အခန်း ၉၅၅
Vol. 64 Ch. 955
955 01
အခန်း ( ၉၅၅ ) ယောက်ျားတွေများ !
စုယန်ယန်သည် တစ်ချက် ကြည့်လိုက်ရုံဖြင့် နျဉ်ချီလွေ့ရဲ့ အတွေးတွေကို ထွင်းဖောက်မြင်သည်။ သူ့စကားကြောင့် အဲ့ဒီနေ့တုန်းက ယန်ရှောင်ရန်နှင့် ရောက်လာတဲ့ လန်ကျားယီကို သူမ ဖျတ်ခနဲ သတိရသွား၏။
လန်ကျားယီရဲ့ ကောင်မလေးနှင့် နျဉ်ချီလွေ့ရဲ့ ကောင်မလေးက အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သည်။ ထိုနေ့တုန်းက လန်ကျားယီရဲ့ စိတ်ထဲမှာ အတွေးတွေ အများကြီး ရှိခဲ့တာ ဖြစ်လောက်သည်။ သူဟာ လင်းရှောင်ချီးနှင့် နျဉ်စစ်ယွမ်ကဲ့သို့ “ သူ့မိသားစုကို ” ခေါ်လာနိုင်လိမ့်မည် ၊ မရီးကို အဖော်ပြုပေးရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပါ။
စုယန်ယန်တို့အိမ်က ပြန်တော့ သူ့ကောင်မလေးဆီကို သွားကာ သူ့ရဲ့ အံ့ဩဖွယ်ရာ ရှာဖွေတွေ့ရှိမှုနှင့် ဟောက်မိသားစုအိမ်တော်မှာ သူ စားခဲ့တဲ့ စားကောင်းသောက်ဖွယ်တွေအကြောင်း ပြောပြခဲ့လေသည်။ ရလဒ်ကတော့ ထင်ရှားပါသည်။ အစားအသောက်ကောင်းတွေကို တစ်ယောက်တည်း စားတဲ့ ယောက်ျားမျိုးက ရည်းစားထားဖို့ မထိုက်တန်ပေ။
လမ်းခွဲတဲ့ အဆင့်ထိတော့ ရောက်မသွားပေမဲ့လည်း အိမ်တွင်းအကြမ်းဖက်မှုကိုတော့ သေချာပေါက် ရှောင်လွှဲမရခဲ့ပေ။
တစ်ယောက်က အစားအသောက်ကောင်းတွေကို တစ်ယောက်တည်း ပျော်ပျော်ကြီး စားပြီး သူ့ကောင်မလေးကို ကြွားဝါနေစဉ်မှာ ကျန်တစ်ယောက်ကတော့ ကောင်မလေးကို ဆင်ခြေအဖြစ် အသုံးချပြီး အစားအသောက်တွေကို တစ်ယောက်တည်း စားဖို့ ကြိုးစားနေသည်။
ဟမ့် ၊ ယောက်ျားတွေများ … ။
စုယန်ယန်သည် ရသစုံအစီအစဉ်မှာ ဒုက္ခရောက်အောင် ဖိအားပေးခံခဲ့ရတဲ့ နျဉ်ချီလွေ့ကို နှစ်သိမ့်ပေးပြီး သူ့ကို လန်ကျားယီရဲ့ ခြေရာအတိုင်း လိုက်နင်းမှာကို ကာကွယ်ဖို့အတွက် လူတစ်ယောက်ကို နျဉ်ချီလွေ့ထံ ဟင်းလျာတစ်ပန်းကန် ပို့ပေးခိုင်းလိုက်သည်။
ဒါပေမဲ့ …
