← Chapters

အခန်း ၉၅၇

Vol. 64 Ch. 957

အခန်း ၉၅၇

Vol. 64 Ch. 957

957 01

အခန်း ( ၉၅၇ ) သူနဲ့ အတူ ငရဲကို လိုက်သွားလိုက်။

“ အခုအချိန်မှာ မင်း ရင်ဆိုင်နေရတဲ့ ပြဿနာက အိမ်ထောင်ရေးဖောက်ပြန်မှု တစ်ခုတည်း မဟုတ်ဘူး။ မင်း ဒီပြဿနာကို သေချာ မကိုင်တွယ်ရင် အနုပညာနယ်ပယ်ထဲမှာ နှစ်တွေ အများကြီး ကျင်လည်လာခဲ့တဲ့ မင်းကို စီနီယာဖြစ်နေတာကို အခွင့်ကောင်းယူပြီး အမျိုးသမီးသရုပ်ဆောင်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်လို့ နာမည်တပ်ခံရလိမ့်မယ်။ အဲ့အမျိုးသမီးက အဲ့အချိန်မှာ ငိုယိုပြီး သူ အတင်းအကျပ် ဖိအားပေးခံခဲ့ရတာပါလို့ ပြောရင် မင်းရဲ့ အနုပညာလမ်းကြောင်းက မြောင်းထဲ ရောက်ပြီပဲ။ အဲ့အချိန်ထိ စောင့်နေမယ့်အစား ငါတို့ဘက်က လက်ဦးမှုယူလိုက်တာ ပိုကောင်းတယ်။ ”

မန်နေဂျာ ပြောတဲ့ လက်ဦးမှုရယူတယ် ဆိုတာ အလွန် ရိုးရှင်းပါသည်။ တာဝန်ယူမှုကို အမျိုးသမီးဘက်ကို လွှဲချပြီး သူမဟာ သူ့ကို အကွက်ကျကျ မြှူဆွယ်ခဲ့ပါတယ်လို့ အရိပ်အမြွက်ပေးဖို့ပါပဲ။ ပြီးရင် သူတို့နှစ်ယောက် ဟိုတယ်အခန်း တစ်ခန်းထဲမှာ အတူတူ ရှိနေခဲ့တယ် ဆိုတာကလည်း အမျိုးသမီးဘက်က လူသိများချင်လို့ သတင်းမှားတွေ လွှင့်နေတာဖြစ်ကြောင်း ပြောလိုက်လို့ ရသည်။

သူ့ပရိသတ်တွေကို အံ့ဩဘနန်းဖြစ်သွားအောင် လုပ်ပြီးမှ ရှေ့ထွက်လာကာ အပြစ်ကင်းစင်ကြောင်း သက်သေပြလို့ ရသည်။ အရင်ဆုံး အပြစ်တင်ခံပြီးတော့မှ သူ့ဂုဏ်သတင်းကို ရှင်းလင်းကာ အောင်မြင်ကျော်ကြားမှုကို ပြန်လည်ရယူမယ့် နည်းလမ်းမျိုး ဖြစ်သည်။

ထိုအချိန်မှာ လက်နက်အဖြစ် အသုံးချခံခဲ့ရတဲ့ တင်းကြွယ်စစ်က သူ့ဂုဏ်သတင်းကို ရှင်းလင်းနိုင်ရုံသာမက ပရိသတ်တွေရဲ့ ကရုဏာတရားတွေကိုပါ ခြွေယူပြီး သူ့ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မည်။

သို့သော် မန်နေဂျာသည် မကြာသေးမီက ဇနီးဖြစ်သူ ပြောသွားတဲ့ စကားတွေကြောင့် စိတ်နှင့်ကိုယ်မကပ်သလို ဖြစ်နေတဲ့ တင်းကြွယ်စစ်ဟာ ဝမ်ကျင့်ဖျင် ဆိုတဲ့ နာမည်ကို ကြားသည်နှင့် ဝုန်းခနဲ ထခုန်လာလိမ့်မည်ဟု မျေီာ်လင့်မထားခဲ့ပေ။ သူ့ရဲ့ ဖနောင့်ကြောကို ရိုက်နှက်ခံရလို့လားလို့တောင် ထင်ရသည်။

