အခန်း ၉၆၁
Vol. 65 Ch. 961
961 01
အခန်း ( ၉၆၁ ) ဒီပစ္စည်းလေးကို မင်းကိုယ်တိုင် ကိုယ့်ကို ပေးခဲ့တာပါ။
“ အထဲကို ဝင်ရအောင်။ ”
ဟောက်ချန်ဟွမ်းရဲ့ စကားက အတွေးထဲမှာ နစ်မျောနေတဲ့ စုယန်ယန်ကို သတိပြန်ဝင်သွားစေခဲ့သည်။ သူမ ခေါင်းညိတ်ပြပြီး အခန်းတံခါးကို စိတ်မရှည်စွာ တွန်းဖွင့်လိုက်၏။
အခန်းထဲကို မဝင်ခင်ကတည်းက စုယန်ယန် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း အခန်းထဲက များပြားလွန်းတဲ့ ပစ္စည်းတွေကြောင့် အံ့သြမှင်သက်သွားရဆဲ ဖြစ်ပါသည်။
ဓာတ်ပုံတွေအပြင် ဘွဲ့ရပြီးတဲ့နောက်ပိုင်း အသုံးမဝင်တော့လို့ သူမ စွန့်ပစ်ထားတဲ့ ပစ္စည်းတချို့ကိုပါ တွေ့ရသည်။
ရှက်ရွံသွားတဲ့ စုယန်ယန်သည် ဟောက်ချန်ဟွမ်းအား “ ကျွန်မ လွှင့်ပစ်ထားတဲ့ ပစ္စည်းတွေကိုတောင် သိမ်းထားတယ် ဆိုတော့ ရှင်က နှာဘူးလား။ ” ဆိုတဲ့ မေးခွန်းကို မေးချင်စိတ်အား ထိန်းချုပ်မရလိုက်ပေ။
ကံကောင်းစွာဖြင့် ဟောက်ချန်ဟွမ်းမှာ ရိုးသားဖြောင့်မတ်မှု အနည်းငယ်တော့ ရှိနေသေးပါသည်။ သူက သမာရိုးကျ ပစ္စည်းတွေကိုသာ သိမ်းထားတာ ဖြစ်ပြီး အရမ်း သီးသန့်ဆန်လွန်းတဲ့ ပစ္စည်းတွေကို သိမ်းမထားပါ။
မဟုတ်ရင် စုယန်ယန်တစ်ယောက် အခုချက်ချင်း တွင်းတူးပြီး ထိုတွင်းထဲကို တွားသွားဝင်ကာ ပုန်းကွယ်နေလိုက်ချင်သည်။
စုယန်ယန်သည် ရတနာကို လိုက်ရှာနေသလိုမျိုး အခန်းထဲမှာ လျှောက်ပတ်ကြည့်နေမိသည်။ သူမ မှတ်မိသေးတဲ့ သိပ်မကြာသေးခင်တုန်းက ပစ္စည်းတွေရော ၊ ဘယ်အချိန်တုန်းက သူမနှင့် ပတ်သက်ဆက်စပ်ခဲ့လဲ မသိတဲ့ ပစ္စည်းတချို့ကိုရော တွေ့ရသည်။
သို့သော်လည်း အတိတ်ကို လေ့လာပြီးတဲ့နောက် ဒီအခန်းထဲက ပစ္စည်းတွေဟာ သူမရဲ့ ပစ္စည်းတွေ မဟုတ်လျှင်တောင် သူမနှင့် သေချာပေါက် ပတ်သက်နေလိမ့်မည်ဟု စုယန်ယန် ခံစားရသည်။
ဟောက်ချန်ဟွမ်းဆီမှာ သူမရဲ့ ဂျူနီယာအထက်ကျောင်းကနေ တက္ကသိုလ်ရောက်တဲ့အထိ ၊ ယုတ်စွအဆုံး ဘွဲ့ယူတဲ့ ဓာတ်ပုံတွေပါ ရှိနေသည် ဆိုတာကိုတော့ ထည့်ပြောနေစရာတောင် မလိုပါ။ ဓာတ်ပုံတွေရဲ့ အတွဲအစပ် ပြီးပြည့်စုံမှုဟာ ဓာတ်ပုံပိုင်ရှင်ထက်တောင် သာလွန်နေပြီး ရိုးရှင်းစွာပဲ အံ့ဩစရာကောင်းသည်။