“ နင့်ကောင်မလေးက စားချင်နေတာ ဆိုတော့ ဒါကို နင့်ကောင်မလေးဆီ ပြန်ယူသွားနော်။ ” စုယန်ယန်က ပြောရင်း နျဉ်ချီလွေ့ကို အဓိပ္ပာယ်ပါသော လူယုတ်မာအပြုံးနှင့် ပြုံးပြလိုက်သည်။ “ မိန်းကလေးရှားက ငါတို့ကုမ္ပဏီနဲ့ အလုပ် တွဲလုပ်ဖူးတယ်။ အစ်ကိုကျွင်းရှန့်မှာ သူ့ဖုန်းနံပါတ် ရှိလောက်သေးတယ်။ ”
နျဉ်ချီလွေ့မျက်နှာပေါ်က အပြုံးက ချက်ချင်း အေးခဲသွားသည်။ သူမရဲ့ ဖုန်းနံပါတ်ရှိတာက သူမကို အချိန်မရွေး ဆက်သွယ်နိုင်သလို သူ့အလိမ်အညာကိုလည်း အချိန်မရွေး ဖော်ထုတ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။
ဒါဆို သူ ဒီလောက် အကြာကြီး အလုပ်ရှုပ်ခံခဲ့ပေမဲ့ နောက်ဆုံးမှာတော့ တခြားတစ်ယောက်အတွက် မင်္ဂလာဆောင်ဝတ်စုံချုပ်ပေးရမှာလား … ။
မူလတုန်းက သူ့ကို နေရောင်ခြည် အနည်းအကျဉ်းဖြင့် တောက်ပစေခဲ့သူသည် အခုတော့ ရုတ်တရက် ညိုးနွမ်းခြောက်သွေ့သွားခဲ့ပြန်ပါပြီ။
......
သို့သော်လည်း သူ့ကိုယ်သူ သတိပြန်စုစည်းလိုက်သည်။ သူ့ကောင်မလေးက သူ့ကို အရမ်း ချစ်တာမို့ သေချာပေါက် တစ်ယောက်တည်း စားမှာတော့ မဟုတ်ပါ။ သူ ယူသွားပေးတဲ့ အချိန်မှာ သူနှင့်အတူတူ မျှဝေစားလို့ ရသည်။ သူ ကံကောင်းနေပါသေးသည်။
ကံကောင်းစွာဖြင့် စုယန်ယန်က သူ့အတွေးတွေကို မသိတာလား ၊ စိတ်ထဲကနေပဲ တိတ်တိတ်လေး ကျိတ်လှောင်နေတာလားတော့ မပြောတတ်ပါ။
ဟွန်း ၊ ယောက်ျားတွေက တစ်ခါတလေ ဉာဏ်နီဉာဏ်နက်များပြီး တစ်ခါတလေကျ သိပ်ကို တုံးအလွန်းတာ အံ့ဩစရာကောင်းတယ် … ။ အရသာရှိတဲ့ အစားအသောက်တွေနဲ့လည်း ဖြားယောင်းခံလိုက်ရရော ၊ ချစ်သူရည်းစား ဆိုတာ ဘယ်ရောက်သွားတာလဲ။ သူတစ်ယောက်တည်း စားဖို့ ကြံနေတာ မဟုတ်လား။
စုယန်ယန်က ရှားကျွင်းရှန့်အား အင်တာနက်ပေါ်က လူထုအမြင်တွေကို လှုံ့ဆော်ခြင်းအား ယာယီ ရပ်တန့်ခိုင်းထားသော်လည်း အမျိုးသမီးတင်း ကလေးတွေကို ခေါ်ပြီး မိဘအိမ်ကို ဆင်းသွားတဲ့ သတင်းကို သိပ်မကြာလိုက်ဘဲ မီဒီယာတစ်ခုက ထုတ်ဖော်လိုက်သည်။
