အခန်း ၉၅၉
Vol. 64 Ch. 959
959 01
အခန်း ( ၉၅၉ ) စာအုပ်ထဲက ဓာတ်ပုံ။
“ သူ့မှာ အဲ့လောက် ပိုက်ဆံမရှိမှာကို … ကျွန်တော် စိတ်ပူတယ်။ ”
“ သူ့မှာ ပိုက်ဆံမရှိရင်လည်း နည်းလမ်းတစ်ခုခုရှာပြီး ပိုက်ဆံရှာလိမ့်မယ်။ ”
လီယွဲ့ရဲ့ နှလုံးသားထဲမှာ တုန်လှုပ်သွားသည်။ တစ်ချိန်တုန်းကတော့ သို့ထျန်းယီဟာ ဝမ်ကျင်ဖျင်ကို အရမ်း ထူးခြားတယ်လို့ ထင်ခဲ့ပြီး သူမ တောင်းဆိုသမျှ အရာရာတိုင်းကို လက်တွေ့ဖြစ်အောင် ပေးအပ်ခဲ့သည်။
ဝမ်ကျင့်ဖျင်က သူမ ဇာတ်လမ်းတွဲတစ်ခုမှာ အမျိုးသားဇာတ်လိုက်အဖြစ် သရုပ်ဆောင်ချင်သည်ဟု ပြောတုန်းကလည်း သို့ထျန်းယီကလည်း သူမအတွက် ဇာတ်လမ်းတွဲမှာ ရင်းနှီးမြုပ်နှံပေးခဲ့ပြီး သူမလို ဘာအတွေ့အကြုံမှ မရှိတဲ့ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ဟာ အခွင့်ထူးခံလူတစ်ယောက်အဖြစ် အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့သည်။
ကံမကောင်းစွာဖြင့် ထိုအခွင့်ထူးခံအခြေအနေက သိပ်ကြာရှည်မခံလိုက်ပါ။
ရတနာတွေကို ရတနာလို့ ခေါ်ရတဲ့ အကြောင်းအရင်းက သူတို့ဟာ ရှားပါးပြီး တန်ဖိုးကြီးတာကြောင့် ဖြစ်သည်။ သို့သော်လည်း ပိုကောင်းတဲ့ အစားထိုးစရာ ရှိလာတဲ့အခါ တန်ဖိုးကြီး ရတနာတွေကို ရတနာလို့ ဆက်လက်သတ်မှတ်လို့ ရပါဦးမတဲ့လား။
အဖြေက ရှင်းပါသည်။ သို့ထျန်းယီကို ဒီလောက်ထိ ရက်စက်လိမ့်မည်ဟု လီယွဲ့ မထင်ခဲ့ရုံလေးပါ။
တီဗီဇာတ်လမ်းတွဲကြီးတွေ ဆိုတာ အရှုံးပေါ်နိုင်တဲ့ ဖြစ်နိုင်ချေတွေ ရှိတတ်သည်။ ထိုဇာတ်လမ်းတွဲကို လီယွဲ့ အဆုံးထိ မကြည့်ရသေးပေမဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးရေး မပြီးခင်တုန်းက … ဝမ်ကျင့်ဖျင်ဟာ ထုတ်လုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းကို နှောင့်နှေးစေတယ် ဆိုပြီး ဝါရင့်သရုပ်ဆောင်တွေနှင့် ဒါရိုက်တာတွေ ညည်းညူနေကြတာကို သူ ကြားဖူးသည်။
ထိုလူတွေအားလုံးက လူရည်လည်တဲ့ လူတွေချည်းသာ။ ဝမ်ကျင့်ဖျင်ရဲ့ သရုပ်ဆောင်အရည်အချင်းဟာ လုံလုံလောက်လောက် မကောင်းဘူး ၊ ဇာတ်ရုပ်ကိုလည်း ပီပီပြင်ပြင် သရုပ်မဆောင်နိုင်ဘူးလို့ သူ့ကို ပါးနပ်စွာ ပြောနေတာကို သူ မသိစရာအကြောင်းမရှိ။
အမျိုးသမီးဇာတ်လိုက်က သူ့ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်မဆောင်နိုင်လျှင် ဇာတ်လမ်းတွဲ့ရဲ့ အဆုံးသတ်ဟာ ဘယ်လို ဖြစ်မလဲ ဆိုတာကို လူတိုင်း စိတ်ကူးကြည့်လို့ ရသည်။
ဝမ်ကျင့်ဖျင်က သို့ထျန်းယီအား ရုပ်ရှင်ရိုက်ချင်သည်ဟု တောင်းဆိုတုန်းက တီဗီထဲက နာမည်ကျော် အမျိုးသမီးဇာတ်လိုက်တွေလိုပဲ သူမလည်း ကျော်ကြားလာလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့တာပင်။
ဒီဇာတ်လမ်းတွဲက သူမကို အကြွေးတွေ အများကြီး တင်စေလိမ့်မည်လို့ တစ်ခါမှ တွေးမကြည့်ဖူးပါ။
......
