← Chapters

အခန်း ၉၆၀

Vol. 64 Ch. 960

အခန်း ၉၆၀

Vol. 64 Ch. 960

960 01

အခန်း ( ၉၆၀ ) သီးသန့်စုဆောင်းမှု။

“ ဟမ်။ ” စုယန်ယန် မျက်ခုံးပင့်သွားပြီး ထိုဓာတ်ပုံကို ငုံ့ကောက်လိုက်သည်။ ဓာတ်ပုံကို တစ်ဖက်ကို လှည့်လိုက်ချိန်မှာတော့ အံ့ဩမှုကြောင့် သူမရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရပါသည်။

ဓာတ်ပုံထဲမှာ ဆယ့်လေး ၊ ဆယ့်ငါးနှစ်အရွယ် ကောင်မလေးက ကျောင်းယူနီဖောင်း ဝတ်ထားကာ ကျောင်းလွယ်အိတ်လေးလွယ်၍ ခေါင်းလေးကို အနည်းငယ် မော့ထားသည်။ တစ်ခုခုကို မြင်သွားပုံဖြင့် ပျော်ရွှင်စွာလည်း ပြုံးနေခဲ့သည်။

စုယန်ယန် အံ့ဩသွားရတဲ့ အကြောင်းအရင်းက ဓာတ်ပုံထဲက ကောင်မလေးဟာ အရမ်း လှလို့ မဟုတ်သလို သူ့အပြုံးက အရမ်း ပျော်ရွှင်နေလို့လည်း မဟုတ်ပါ။ အကြောင်းအရင်းက ဓာတ်ပုံထဲက ကောင်မလေးဟာ သူမကိုယ်တိုင် ဖြစ်နေလို့ ဖြစ်ပြီး ဂျူနီယာအထက်တန်းကျောင်းသူအရွယ်တုန်းက သူမရဲ့ ဓာတ်ပုံ ဖြစ်သည်။

ဟောက်ချန်ဟွမ်း သူမကို နှစ်ရှည်လများ သဘောကျလာခဲ့တယ် ဆိုတာကို စုယန်ယန် အရင်ဘဝကတည်းက သိသည်။ သူမ ဟောက်ချန်ဟွမ်းနှင့် လက်ထပ်ပြီးတဲ့နောက်ပိုင်း သူ မရှိတာကို အခွင့်ကောင်းယူကာ အိမ်ထဲမှာ သူမနှင့် ပတ်သက်တာ တစ်ခုခုများ ရှိမလားဟု လှည့်ပတ်ရှာကြည့်လေ့ရှိသည်။

ကံမကောင်းစွာဖြင့် ပစ္စည်းတွေကို ဖွက်တဲ့နေရာမှာ အရည်အချင်းရှိသော ဟောက်ချန်ဟွမ်းကြောင့် သူမ အကြာကြီး ရှာသော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ပေ။ သူမ ဟောက်အိမ်တော်ကို ဝင်မလာခင်ကတည်းက သူ ထိုပစ္စည်းတွေကို ရှင်းလင်းပြီးပြီလို့သာ စုယန်ယန် ထင်ထားခဲ့တာပင်။ သူမ မျှော်လင့်မထားခဲ့တာက …

“ ဝါး … ဝါး … ” ကောင်ကလေးရဲ့ တဝါးဝါးအသံက စုယန်ယန်ရဲ့ အသိစိတ်ကို လှုပ်နှိုးလိုက်တာမို့ စုယန်ယန်သည် ကလေးပုံပြင်စာအုပ် အနည်းငယ်ကို ယူကာ ပုခက်ဘေးကို သွား၍ ကောင်ကလေးကို ပြုံးပြလိုက်သည်။ “ သား စောင့်ရတာ ကြာသွားသလားကွယ်။ မေမေ သားကို အခု ပုံပြင်ပြောပြတော့မယ်နော်။ ”

ဟောက်ချန်ဟွမ်း အိမ်ပြန်ရောက်လာချိန်မှာတော့ စုယန်ယန်က ကောင်လေးကို ချော့သိပ်ပြီးပြီ ဖြစ်သည်။

“ ရှင် ပြန်လာပြီလား။ ”

ဟောက်ချန်ဟွမ်းက သူ့ကို တောက်ပသော အပြုံးလေးဖြင့် ဧည့်ခန်းထဲမှာ စောင့်ကြိုနေတဲ့ ဇနီးလေးကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်က ညို့မှိုင်းမှုတွေ ၊ အေးစက်မှုတွေ အကုန်လုံး တစ်မဟုတ်ချင်း ပျောက်ကွယ်သွားပြီး နူးညံ့သော အပြုံးတစ်ပွင့်ကသာ အစားထိုးသွားခဲ့သည်။

“ အင်း။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ရင်း ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်လိုက်သည်။ “ ကလေး ဘယ်မှာလဲ။ ”

“ သူ ခုနလေးတင် နို့သောက်ပြီး အိပ်ပျော်သွားပြီ။ ” စုယန်ယန်က ရုတ်တရက် ထရပ်လိုက်သည်။ “ ကျွန်မမှာ ရှင့်ကို ပြောစရာရှိတယ်။ အပေါ်ထပ်ကို သွားရအောင်။ ”

ဟောက်ချန်ဟွမ်းက ဇဝေဇဝါဖြစ်သွားပုံပေါ်သော်လည်း သူမနှင့်အတူ အပေါ်ထပ်ကို နာခံစွာ လိုက်လာသည်။

“ ကျွန်မကို အမှန်အတိုင်း ပြောနော်။ ဒီဓာတ်ပုံက ဘာလဲ။ ”