“ မရဘူး။ ”

မန်နေဂျာက လည်ချောင်းနင်သွားပြီး မည်းမှောင်သော မျက်နှာဖြင့် “ ဘာလို့ မရတာလဲ။ ” ဟု ပြန်မေးသည်။

“ ကျွန်တော့်အဖြေက မရဘူးပဲ။ ”

မန်နေဂျာက တင်းကြွယ်စစ်ကို သင်္ကာမကင်းသော အကြည့်ဖြင့် ကြည့်ပြီး လှောင်ရယ်လိုက်သည်။ “ မင်း အဲ့အမျိုးသမီးကို ချစ်နေတာလို့တော့ ငါ့ကို မပြောနဲ့နော်။ မင်း သူ့ကို ချစ်တယ် ဆိုရင်တောင် ဘာလုပ်မလို့လဲ။ မင်းမိန်းမနဲ့ ကွာရှင်းပြီး သူနဲ့ အတူတူ လက်တွဲသွားမလို့လား။ ”

တင်းကြွယ်စစ်ရဲ့ မျက်နှာက ခဏလောက် ရှုံ့မဲ့သွားသည်။ သူ ငတုံး မဟုတ်ပါ။ အခုအချိန်မှာ သူ့မိန်းမနှင့် ကွာရှင်းပြီး ဝမ်ကျင့်ဖျင်နှင့် လက်တွဲလိုက်လျှင် သူ့အနာဂတ် ပျက်စီးသွားလိမ့်မည်။

ဒါပေမဲ့လည်း အကြောင်းတရားက သက်သက် ၊ ခံစားချက်တွေက သက်သက်ပဲ ဖြစ်သည်။

အကြောင်းတရားက သူ့အား အဲ့လို မလုပ်ဖို့ ပြောနေပေမဲ့ သူ့နှလုံးသားထဲက အသံတစ်သံကတော့ သူ့အား ဝမ့်ကျင့်ဖျင်ကို ဂရုစိုက်ဖို့ တိုက်တွန်းနေ၏။ သူမကို ချစ်ရမည် ၊ အလိုလိုက် အရေးပေးရမည် ၊ ပြီးတော့ သူမကို နာကျင်အောင် လုပ်လို့လည်း မဖြစ်။

......

သူ့မိန်းမက ကလေးတွေကို မိဘအိမ်ခေါ်သွားတဲ့ အချိန်တုန်းက သူ့ရဲ့ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်အပေါ် တင်းကြွယ်စစ် နောင်တရခဲ့မိသည်။ သူမနှင့် ကွာရှင်းချင်သည်ဟု သူ့ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်လေ။

ဒါပေမဲ့ အချိန်အများစုမှာတော့ သူ စိတ်အေးချမ်းသာရသည်။ သူ လူလွတ် ပြန်ဖြစ်သွားပြီး ဝမ်ကျင့်ဖျင်ကို ပွင့်ပွင့်လင်းလင်း ပိုးပန်းနိုင်တော့မှာမို့ ဒီလို ဖြစ်သွားတာလည်း တစ်မျိုးတော့ ကောင်းသည်ဟု ခံစားရသည်။

957 02

ထိုအတွေးကို တွေးမိချိန်မှာ တင်းကြွယ်စစ်တစ်ယောက် သူ့ကိုယ်သူ ထိတ်လန့်သွားသည်။ ဒါပေမဲ့လည်း နားလည်ရခက်တဲ့ သွေးဆောင်မှုကို မလွန်ဆန်နိုင်ဘဲ အသူရာချောက်နက်ကြီးကို ခြေပစ်လက်ပစ် ခုန်ဆင်းချင်သည်။

