← Chapters

အခန်း ၉၅၈

Vol. 64 Ch. 958

အခန်း ၉၅၈

Vol. 64 Ch. 958

958 01

အခန်း ( ၉၅၈ ) သူ့ကို လျော်ကြေးတောင်းလိုက်။

တင်းကြွယ်စစ်ရဲ့ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်မှုက သူ့မန်နေဂျာကို ဒေါသထွက်စေရုံသာမက ဟေးရီအန်တာတိန်းမန့်ရှိ လူထုဆက်ဆံရေးဌာနကို တာဝန်ယူထားတဲ့ အထက်လူကြီးတွေကိုလည်း အလွန် ဒေါသပေါက်ကွဲသွားစေခဲ့သည်။

သူတို့နှစ်ယောက်က ဒီလို ပြဿနာကြီးကို အတူတူ ဖြေရှင်းဖို့ မကြိုးစားဘဲနဲ့ ကုမ္ပဏီကို ဆွဲချနေတာပဲ။ အခုလို ဖြစ်ရတာ နည်းတောင် နည်းသေးတယ် … ။

အွန်လိုင်းပေါ်မှာ တင်းကြွယ်စစ် ၊ ဝမ်ကျင့်ဖျင်တို့နှင့် ပတ်သက်တဲ့ ကောလဟာလတွေက တဖြည်းဖြည်း ပိုပြင်းထန်လာပြီး နောက်ဆုံးမှာတော့ သို့ထျန်းယီရဲ့ နားထဲကိုတောင် သတင်းတွေ ရောက်သွားခဲ့သည်။

“ အဲ့ကိစ္စကို အခုထိ မဖြေရှင်းရသေးတာလား။ ” သို့ထျန်းယီက အနည်းငယ် မည်းမှောင်နေသော အမူအရာဖြင့် စားပွဲပေါ်က စာရွက်စာတမ်းတွေကို ကြည့်နေသည်။

တကယ်တော့ သူ ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို ဂရုစိုက်လေ့မရှိပါ။ အစပိုင်းမှာ ဝမ်ကျင့်ဖျင်ကို ကုမ္ပဏီကို ခေါ်သွင်းလာခဲ့သူက သူကိုယ်တိုင် ဖြစ်နေတာကြောင့်သာ ဂရုစိုက်နေရခြင်း ဖြစ်သည်။

သူမကြောင့် စုယန်ယန်နှင့် မဆုံတွေ့ရသေးခင်ကတည်းက စုယန်ယန်ကို ဒေါသထွက်စေမိခဲ့သည်။ ထိုအမျိုးသမီးအပေါ် သို့ထျန်းယီရဲ့ သဘောထားက တကယ့်ကို နားလည်ရခက်ပါသည်။

“ သူတို့နှစ်ယောက်လုံးက ကျွန်တော်တို့ကုမ္ပဏီရဲ့ အနုပညာရှင်တွေ ဆိုတော့ ဒီလို အချိန်မှာ သူတို့ကို စွန့်ပစ်လိုက်ရင် ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်သွားလိမ့်မယ်။ ” လီယွဲ့က သို့ထျန်းယီကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။

သို့ထျန်းယီမှာ ထူးခြားတဲ့ တုံ့ပြန်မှုတွေ မရှိတာကို မြင်တော့မှ တစ်ချက် စဉ်းစားပြီး ဆက်ပြောလိုက်သည်။ “ ဝမ်ကျင့်ဖျင်က ကုမ္ပဏီကို ရောက်တာ အချိန်ခဏပဲ ရှိသေးပေမဲ့ ကျွန်တော်တို့ သူ့ကို စွန့်ပစ်ချင်ရင် ဘက်ပေါင်းစုံကနေ စဉ်းစားရမှာ။ သူ ရိုက်ထားတဲ့ ဇာတ်လမ်းတွဲကို မကြာခင် ထုတ်လွှင့်တော့မှာလေ။ ပြီးတော့ တင်းကြွယ်စစ်ဘက်ကလည်း သဘောမတူဘူး။ ”