စုယန်ယန်သည် ပထမတော့ အံ့ဩမှုကနေ ရှက်ရွံ့မှု ၊ နောက်တော့ ခံစားချက်တွေ ထုံသွားကာ နောက်ဆုံးတော့ သက်ပြင်းဖျော့ဖျော့ကိုသာ ချလိုက်မိတော့သည်။ သူမ သတိမထားမိတဲ့ အချိန်မှာ သူမကို အပြည့်အဝ အာရုံစူးစိုက်ပြီး ဘယ်တော့မှ သူမဆီက အကြည့်မလွှဲခဲ့တဲ့ လူတစ်ယောက် ရှိနေခဲ့တာပဲ … ။
ဟောက်ချန်ဟွမ်းနေရာမှာ တခြားလူသာ ဆိုရင် စုယန်ယန်ရဲ့ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညှင်းတွေ စိမ့်ဖြာသွားတဲ့ထိ ကြောက်လန့်မိမှာ ဆိုသော်လည်း တစ်ဖက်လူက ဟောက်ချန်ဟွမ်းဖြစ်နေတဲ့အတွက် သူမတို့ရဲ့ အတိတ်နှင့် ပစ္စုပ္ပန်အကြောင်း ပြန်တွေးပြီး နှလုံးသားထဲမှာ နင့်နင့်နဲနဲ ထိခိုက်နာကျင်မိသည်။
..….
ဒါ့ကြောင့်ပဲ လူတွေမှာ မတူကွဲပြား ခွဲခြားဆက်ဆံတဲ့ စံချိန်စံနှုန်းတွေ ရှိနေတာ ဖြစ်သည်။ သည်းသည်းလှုပ် အရေးပေးခံရတဲ့ လူတွေမှာ ပုံမှန်အားဖြင့် ဘာကိုမှ ကြောက်စရာ မရှိပေ။
စုယန်ယန်က အခန်းထဲမှာ လှည့်ပတ်လျှောက်နေရင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံဖြင့် အခန်းအလယ်မှာ ရှိတဲ့ ပစ္စည်းတွေ တင်ထားသော စားပွဲဆီ လျှောက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ “ ဒီပစ္စည်းက ဘာလို့ အရမ်း … ” ထူးဆန်းတဲ့ ပုံစံပေါက်နေရတာလဲ … ။
ပြီးတော့ ဒီပစ္စည်းက သူမနဲ့ ပတ်သက်နေတာတဲ့လား။ ဘာလို့ သူမ ဒီပစ္စည်းကို လုံးဝ မမှတ်မိရတာပါလိမ့် … ။
ဟောက်ချန်ဟွမ်းက ပန်းခြောက်လေးကို ထည့်ထားတဲ့ ဖန်ဘူးသေးသေးလေးကို စုယန်ယန် သတိထားမိသွားတာကို မြင်တော့ မျက်လုံးတွေ အရောင်တောက်သွားကာ သူမဘေးသို့ လျှောက်သွားပြီး အပြုံးယဲ့ယဲ့ဖြင့် “ မင်း မေ့သွားပြီလား။ ဒါလေးကို မင်းကိုယ်တိုင် ကိုယ့်ကို ပေးခဲ့တာလေ။ ” ဟု ပြောလိုက်သည်။
“ ကျွန်မကိုယ်တိုင် ရှင့်ကို ပေးခဲ့တာ ….. ” စုယန်ယန်က ဗလာနတ္ထိအကြည့်ဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ “ ဒါကို ဘယ်တုန်းက ကျွန်မ ပေးခဲ့တာလဲ။ ”
“ မြို့တောင်ဘက်က ကိတ်မုန့်ဆိုင်ရဲ့ ရှေ့မှာ မင်း ပန်းခြောက်တွေ အများကြီးကို မင်းနဲ့ မသိတဲ့ ကောင်လေးတစ်ယောက်ကို ပေးခဲ့တယ်လေ။ ”
စုယန်ယန် ဆွံ့အသွားကာ သူမရဲ့ မျက်နှာပေါ်က အမူအရာကလည်း နားမလည်နိုင်ဖြစ်နေသော အမူအရာမှ အံ့ဩသော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။ “ ရှင်က အဲ့ကောင်လေးလား။ ဒါဆို ရှင်က အဲ့ဒီအချိန်တုန်းက ကျွန်မကို ကယ်ခဲ့တဲ့ ကောင်လေးပဲ။ ”