လီယွဲ့သည် ထိုအတွေးကြောင့် သို့ထျန်းယီကို ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသည်။ ဝမ်ကျင့်ဖျင်ရဲ့ ဇာတ်လမ်းတွဲမှာ ရင်းနှီးမြုပ်နှံတာက ဟေးရီအန်တာတိန်းမန့်အတွက် ရင်းနှီးမြုပ်နှံမှုကြီးတစ်ခု ဖြစ်သော်လည်း သို့ထျန်းယီအတွက်တော့ ရေပုံးထဲက ရေတစ်စက်သာ ဖြစ်သည်။
သူမက တစ်ချိန်တုန်းက သူ အထူးတလည် အရေးပေး ဆက်ဆံခဲ့သူ ဖြစ်သော်လည်း အခုအချိန်မှာတော့ ဘယ်လို စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ မရှိတော့ဘဲ သူမကို ချောက်ကမ်းပါးထဲ တွန်းချနိုင်ပါပြီ။
ဘော့စ်က သူမကို သဘောကျနေတုန်းကတော့ အကောင်းဆုံးတွေချည်း ဖြည့်ဆည်းပေးချင်ခဲ့ပေမဲ့ သူမနှင့် ကင်းရှင်းသွားချိန်မှာတော့ သူမကို ဆွဲချဖို့ တွန့်ဆုတ်မနေပါ။
ကိုယ့်ကျရှုံးခန်းကို ကိုယ်တိုင် ဖန်တီးနေတဲ့ ဝမ်ကျင့်ဖျင်နှင့် တင်းကြွယ်စစ်ကြောင့် စုယန်ယန်ကတော့ အခုတလော အလွန် စိတ်ကြည်နေခဲ့သည်။ အလုပ် လုပ်ရတာလည်း ပိုဉာဏ်ပွင့်လာကာ နေ့တိုင်း အချိန်မှန် အိမ်ပြန်ပြီး ကလေးကို အဖော်ပြုပေးလေ့ရှိသည်။
အဲ့ဒီနေ့တုန်းက စုယန်ယန် အိမ်ပြန်ရောက်တော့ ဟောက်ချန်ဟွမ်းက ပြန်မရောက်သေးပါ။ သူမ အိမ်ထဲကို ဝင်,ဝင်ချင်းမှာပဲ နာနီက ကြယ်လေးကို နို့တိုက်နေတာကို တွေ့လိုက်ရသည်။
959 02
ကြယ်လေးက အမေဖြစ်သူကို မြင်သည်နှင့် သူ့ပါးစပ်ထဲက ချိုလိမ်လေးကို ချက်ချင်း ဆွဲထုတ်ကာ လက်သေးသေးလေးတွေကို ဝှေ့ယမ်းပြီး သူမကို နှုတ်ဆက်နေခဲ့သည်။
စုယန်ယန်ရဲ့ နှလုံးသားကို ကျူးပစ်ရဲ့ မြားလေး ထိုးဖောက်သွားကာ လက်ထဲက ပစ္စည်းတွေအကုန်လုံးကို ကြမ်းပြင်ပေါ် ချပြီး နာနီရဲ့ ရင်ခွင်က ကြယ်လေးကို အပြေးလေး သွားရောက်ပွေ့ချီလိုက်၏။ ထို့နောက် သူ့ရဲ့ မျက်နှာဝိုင်းဝိုင်းဖောင်းဖောင်းလေးကို ပွတ်ပြီး “ သားလေးက ဒီနေ့ မေမေ့ကို လွမ်းနေတာလား။ မေမေကတော့ သားကို အရမ်း လွမ်းနေတာ။ ” ဟု ပြောလိုက်သည်။