သို့ထျန်းယီရဲ့ မျက်လုံးတွေက အေးစက်သွားပြီး အဓိကဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ “ တင်းကြွယ်စစ်က သဘောမတူဘူးလား။ သူ ဘာလို့ သဘောမတူတာလဲ။ ”

ထိုမေးခွန်းကို ကြားတော့ လီယွဲ့ရဲ့ အမူအရာက မသိမသာ ပြောင်းလဲသွားကာ ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ သဘောမတူတဲ့ လူက တင်းကြွယ်စစ်ပါ။ သူ … သူက … ”

“ သူ ဝမ်ကျင့်ဖျင်ကို စိတ်ဝင်စားနေတာလား။ ” သို့ထျန်းယီက မျက်လုံးတွေကို ကျဉ်းမြောင်းပြီး လှောင်ပြုံး ပြုံးလိုက်သည်။ “ သူက ဝမ်ကျင့်ဖျင်အတွက် သူ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုတောင် စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေတာပဲ။ ဒီအချစ်က ရင်နင့်စရာကောင်းလိုက်တာ။ သူ့မှာသာ မိန်းမနဲ့ ကလေးတွေ ရှိနေတာကို မသိရင် သူ့ကို အချစ်ရူးနေတဲ့ လူတစ်ယောက်လို့ ငါ ထင်မိမှာ။ ”

လီယွဲ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် တွန့်ချိုးသွားကာ သူ့ဘော့စ်က အရမ်း ထေ့ငေါ့ပြောနေတာပဲလို့ ခံစားလိုက်ရသည်။

ဘာကို အချစ်ရူးလဲ။ သူက သူ့မိန်းမနဲ့ ကလေးတွေကို ဘယ်လို ချစ်ရမလဲ ဆိုတာ မသိဘဲနဲ့ မယားငယ်ကိုပဲ တမ်းတမ်းစွဲနေတာလေ … ။ သို့ထျန်းယီလို လူမျိုးအတွက် အချစ် ဆိုတဲ့ အရာက ပွင့်ပွင့်လင်းလင်း ပြောရလျှင် “ ရမ္မက် ” ပါပဲ။

“ ဒီပြဿနာ‌ကြောင့် သို့ထျန်းယီနဲ့ သူ့မန်နေဂျာ စကားများကြတယ်တဲ့။ သူ့မန်နေဂျာက သူနဲ့ အလုပ်ဆက်မလုပ်ဖို့ စာတင်ပြီးပြီလို့ ပြောတယ်။ ”

“ သူက မိန်းမလှလေးကိုပဲ ချစ်ပြီး သူ့အလုပ်ကို မချစ်ဘူး ဆိုရင်လည်း သူ့လမ်းအတိုင်းပဲ သွားခိုင်းလိုက်တော့။ ကုမ္ပဏီကိုတော့ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ငြင်းဆန်ဖို့ ကြေညာစာ ထုတ်ပြန်ခိုင်းလိုက်။ လူတွေ ယုံတာ ၊ မယုံတာက အရေးမကြီးဘူး။ ကုမ္ပဏီဘက်ကတော့ ကုမ္ပဏီရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းရမှာပဲ။ ”

အနာဂတ်မှာ တင်းကြွယ်စစ် အနုပညာနယ်ပယ်ထဲကို တစ်ကျော့ပြန် ဝင်ရောက်နိုင်မလား ဆိုတာကိုတော့ ဂရုမစိုက်ပါ။ တင်းကြွယ်စစ် မရှိလည်း ကုမ္ပဏီမှာ သူ့နေရာကို အစားထိုးနိုင်တဲ့ လူအသစ်တွေ အများကြီး ရှိသည်။ အစာမထိုးနိုင်တဲ့ လူ ဆိုတာ မရှိပါ။