အမျိုးသမီးတင်းရဲ့ လုပ်ရပ်က မူလတုန်းက ဘယ်ဘက်ကို ရပ်တည်ရမှန်းမသိ ယိမ်းယိုင်နေတဲ့ အမှန်တရားဘက်တော်သား ပွဲကြည့်သူတွေကို ချက်ချင်း ဘက်ပြောင်းသွားစေခဲ့သည်။
955 02
သူသာ မဖောက်ပြန်ဘူး ဆိုရင် ညသန်းခေါင်ကြီး မိန်းမလှလေးတစ်ယောက်နဲ့ ဟိုတယ်အခန်းထဲကို နှစ်ယောက်တည်း သွားစရာ လိုလို့လား။ သူသာ မဖောက်ပြန်ဘူး ဆိုရင် သူ့မိန်းမကရော ကလေးတွေလက်ကို ဆွဲပြီး အိမ်ပေါ်က ဆင်းသွားမှာတဲ့လား။
အချက်အလက်တွေသည် ရန်ပွဲဟာ ပိုမိုပြင်းထန်လေ ၊ လူတွေဟာ သတင်းတွေကို ပိုသဘောကျလဲ ဆိုတာကို သက်သေပြပေးခဲ့၏။
“ အစ်ကိုတင်းက သူ့မိန်းမကို ဒီလောက် ချစ်တာ ၊ အဲ့လို ကြာပန်းဖြူမနဲ့ ဖောက်ပြန်မှာ မဟုတ်ဘူး။ ” လို့ အစတုန်းက အော်ဟစ်နေခဲ့ကြသော ပရိသတ်များလည်း ဒီတစ်ခေါက်တော့ နည်းနည်းလေး ဇဝေဇဝါဖြစ်သွားကြသည်။
သူတို့ အင်တာနက်ပေါ်မှာ အကြာကြီး တိုက်ခိုက်ပြီး တင်းကြွယ်စစ်ဟာ သူ့ဇနီးကို ဘယ်လောက် ချစ်ကြောင်း နေရာတိုင်းမှာ လိုက်ပြောနေခဲ့ပေမဲ့ အဆုံးသတ်မှာတော့ သူက ကျောခိုင်းပြီး သူ့မိန်းမနဲ့ ကလေးတွေကို သူမရဲ့ မိဘအိမ်ကို ပြန်လွှတ်ခဲ့တာတဲ့လား … ။ သူ့မိန်းမကို ပြန်မချော့ဘဲနဲ့လေ … ။ ဒါကြီးက …
အမျိုးသမီးတင်း ပြောခဲ့သလိုပဲ တင်းကြွယ်စစ်ဟာ အနုပညာနယ်ပယ်ထဲကို အစောကြီးကတည်းက ဝင်ရောက်ခဲ့တယ် ဆိုပေမဲ့လည်း သူမနှင့် လက်ထပ်ပြီးတော့မှသာ အမှန်တကယ် နာမည်ရလာခဲ့တာ ဖြစ်ပါသည်။
အမျိုးသမီးတင်းရဲ့ မိသားစုက သူ့အတွက် ပရောဂျက်တွေ အများကြီး ရှာပေးခဲ့သလို သူ့အဖွဲ့ကလည်း မိသားစုကို အရမ်း ချစ်တဲ့ အမျိုးသားတစ်ယောက်အဖြစ် သူ့ပုံရိပ်ကို တည်ဆောက်ပြီး ပရိသတ်တွေ အများကြီးကို ဆွဲဆောင်ပေးခဲ့သည်။
သူ့အနုပညာကို ကြည့်ပြီး အားပေးတဲ့ ပရိသတ်တချို့ ရှိတယ် ဆိုပေမဲ့လည်း အများစုက သူနှင့် သူ့ဇနီးရဲ့ စုံတွဲပရိသတ်လေးတွေပင်။ အခု သူ့ပုံရိပ်က ပြိုလဲသွားသောအခါ ထိုစုံတွဲပရိသတ်လေးတွေရဲ့ နှလုံးသားက အေးစက်သွားပြီး သူ့ပရိသတ်အဖြစ်ကနေ တစ်ယောက်ပြီး တစ်ယောက် နှုတ်ထွက်သွားခဲ့ကြသည်။
+++++