ကောင်ကလေးက မျက်နှာကို ပွတ်သပ်ပေးနေလို့ ယားကျိကျိဖြစ်လာတာလား မပြောတတ်ဘဲ တခစ်ခစ် ရယ်မောကာ သူ့လက်သေးသေးလေးကို မြှောက်၍ သူ့အမေမျက်နှာကို တို့ထိသည်။
စုယန်ယန်ရဲ့ မျက်နှာပေါ်က အပြုံးလေးဟာ နွေးထွေးနက်ရှိုင်းသွားကာ ကြယ်လေးရဲ့ နို့ဘူးကို ယူပြီး နာနီကို “ ရှင် တခြား လုပ်စရာရှိတာ သွားလုပ်လိုက်ဦး။ ကျွန်မ သူ့ကို နို့ဆက်တိုက်လိုက်မယ်။ ” ဟု ပြောလိုက်သည်။
နာနီက ဆတ်ခနဲ ခေါင်းညိတ်ပြပြီး ကလေး ဒီနေ့ ဝတ်ထားတဲ့ အဝတ်အစားတွေ ၊ ဒိုက်ပါတွေကို သွားသိမ်းဖို့ အပြင်ထွက်သွားခဲ့သည်။
စုယန်ယန်ရဲ့ ရင်ခွင်ထဲမှာ ကြယ်လေးက လိလိမ္မာမ္မာလေး ငြိမ်နေပါသည်။ ပထမတုန်းက သူက စုယန်ယန်ကို မျက်လုံးဝိုင်းကြီးတွေနှင့် စိုက်ကြည့်နေပြီး ခဏကြာတော့ နို့သောက်ရတာ ဝသွားလို့လား ၊ ဘေးမှာ သူ့အမေ ရှိနေတာကို ခံစားမိလို့လား မပြောတတ်ဘဲ စတင် အိပ်ငိုက်လာသည်။ သို့သော် သူ့မျက်လုံးလေးတွေကို ကြိုးစားပမ်းစား ဖွင့်ပြီး စုယန်ယန်ကို ခေါင်းမာစွာ ကြည့်နေဆဲ။
စုယန်ယန်က ထိုပုံစံလေးကို ကြည့်ပြီး ရယ်ချင်သွားကာ နို့ဘူးကို ယူပြီး ကြယ်လေးကို ပုခက်ထဲ ထည့်ပေးလိုက်သည်။ အဲ့ဒီနောက် သူမရဲ့ နောက်ဘက်က စာအုပ်စင်ဆီ လျှောက်သွားပြီး သူ့ကို အိပ်ရာဝင်ပုံပြင်လေး ပြောပြဖို့အတွက် ကလေးပုံပြင်စာအုပ်တွေကို ရှာလိုက်သည်။
ဗီရိုထောင့်မှာ ညှပ်နေတဲ့ စာအုပ်လေးကို စုယန်ယန် အားနှင့် ဆွဲထုတ်လိုက်ချိန်မှာ သူ့ဘေးက စာအုပ်တစ်အုပ်ကပါ အလိုလို ထွက်ကျလာခဲ့သည်။ ကြမ်းပြင်ပေါ်ကို ဒုတ်ခနဲ ကျသွားခြင်းနှင့်အတူ စာအုပ်က ပွင့်သွားပြီး အထဲက ဓာတ်ပုံတစ်ပုံလည်း လျှောထွက်လာလေသည်။
++++++