လီယွဲ့သည် သို့ထျန်းယီရဲ့ စကားကို ကြားသောအခါ စိတ်သက်သာရာရသွားသော သင်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်မိသည်။

တင်းကြွယ်စစ်ရဲ့ ယောက္ခမက ဟေးရီအန်တာတိန်းမန့်မှာ ရှယ်ယာ အနည်းအကျဉ်းကို ပိုင်ဆိုင်ထားသည်။ ရှယ်ယာ အများကြီး ပိုင်ဆိုင်မထားပေမဲ့လည်း သူက အနုပညာရှင်လေးတစ်ယောက်ကိုတော့ အလွယ်တကူ ထိန်းချုပ်နိုင်သည်။

958 02

လီယွဲ့လည်း တင်းကြွယ်စစ် ကျူးလွန်ထားတဲ့ မကောင်းတဲ့ ကိစ္စတွေကို ကြားဖူးပါသည်။ အမျိုးသမီးတင်းက မုန်တိုင်းထန်နေသော နှလုံးသားဖြင့် ကလေးတွေကို သူမရဲ့ အမေအိမ်ကို ပြန်ခေါ်သွားခဲ့တာ ဖြစ်သည်။ တင်းကြွယ်စစ်နှင့် ကွာရှင်းဖို့ သူမ ဆုံးဖြတ်ပြီးတာ ထင်ရှားသည်။

နှစ်ချီပြီး ဖောက်ပြန်ခံခဲ့ရတဲ့ ဘယ်သူမဆို မလွဲမသွေ ဒေါသထွက်လိမ့်မည်။ တကယ်လို့သာ ဘော့စ်က တင်းကြွယ်စစ်ကို ကာကွယ်ပေးရင် အနာဂတ်မှာ ပြဿနာတချို့ ပေါ်ပေါက်လာနိုင်သည်။ သူ့ကို ဒီလိုမျိုး စွန့်ပစ်လိုက်တာက ပြဿနာတွေ အများကြီးကို ကင်းရှင်းအောင် လုပ်ပြီးသား ဖြစ်သွားသည်။

“ အမျိုးသမီးတင်းရဲ့ ဇာတ်လမ်းတွဲအသစ်ကို မကြာခင် ထုတ်လွှင့်တော့မှာ။ ထုတ်လွှင့်ပြသတဲ့ နေ့မှာမှ ဒီလို ကောလဟာလမျိုး ထွက်လာတော့ ကြည့်ရှုသူအဆင့်သတ်မှတ်ချက်တွေ မကောင်းမှာကို ကျွန်တော် စိုးရိမ်မိတယ်။ ”

လီယွဲ့ရဲ့ စကားဆုံးသည်နှင့် သို့ထျန်းယီက သူ့ကို လှည့်ကြည့်ပြီး ဟက်ခနဲ ရယ်လိုက်သည်။ “ အဲ့ဇာတ်လမ်းတွဲက ဘယ်လိုလဲ။ မင်း ကြည့်ပြီးပြီလား။ ”

“ … မကြည့်ရသေးပေမဲ့ အဆင်ပြေလောက်မှာပါ။ ”

“ …လောက်မှာပါ ဟုတ်လား။ ”

“ ကျွန်တော် ဒီည အိမ်ပြန်ရောက်ရင် ကြည့်လိုက်ပါ့မယ်။ ”

“ မလိုအပ်ဘူး။ ကြည့်ရှုသူအဆင့်သတ်မှတ်ချက်တွေ ထွက်လာရင် ဘယ်လောက် အရှုံးပေါ်သွားလဲ ဆိုတာ တွက်ပြီး သူ့ကို လျော်ကြေးပေးခိုင်းလိုက်။ ”

“ ခင်ဗျာ … ” လီယွဲ့ရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

“ သူ့ကို လျော်ကြေးတောင်းလိုက်။ ဇာတ်လမ်းတွဲမှာ အရှုံးပေါ်သွားတာတွေအတွက် လျော်ကြေးတောင်းလိုက်။ ”

+++++

All Chapters