အခန်း ၉၅၁
Vol. 64 Ch. 951
951 01
အခန်း ( ၉၅၁ ) အိမ်ထောင်ဖက်လား ၊ ရန်သူလား။
နောက်ဆုံးမှာတော့ နျဉ်ချီလွေ့သည် ရသစုံအစီအစဉ်ကနေ ပြန်ရောက်လာကာ စုယန်ယန်ရဲ့ ရုံးခန်းကို ပြေးသွားခဲ့သည်။
ဘာဘီကျူးတွေကို အားရပါးရ စားပြနေတဲ့ ညီဖြစ်သူကို ကြည့်ပြီး ရက်စက်စွာ နှိပ်စက်ခံရအောင် ၊ သူ့ကို သဲကန္တာရထဲမှာ ဆာလောင်မွတ်သိပ်အောင် သူ့ညီကို ဘာဘီကျူးပါတီကို ဘယ်လို ဖိတ်ကြားလိုက်တာလဲ ဆိုတာ စုယန်ယန်ကို မေးချင်သည်။
သို့သော်လည်း စုယန်ယန်ရဲ့ ရုံးခန်းထဲကို သူ ရောက်,ရောက်ချင်းမှာပဲ ပွက်လောရိုက်နေတဲ့ အခြေအနေတွေကို မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားပြီး လာရင်းကိစ္စကိုတောင် မေ့လျော့သွားခဲ့သည်။
စုယန်ယန် ပြောပြတဲ့ စကားတွေကို ကြားတော့မှ သူ ဖြည်းဖြည်းချင်း သတိပြန်ဝင်လာပြီး “ အဲ့လို လူတွေနဲ့ ပြည့်နေတဲ့ လှေကို မှောက်ပစ်စရာ မလိုပါဘူး။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။
စုယန်ယန် အံ့ဩသွားကာ နျဉ်ချီလွေ့ကို မော့ကြည့်ပြီး အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ “ ဆင်းရဲတဲ့ ဘဝကနေ အမြင့်ကို ရောက်အောင် ကြိုးစားခဲ့ရတဲ့ ယောက်ျားတွေက ဘယ်လိုမျိုးလဲ ဆိုတာ နင် သိလား။ သူက အဲ့ခေါင်းစဉ်နဲ့ ထိုက်တန်တယ်။ ”
နျဉ်ချီလွေ့က ထိုစကားကို လက်မခံချင်ပုံဖြင့် မျက်မှောင်ကြုတ်သွား၏။ “ ကျွန်တော် သိပါတယ်။ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ကိုယ့်ထက် သာတဲ့ မိန်းမနဲ့ လက်ထပ်လိုက်တဲ့ ၊ ဆင်းရဲတဲ့ ယောက်ျားမျိုးကို ရည်ညွှန်းတာ မဟုတ်ဘူးလား။ ကြည့်ရတာ သူ့လို လူတော်တော်များများက ချမ်းသာတဲ့ မိန်းမနဲ့ လက်ထပ်ချင်ကြတဲ့ပုံပဲ။ ”
“ နင် အဲ့လို နားလည်ထားတာ မှန်တယ်။ ” စုယန်ယန်က သူ့ကို ပြုံးပြလိုက်သည်။ “ ဒါပေမဲ့ ငါ ပြောတဲ့ ‘ ဆင်းရဲတဲ့ ဘဝကနေ အမြင့်ရောက်အောင် ကြိုးစားခဲ့ရတဲ့ ယောက်ျား ’ ဆိုတာ ချမ်းသာဖို့အတွက် မိန်းမကို မှီခိုနေပေမဲ့ သူ့ကိုယ်သူ ကြိုးစားတယ် ၊ အရည်အချင်းရှိတယ် ဆိုပြီး ထင်နေတဲ့ လူမျိုးကို ပြောတာ။ သူက မိန်းမကို မမှီခိုရင်တောင် သူ့အလုပ်နဲ့ အောင်မြင်နိုင်မယ်လို့ ထင်နေတဲ့ ယောက်ျားမျိုးပေါ့။ တစ်ဖက်မှာ သူ့မိန်းမဘက်က မိသားစုက သူ့အတွက် ယူပေးလာတဲ့ အကျိုးအမြတ်တွေကို ပျော်ပျော်ကြီး ခံစားနေပေမဲ့ တစ်ဖက်မှာလည်း သူ့ကိုယ်သူ အထင်ကြီးနေတဲ့ လူမျိုး။ ဒီကိစ္စက သူ့အပေါ် ယူဆောင်လာတဲ့ မကောင်းတဲ့ သက်ရောက်မှုကို သူ မုန်းတယ်။ သူ့မိန်းမမိသားစုက သူ အဆင်ပြေအောင် ဖန်တီးပေးတဲ့ အခွင့်အလမ်းတွေက သူ့ကို ဆွဲချနေတယ် ၊ မလိုအပ်တဲ့ ဝေဖန်မှုတွေကို ခံရအောင် လုပ်နေတယ်လို့ ထင်နေတဲ့ ယောက်ျားမျိုး။ “
“ ဒါက … ” နျဉ်ချီလွေ့က စုယန်ယန်ရဲ့ စကားကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး အချိန်အတော်ကြာတော့မှ “ သူ့ဦးနှောက်မှာ တစ်ခုခု ချို့ယွင်းနေတာလား။ ” ဟု ပြန်မေးသည်။
စုယန်ယန်သည် ဟက်ဟက်ပက်ပက် ရယ်လိုက်မိပါသည်။ “ ငါတို့အမြင်နဲ့ ကြည့်ရင် သူ့ဦးနှောက်မှာ တစ်ခုခု ချို့ယွင်းနေတာပေါ့။ ဒါပေမဲ့ သူ့အမြင်မှာတော့ အဲ့ဒါက ကျိုးကြောင်းဆီလျော်တယ်လေ။ သူ့မိန်းမမိသားစုရဲ့ ပံ့ပိုးမှုကြောင့် သူက တစ်ဆင့်ပြီး တစ်ဆင့် မြင့်မားလာခဲ့တာ။ ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် သွေးနားထင်ရောက်ပြီး အရမ်း ကြီးမြတ်တဲ့ လူလို့ ထင်နေတယ်။ သူ့မိန်းမက သူ့ကို အမြင့်ရောက်အောင် ကူညီပေးခဲ့တယ် ဆိုတိုင်း သူ့ကို အရှက်ခွဲလို့ ရမလားပေါ့။ အပြင်က လူတွေက သူ့ကို ဘယ်လို ထင်မလဲပေါ့။ ”
စုယန်ယန်က ဘာ့ကြောင့်ရယ်မသိဘဲ ထိတ်လန့်စပြုလာတဲ့ နျဉ်ချီလွေ့ရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ကာ တဟင်းဟင်း ရယ်လိုက်သည်။ “ တချို့လူတွေက ကျားတစ်ကောင်က သူ့ခွန်အားကို ထုတ်မပြဘူးလို့ ထင်ကြတယ် ၊ တချို့လူတွေကတော့ သူ့မိန်းမကို ဟယ်လိုကစ်တိလေးလိုပဲ အစွယ်မရှိဘူးလို့ ထင်ကြတယ်။ စောင့်ကြည့်နေလိုက် ၊ သူမရဲ့ မိသားစုထဲမှာ သူ မြဲမြဲမြံမြံ ခြေကုပ်မိသွားတာနဲ့ သူမတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို အနှေးနဲ့ အမြန် ဝါးမျိုပစ်လိမ့်မယ်။ အဲ့အချိန်ကျ ဘယ်သူက ဘယ်သူ့ကို အထင်သေးရမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ ဆိုတဲ့ သဘောမျိုးပေါ့။ ”