တင်းကြွယ်စစ်ရဲ့ မန်နေဂျာက သူ ဘာမှ မပြောဘဲ အကြာကြီး နှုတ်ဆိတ်နေတာကို ကြည့်ပြီး သည်းခံနိုင်စွမ်းတွေ တဖြည်းဖြည်း ကုန်ခမ်းသွားကာ ရာဇသံပေးလိုက်သည်။ “ မင်းရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ သူ့ကြားမှာ မင်း တစ်ခုကိုပဲ ရွေးချယ်လို့ ရတယ်။ ”

အစတုန်းကတော့ မန်နေဂျာသည် တင်းကြွယ်စစ်ကို အနာဂတ်နှင့် ကိုင်ပြီး ခြိမ်းခြောက်လိုက်လျှင် တင်းကြွယ်စစ်ရဲ့ စရိုက်နှင့်ဆို သူ့အလုပ်ကိုပဲ မဆိုင်းမတွ ရွေးချယ်လိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် မျှော်လင့်မထားစွာဖြင့် တင်းကြွယ်စစ်က နှုတ်ဆိတ်နေဆဲပင်။ မန်နေဂျာရဲ့ အမြင်မှာ ထိုနှုတ်ဆိတ်မှုက တင်းကြွယ်စစ်ဟာ သူ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ ဂုဏ်သတင်းနှင့် နေရာကို အမျိုးသမီးတစ်ယောက်နှင့် အမှန်တကယ်ပဲ လဲချင်နေတာ ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားစေသည်။

မန်နေဂျာရဲ့ မျက်နှာက ပြိုတော့မည့်မိုးနှယ် မည်းမှောင်သွားကာ တင်းကြွယ်စစ်ကို သွားကြားထဲမှ ထွက်လာသော လေသံဖြင့် ပြောလိုက်သည်။ “ ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ မင်းက ရူးသွားပြီပဲ တင်းကြွယ်စစ်။ ကုမ္ပဏီမှာ မင်း မရှိရင် မဖြစ်ဘူးလို့ ထင်နေတာလား။ ကောင်းပြီလေ ၊ မင်းက သူ့ကို အရမ်း ချစ်ပြီး ကာကွယ်ပေးချင်နေမှတော့ သူနဲ့ အတူတူ ငရဲကို လိုက်သွားလိုက်။ ငါ ဒီကိစ္စကို ထပ်ဂရုမစိုက်တော့ဘူး။ အနာဂတ်မှာ မင်း နောင်တရရင်တောင် ငါ့ကို လာမရှာနဲ့။ ဒီနေ့က စပြီး ငါက မင်းမန်နေဂျာ မဟုတ်တော့ဘူး။ ”

မန်နေဂျာသည် ထိုသို့ ပြောပြီး ချာခနဲ လှည့်ထွက်သွားခဲ့သည်။ တင်းကြွယ်စစ်ကတော့ ဒေါသထွက်နေသော အမူအရာဖြင့် နေရာမှာ ရပ်လျက် ကျန်ခဲ့သည်။ ထွက်ခွာသွားတဲ့ မန်နေဂျာရဲ့‌ ကျောပြင်ကို ကြည့်ရင်း သူ့အတွက် အရေးကြီးတဲ့ အရာတွေက သူ့ကို တစ်ခုပြီး တစ်ခု စွန့်ခွာသွားသလို ခံစားရသည်။ ရုန်းကန်ဖို့ သူ တွေးကြည့်သော်လည်း ထိုအတွေးတွေ ပေါ်လာသည်နှင့် မမြင်နိုင်တဲ့ တစ်ခုခုကြောင့် ပြိုပျက်သွားသည်။ သူ စိတ်တည်ငြိမ်သွားသောအခါ သူ့မန်နေဂျာကို ထပ်ရှာချင်လာသည်။ အစပိုင်းတုန်းက သူ့ရဲ့ ခေါင်းမာမှုတွေ ဘယ်ရောက်သွားပြီလဲ မသိတော့ချေ။

++++++

All Chapters