမှန်တရား ဖြစ်နေ၍ လည်ချောင်းထဲမှာ တစ်ဆို့သွားကာ ထိုအမှန်တရားက သူ့ကို ဆတ်ဆတ်ခါအောင် နာသွားစေလေသည်။

တင်းကြွယ်စစ်ရဲ့ မျက်လုံးထဲက ခါးသီးမှုတွေကို သတိထားမိသွားတဲ့ အမျိုးသမီးတင်းကတော့ ရုတ်တရက် အော်ရယ်ချင်သွားသည်။

သူတို့တွေ ချစ်နေကြတုန်းကတော့ ဒီအမျိုးသားဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် ပြစ်ချက်မရှိဘူးဟု အမြဲတမ်း တွေးထင်ခဲ့ဖူးသည်။ လူကြီးလူကောင်းဆန်သည် ၊ အရည်အချင်းရှိသည် ၊ စကားကို ချစ်ခင်နှစ်သက်ဖွယ်ဖြစ်အောင် ပြောတတ်သည် ၊ တခြားသူတွေအပေါ် ကြင်နာပြီး သူမအပေါ် ဘယ်လို ဂရုစိုက်ပေးရမလဲ ဆိုတာကိုလည်း သိသည်။

အခုအချိန်မှာ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲနေကြောင်း သိလိုက်ရတော့မှ သူမရဲ့ အမြင်မှားတွေ ကင်းစင်သွားကာ လူကြီးလူကောင်းဆန်တယ်လို့ သူမ ထင်ခဲ့တဲ့ လူက မာနထောင်လွှားနေတာသာ ဖြစ်ပြီး သူ့ရဲ့ လူကြီးလူကောင်းဆန်ခြင်းကလည်း သူရဲဘောကြောင်တာပဲ ဆိုတာကို နားလည်သွားသည်။

948 02

“ ရှင့်အတွက် အလုပ်,လုပ်ရတာ အရမ်း ပင်ပန်းတယ်လို့ ထင်နေရင်လည်း ကောင်းပြီလေ။ ဒီနေ့ကစပြီး ကျွန်မရဲ့ ဝန်ထမ်းတွေကို ရှင့်အတွက် ပရောဂျက်တွေ အလုပ်ရှုပ်ခံပြီး ရှာပေးနေစရာ မလိုတော့ဘူးလို့ အသိပေးလိုက်မယ်။ ရှင်နဲ့ ကျွန်မက ကွာရှင်းတော့မှာ ဆိုတော့ အခုက စပြီး တစ်ယောက်နဲ့ တစ်ယောက် ထပ်တွေ့စရာအကြောင်းလည်း မရှိတော့ဘူး။ ကျွန်မက ရှင်နဲ့ ဘာမှ မပတ်သက်တော့သလို ကျွန်မရဲ့ မိသားစုနဲ့ ရှင်နဲ့လည်း ဘာမှ မဆိုင်တော့ဘူး။ ကျွန်မရဲ့ အဖေနဲ့ အစ်ကိုကလည်း ရှင့်ကို ဘာအကူအညီမှ ထပ်ပေးတော့မှာ မဟုတ်လို့ ရှင့်ကိုယ်ရှင် ဂရုစိုက်သင့်တယ်။ ”

အမျိုးသမီးတင်းရဲ့ စကားတွေက တင်းကြွယ်စစ်ရဲ့ နှလုံးသားထဲကို ထိုးစိုက်သွားတဲ့ ဓားသွားတစ်လက်လိုပါပဲ။ ဒီကိစ္စကို သူ ပေါ့ပေါ့တန်တန် သဘောထားမိခဲ့တယ် ဆိုတာကို နားလည်သွား၍ တစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက်သော်လည်း သူ့ဇနီးက အိတ်တွေကို စပြီး ထုပ်ပိုးနေပြီ ဖြစ်သည်။

တင်းကြွယ်စစ် ထိတ်လန့်သွားရသည်။ “ မင်း ဘာလုပ်နေတာလဲ။ ”

++++

All Chapters