ဟောက်ချန်ဟွမ်းကလည်း ဓာတ်ပုံကို မြင်ချိန်မှာ အနည်းငယ် အံ့အားသင့်သွားပြီး လှမ်းယူ၍ ကြည့်ကာ အပြုံးလေးဖြင့် “ မင်း ဒီဓာတ်ပုံကို ဘယ်က ရှာတွေ့တာလဲ။ ” ဟု မေးလိုက်သည်။

“ ရှင် သိမ်းထားတဲ့ နေရာကို မေ့သွားပြီလား။ ”

“ သိမ်းထားတဲ့ ပစ္စည်းတွေက အများကြီးပဲလေ ၊ ပြီးတော့ လူအစစ်က ကိုယ့်ရှေ့မှာ ရောက်နေပြီပဲကို အသက်မရှိတဲ့ ဓာတ်ပုံတွေထက်စာရင် ကိုယ်က လှုပ်ရှားနိုင် ၊ ပြုံးနိုင်တဲ့ တကယ့် လူအစစ် မင်းကိုပဲ ပိုသဘောကျတာပေါ့။ ”

စုယန်ယန်က အနည်းငယ် အံ့အားသင့်သွားကာ ဟောက်ချန်ဟွမ်းရဲ့ နက်ရှိုင်းကာ အချစ်တွေ ရွှန်းလဲ့နေသော မျက်လုံးထဲကို စိုက်ကြည့်ပြီး သူမရဲ့ မျက်နှာမှာ ပူနွေးလာမိသည်။ “ ဟွန်း ၊ အဲ့လို ချိုသာတဲ့ စကားလေးတွေနဲ့ စကားလမ်းကြောင်းပြောင်းလို့ ရမယ် ထင်မနေနဲ့။ ရှင် ဝန်ခံရင် သက်ညှာပေးမယ် ၊ ရှင် ငြင်းဆန်နေရင်တော့ ကျွန်မက တင်းကျပ်ရလိမ့်မယ်။ ပြောပါ ၊ ဒီဓာတ်ပုံကို ဘယ်တုန်းက သိမ်းထားတာလဲ။ ဒီဓာတ်ပုံအပြင် တခြားရော … ”

ဟောက်ချန်ဟွမ်းက တဖြည်းဖြည်း မျက်နှာလေး ရှက်ရဲလာတဲ့ ဇနီးဖြစ်သူကို ကြည့်ကာ တမင် စနောက်လိုက်သည်။ “ ဘာကို တခြားရောလဲ။ ”

စုယန်ယန်က သူ့ကို စိတ်ပေါက်ပေါက်နှင့် မျက်စောင်းထိုးလိုက်၏။ “ တခြား ဓာတ်ပုံတွေ ဘာတွေ ၊ တခြား ပစ္စည်းတွေ ရှိသေးလားလို့ မေးတာ။ ”

“ ကိုယ့်နောက်ကို လိုက်ခဲ့။ ”

“ ဟမ် … ” စုယန်ယန်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဟောက်ချန်ဟွမ်းနှင့်အတူ တတိယထပ်ကို တက်လာခဲ့သည်။

960 02

ဟောက်ချန်ဟွမ်းမိဘတွေရဲ့ အခန်းက ဟောက်အိမ်တော်ရဲ့ တတိယထပ်မှာ ရှိသည်။ ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ ကွယ်လွန်သွားပြီးနောက် တတိယထပ်ကို ဘယ်သူမှ မတက်စေဘဲ တံခါးပိတ်ထားခဲ့တာ ဖြစ်သည်။ ရံဖန်ရံခါ တက်ပြီး သန့်ရှင်းရေးလုပ်ပေးတဲ့ ဦးလေးကျန်းက လွဲလို့ ဘယ်သူမှ မလာပါ။

ဟောက်ချန်ဟွမ်းနှင့်အတူ သုံးထပ်ကို တက်လာခဲ့သော စုယန်ယန်သည် ခဏလောက် လမ်းလျှောက်ပြီးသောအခါ အခန်းဟောင်းတစ်လုံးရှေ့မှာ ခြေလှမ်းရပ်တန့်မိလိုက်ကြလေသည်။

ထိုအခန်းက ကြယ်ကလေးရဲ့ ကလေးကစားစရာတွေ ထားတဲ့ အခန်းအပေါ်ထပ်တည့်တည့် ၊ သုံးထပ်ရဲ့ ကော်ရစ်ဒါအဆုံးမှာ တည်ရှိသည်။ ဟောက်ချန်ဟွမ်းက အခန်းလေးကို လော့ခ်သုံးထပ်နှင့် သော့ခတ်ထားသည်။

Password ရိုက်ထည့် ၊ လက်ဗွေရာနှိပ်ပြီး သူ့မျက်နှာကို စကင်န်ဖတ်ပြီးသည်နှင့် တံခါးက ကလစ်ခနဲ အသံမြည်ကာ ပွင့်သွားသည်။

ဒီလို ရှုပ်ထွေးတဲ့ တံခါးလော့ခ်စနစ်က အခန်းပိုင်ရှင်ဟာ ဒီအခန်းထဲမှာ အလွန် အရေးကြီးတဲ့ ပစ္စည်းတွေကို သိမ်းဆည်းထားကြောင်း သိသာစေကာ စုယန်ယန်လည်း ဒီအခန်းလေးကို အလွန်အမင်း စိတ်ဝင်စားသွားမိသည်။

အခန်းထဲမှာ ဘာတွေများ ရှိနေတာလဲ … ။

++++++

All Chapters