နျဉ်ချီလွေ့ မျက်လုံးပြူးသွားရသည်။ ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး ရှုပ်ထွေးပွေလီတဲ့ ဇာတ်လမ်းမျိုးလဲ။ အဲ့လို လူမျိုးနဲ့ လက်ထပ်တာက ဝံပုလွေကို အိမ်ထဲ ဖိတ်ခေါ်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား … ။
“ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့မှာ ထောင်လွှားနိုင်တဲ့ အရည်အချင်းမရှိဘူး ၊ မိန်းမတစ်ယောက်ကို မှီခိုတာက ရှက်စရာကောင်းတယ် ဆိုတာကို သူ့ကိုယ်သူလည်း သိတယ်။ ဒါပေမဲ့ ရာထူးဂုဏ်ရှိန်တွေရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ဘူး။ သူ့မိန်းမကို မှီခိုပြီး သူ မြင့်မားလာတယ် ၊ အဲ့ဒါကို အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။ တခြားတစ်ဖက်မှာလည်း မိန်းမကို မှီခိုခဲ့ရတဲ့ သူ့ရဲ့ ရှက်စရာကောင်းတဲ့ အတိတ်ကို ဖျောက်ဖျက်ပစ်ချင်တယ်။ သူ့ကို အရင်တုန်းက ကူညီပေးခဲ့တဲ့ လူတွေကို သူ မကောင်းမြင်ဖို့ လွယ်လွယ်လေးပဲ။ သူ့အမြင်မှာ အဲ့ဒီလူတွေက သူ့ရဲ့ ရှက်စရာကောင်းတဲ့ အတိတ်ကို သတိပေးနေတဲ့ အဆင့်ထက် မပိုဘူး။ ”
951 02
“ သူ ချစ်တဲ့ လူတွေရဲ့ အသားတွေကို လှီးထုတ်တာ ၊ သူ့ဘေးက လူတွေရဲ့ နောက်ကျောကို ဓားနဲ့ ထိုးတာ ၊ ပြီးတော့ အရင်တုန်းက သူ့ကို အရေးမပါသလို ဆက်ဆံခဲ့ဖူးပေမဲ့ အခုတော့ သူ့ကို မြှောက်ပင့်ပြီး သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတဲ့ မာနစိတ်ကို ဖြေသိမ့်ပေးတဲ့ လူတွေရဲ့ စကားကို နားထောင်တယ်။ တခြားတစ်ဖက်မှာ သူ့မိန်းမနဲ့ သူ့မိန်းမရဲ့ မိသားစုကိုတော့ ငွေအားတွေ ၊ လူအားတွေ အများကြီး ကူညီပေးခဲ့ရတာတောင် အငြိုးထားခံရတယ် ၊ အမုန်းခံရတယ်။ သူတို့က လင်မယားတွေ ဆိုပေမဲ့ ရန်သူတွေ ဖြစ်နေတာထက်တောင် ပိုကြောက်စရာကောင်းနေတယ်။ အဲ့လို လူမျိုးကို လူကောင်းလို့ နင် ထင်လား။ ”
“ မထင်ဘူး မထင်ဘူး မထင်ဘူး … ” နျဉ်ချီလွေ့သည် လေယာဉ်ကို ပဲ့ထိန်းသည့် ပန်ကာဒလက်လို အလျင်အမြန် လက်ခါပြလိုက်သည်။ “ ကျွန်တော် မှားသွားတယ် ၊ ကျွန်တော် မှားသွားတယ်။ အဲ့လို လူမျိုးက လူကောင်း မဟုတ်ဘူး။ ”
စုယန်ယန်က သူ့ကို ကြည့်ပြီး ရယ်ချင်သွားသည်။ “ နင် မမှားပါဘူး။ ငါက ယောက်ျားကောင်းတွေ ရှားသွားပြီ ဆိုတဲ့ အဓိပ္ပာယ်နဲ့ပဲ ပြောတာပါ။ အကုန်လုံးကို သိမ်းကြုံးပြောနေတာ မဟုတ်ဘူး။ ”
++++++