961 02
စုယန်ယန် ( ၁၂ ) နှစ်နီးပါး အရွယ်တုန်းက သူမရဲ့ အတန်းဖော်တွေနှင့် အပြင်မှာ ဆော့ကစားနေရင်း သူမကို ပြန်ပေးဆွဲပြီး မိသားစုဆီက ငွေညစ်ချင်နေတဲ့ လူကြီးတစ်ယောက်ရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။
ထိုအချိန်တုန်းက စုယန်ယန်ဟာ ငယ်ငယ်လေးပဲ ရှိသေးပေမဲ့ မတုံးအပါ။ တစ်ခုခု မှားယွင်းနေမှန်း ရိပ်စားမိသွားသည်နှင့်တစ်ပြိုင်နက် သူမရဲ့ မိသားစုဆီ ချက်ချင်း မက်ဆေ့ခ်ျပို့ခဲ့သည်။ ထို့နောက် သူမရဲ့ အတန်းဖော်တွေဆီက ခွဲထွက်ကာ လူထူထပ်သော နေရာတစ်ခုဆီသို့ ပြေးလာခဲ့သည်။
သို့သော်လည်း အသက် ( ၁၁ ) နှစ် ၊ ( ၁၂ ) နှစ်အရွယ်သာ ရှိသေးတဲ့ သူမအဖို့ ကမ္ဘာအနှံ့ ခရီးသွားလာခဲ့တဲ့ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ကို မျက်ခြည်ဖြတ်ဖို့ မဖြစ်နိုင်ပါ။
သူမကို ထိုလူတွေ ဖမ်းမိသွားတော့မည့်ဆဲဆဲမှာပဲ ကားတစ်စီးက သူမရှေ့မှာ ရပ်သွားကာ ကားထဲက ကောင်လေးချောချောလေး တစ်ယောက်က ပြတင်းပေါက်မှန်ကို ချ၍ သူမကို ‘ အကူအညီလိုနေတာလား ’ ဟု ခပ်တိုးတိုး မေးခဲ့သည်။ အန္တရာယ်တွေကြားထဲမှာ သူ့ကို ဘာလို့ အလွယ်တကူ ယုံကြည်မိသွားတာလဲ ဆိုတာကိုတော့ စုယန်ယန် ရှင်းမပြတတ်ပါ။
ကားက သာမန်ကားတစ်စီးနှင့် မတူတာကြောင့် ဖြစ်နိုင်သလို ကောင်လေးရဲ့ မျက်နှာပေါ်က အပြုံးက သိပ်ကို နွေးထွေးကြင်နာလွန်းတာကြောင့်လည်း ဖြစ်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် ကောင်လေးကလည်း သူမရဲ့ ယုံကြည်မှုကို သစ္စာမဖောက်ခဲ့ပါ။ သူမကို တစ်လမ်းလုံး နူးညံ့သော အသံလေးဖြင့် နှစ်သိမ့်ပေးခဲ့ပြီး သူမ အဆင်ပြေတာ သေချာတော့မှ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုကို ပို့ပေးကာ သူမရဲ့ မိသားစု လာခေါ်မှာကို အတူတူ စောင့်ပေးခဲ့သည်။
“ လတ်စသတ်တော့ အဲ့ကောင်လေးက ရှင် ဖြစ်နေတာပဲ။ ” စုယန်ယန်သည် အတိတ်ရဲ့ ပုံရိပ်အကြွင်းအကျန် တချို့ကို သူ့မျက်နှာပေါ်မှာ ရှာဖွေဖို့ ကြိုးစားနေသလိုမျိုး ဟောက်ချန်ဟွမ်းကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်မိသည်။
++++++