အခန်း ၉၅၄
Vol. 64 Ch. 954
954 01
အခန်း ( ၉၅၄ ) ရှင်ဟာ မကောင်းတဲ့လူ။
နျဉ်ချီလွေ့သည် စုယန်ယန်ရဲ့ စကားကြောင့် လည်ချောင်းနင်သွားသော်လည်း သူ့မာနက တားဆီးနေလို့ အစားအသောက်အတွက် အသနားမခံနိုင်ဘူး ဆိုတာကို ပြောဖို့တော့ အတော်လေး ရှက်ရွံ့မိသည်။
“ အဟမ်း … ပရိုဂရမ်အဖွဲ့က မစ်ရှင်တချို့ ပြင်ဆင်ထားပေမဲ့ အဲ့ဒီမစ်ရှင်တွေက အရမ်းကို ရူးချင်စရာကောင်းတယ်။ ကျွန်တော်တို့ ကာကွယ်ရေးပစ္စည်းတွေ ဘာတစ်ခုမှ မပါဘဲနဲ့ လေထဲက ကြိုးတစ်ချောင်းပေါ်မှာ လမ်းလျှောက်ရတယ် ၊ ခေါင်မိုးပေါ်ကိုတောင် တက်ရသေးတယ်။ အတိုချုံ့ ပြောရရင်တော့ အရမ်းကို ပင်ပန်းစရာကောင်းပြီး အန္တရာယ်များပြီး အောင်မြင်ဖို့ ခက်ခဲတဲ့ မစ်ရှင်တွေပဲ။ ကျွန်တော်တို့က ရသစုံအစီအစဉ်မှာ ပါဝင်ရမှာလေ ၊ ဆပ်ကပ်မှာ ပါဝင်ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကြိုးစားကြည့်ပေမဲ့ အရမ်း အန္တရာယ်များတယ်လို့ ခံစားရလို့ နောက်ဆုံးမှာ လက်လျှော့ခဲ့ကြတယ်။ အရည်အသွေးနိမ့်တဲ့ အသီးတွေနဲ့ အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကို သုံးရက်နဲ့ နှစ်ညတိတိ အောင့်အီးသည်းခံပြီး စားခဲ့ရတာ။ ”
နျဉ်ချီလွေ့သည် ထိုစကားကို ပြောချိန်မှာ မုန်တိုင်းကြားမှာ ထိခိုက်သွားတဲ့ ပန်းလေးတစ်ပွင့်လို ပင်ပန်းနွမ်းလျကာ သနားစဖွယ်ကောင်းနေခဲ့ပြီး အချိန်မရွေး ညိုးနွမ်းခြောက်သွေ့သွားနိုင်သည်ဟု ထင်ရသည်။
စုယန်ယန်က သူ့စကားကြောင့် မျက်မှောင်ကြုတ်ပြီး ရှားကျွင်းရှန့်ကို လှမ်းပြောလိုက်သည်။ “ ပရိုဂရမ်အဖွဲ့ရဲ့ ဒါရိုက်တာကို ဆက်သွယ်ပြီး နောက်မစ်ရှင်မှာ လုံခြုံရေး ကြိုတင်ကာကွယ်မှုတွေကို လုပ်မထားရင် နျဉ်ချီလွေ့ကို မလွှတ်ဘူးလို့ ပြောလိုက်ပါ။ ဒီတစ်ခေါက်တော့ ဘာပြဿနာမှ မဖြစ်လို့ ထားလိုက်တော့။ နောက်တစ်ခေါက် ထပ်ရှိရင် တုန်ချမ်းရဲ့ တရားဥပဒေဌာနက သူတို့ကို တရားဥပဒေဘောင်ထဲက စကားပြောသွားမယ်။ ”
ယုတ္တိကျကျ ပြောရလျှင် ဝေးလံခေါင်ဖျားတဲ့ ဒေသက ဒီလို ရသစုံအစီအစဉ်မျိုးက စွန့်စားခန်းရသစုံအစီအစဉ်တွေနှင့် တော်တော်လေး ကွာခြားသည်။ သူတို့က လုံခြုံရေး ကြိုတင်ကာကွယ်မှုစာချုပ်တွေကို ရည်ရွယ်ချက်ရှိရှိ စာချုပ်မချုပ်ခဲ့တာ ဖြစ်သည်။
သို့သော်လည်း နျဉ်ချီလွေ့ အခု ပြောသွားတဲ့ မစ်ရှင်တွေက စုယန်ယန်ရဲ့ အမြင်မှာ စွန့်စားခန်းရသစုံအစီအစဉ်တွေလောက်တော့ အန္တရာယ်မများပေ။
ပရိုဂရမ်အဖွဲ့က လူစိတ်ဝင်စားမှုရဖို့အတွက် အနုပညာရှင်တွေကို ထူးဆန်းတဲ့ မစ်ရှင်တွေ ပေးနေတာကို စုယန်ယန် နားလည်ပေးနိုင်သော်လည်း အဲ့ဒါက အနုပညာရှင်တွေရဲ့ အသက်ကို ပရိုဂရမ်အဖွဲ့က ပြောင်ပြောင်တင်းတင်း ဟာသလုပ်နေခြင်းအား လက်ခံပေးမည် ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်။
စုယန်ယန်သည် ရှားကျွင်းရှန့်ကို အကျိုးအကြောင်းပြောပြီးသွားတော့ နျဉ်ချီလွေ့ဘက်ကို လှည့်ကာ နှစ်သိမ့်ပေးလိုက်သည်။ “ နင် လုပ်ခဲ့တာ မှန်တယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် နင့်အသက်နဲ့ လုံခြုံရေးက ပထမဦးစားပေး ဖြစ်သင့်တာပေါ့။ အနာဂတ်မှာ နင် အဲ့လို အဖြစ်အပျက်မျိုးနဲ့ ထပ်ကြုံရရင် နင့်အေးဂျင့်ကို ကုမ္ပဏီကို အသိပေးဖို့ ပြောလိုက်ပါ။ ကုမ္ပဏီမှာ နင့်ကို ကူညီပေးနိုင်မယ့် တစ်ယောက်ယောက် ရှိမှာပဲ။ အနည်းဆုံးတော့ နင့်မှာ နင့်အစ်ကို ရှိတယ် မဟုတ်ဘူးလား။ ”
ဒီကမ္ဘာကြီးမှာ သူ့မိသားစုက လွဲလို့ စုယန်ယန်က သူ့ကို ကူညီပေးမယ်လို့ ပထမဆုံး ပြောဖူးတဲ့ လူ ဖြစ်သည်။ နျဉ်ချီလွေ့က အိမ်မှာ အလိုလိုက်ခံရသော်လည်း ပျက်စီးနေတဲ့ ယောက်ျားလေးမျိုးတော့ မဟုတ်ပါ။ သူ အလုပ်မှာ ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ရတိုင်း သူ့ဘာသာ ဖြေရှင်းလေ့ရှိကာ သတင်းကောင်းကိုသာ ပြန်ပြောပြီး သတင်းဆိုးကိုတော့ အသိပေးလေ့မရှိ။
ဒီကိစ္စကို စုယန်ယန်ရှေ့မှာမှ အထူးတလည် ပြောလိုက်ရတဲ့ အကြောင်းအရင်းက သူ နောက်ဆက်တွဲ ပြောမယ့် အကြောင်းအရာအတွက် လမ်းပွင့်သွားအောင် ကြွားဝါချင်လို့ပဲ ဖြစ်သည်။
ဒါပေမဲ့ မျှော်လင့်မထားစွာနဲ့ …
နျဉ်ချီလွေ့တစ်ယောက် ရင်ထဲမှာ ထိခတ်လှုပ်ရှားနေတုန်းမှာပဲ စုယန်ယန်ရဲ့ အထင်သေးသလို ပြောစကားကို ကြားလိုက်ရသည်။ “ နင်က ဒုတိယမျိုးဆက် လူချမ်းသာသခင်လေး ဖြစ်ပါရက်နဲ့ ဒေါသကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာ အခု သိနေပြီ ဆိုတော့ ငါတို့နှစ်ယောက် စတွေ့တုန်းက ငါ့ကို အခက်တွေ့အောင် လုပ်ခဲ့တဲ့ ကောင်စုတ်က ဘယ်ရောက်သွားတာလဲ။ နင် နေမကောင်းဖြစ်ပြီးနောက်ပိုင်း စိတ်နှလုံးနူးညံ့သွားတာလို့တော့ ငါ့ကို မပြောနဲ့နော်။ ငါ နင့်အသက်ကို ကယ်ဖို့ အများကြီး အားစိုက်ခဲ့ရတာ။ အခုအချိန်မှာ နင့်ကို တစ်ခုခု ထိခိုက်သွားရင် နောက်ကိုးနှစ်မှာ ငါ့အတွက် ဘယ်သူက အလုပ်,လုပ်ပေးမှာလဲ။ ငါ့ အရှုံးပေါ်သွားမှာပေါ့။ ”
......
နျဉ်ချီလွေ့ : “ … ” ခုနတုန်းက အနည်းငယ် ပေါ်ထွက်လာတဲ့ ကျေးဇူးတင်စိတ်လေးကို သူ ပြန်မျိုချလိုက်ရသည်။
စုယန်ယန်က စကားဆုံးသွားတော့ ခေါင်းမော့ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ နင် ဘာလို့ အခုထိ အဲ့မှာ ရပ်နေတာလဲ။ တခြား ပြောစရာ ရှိသေးလို့လား။ ”
“ … ” အစ်မက ကျွန်တော့်ကို ဒီတိုင်းကြီး ထွက်သွားခိုင်းနေတာလား … ။ နျဉ်ချီလွေ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် တွန့်ချိုးသွားပြီး ရဲတင်းစွာ ပြောလိုက်သည်။ “ အဟမ်း … အဲ့ဒါက … ”
“ ဟမ်။ ”
954 02
“ ကျွန်တော့်ကောင်မလေးက အခုတလော ခံတွင်းပျက်နေတယ် ၊ သူ အရင်တုန်းက မစားဖူးတဲ့ အရသာရှိတဲ့ အစားအသောက်တစ်ခုခုကို စားချင်တယ်တဲ့။ ကျွန်တော့်အစ်ကိုနဲ့ တခြားလူတွေအတွက် အစ်မ လုပ်ကျွေးခဲ့တဲ့ ဘာဘီကျူးနဲ့ သူဖုန်းစားကြက်ကင်က တော်တော်လေး အဆင်ပြေတယ်လို့ ကျွန်တော် ထင်တယ်။ ”
စုယန်ယန် : “ … ” လတ်စသတ်တော့ သူက တစ်ချိန်လုံး ဒီမှာ နေပြီး ကွေ့ဝိုက်လှည့်ပတ်ပြောနေတာ သူမရဲ့ လက်ရာကို စားချင်လို့ကိုး … ။
မဆီမဆိုင် ဆွဲထည့်ခံလိုက်ရတဲ့ နျဉ်ချီလွေ့ရဲ့ ကောင်မလေး ရှားနျဉ်ရှီ : “ … ” ရှင်က ကျွန်မကို သက်သက် အရှက်ကွဲအောင် လုပ်နေတာပဲ။ ရှင်ဟာ မကောင်းတဲ့ လူ။
+++++