အခန်း ၉၆၂
Vol. 65 Ch. 962
962 01
အခန်း ( ၉၆၂ ) သူတို့လက်ချက်ပဲ။
ထိုအချိန်မှာ စုယန်ယန်က ( ၁၁ ) နှစ် ၊ ဟောက်ချန်ဟွမ်းက ( ၁၅ ) ၊ ( ၁၆ ) နှစ်လောက်သာ ရှိသေးသည်။ ငယ်ရွယ်စဉ်တုန်းက သူ့ပုံစံက သေချာပေါက် ကွဲပြားခြားနားခဲ့ပါလိမ့်မည်။
အဲ့ဒီတုန်းက သူတို့မိသားစုမှာလည်း ပြင်းထန်တဲ့ အပြောင်းအလဲတွေ မကြုံရသေးတာမို့ ဟောက်ချန်ဟွမ်းသည် ပျော်ရွှင်ပြီး စိတ်ထားနူးညံ့သော လူငယ်လေးတစ်ယောက် ဖြစ်ခဲ့ပါသည်။ သူ ထိုအချိန်တုန်းက လူတွေကို ပေးစွမ်းခဲ့တဲ့ ခံစားချက်က အရွယ်ရောက်ချိန်မှာ ပြန်တွေ့တဲ့ ခံစားချက်နှင့် လုံးဝ မတူညီတော့ပါ။
ပြီးတော့ ….
“ ကိုယ် အဲ့အချိန်တုန်းက ငယ်လည်း ငယ်သေးတော့ ကြောက်ခဲ့တယ်။ ကိုယ် အိမ်ပြန်ရောက်တော့ နေမကောင်းဖြစ်တယ်။ ကိုယ် မင်းကို မှတ်မိသေးပေမဲ့ မင်းရဲ့ ပုံစံကိုတော့ မေ့သွားခဲ့တယ်။ မင်းကို မမှတ်မိတော့ဘူး။ ”
ကလေးတွေရဲ့ မှတ်ဉာဏ်တွေက အမြဲတမ်း မပီမပြင် မှုန်မှုန်ဝါးဝါးတွေ ဖြစ်သည်။ နှစ်ပေါင်းများစွာအကြာမှာ သူတို့နှစ်ယောက် အရွယ်ရောက်လာခဲ့ပြီ ဖြစ်သလို သူတို့ရဲ့ ထင်မြင်ချက်အဟောင်းတွေကို ပြောင်းလဲဖို့ မလွယ်တော့ပါ။ စုယန်ယန်သည် ဟောက်ချန်ဟွမ်းဟာ ငယ်ဘဝတုန်းက သူမကို ကယ်တင်ခဲ့တဲ့ ကောင်လေးဖြစ်နေလိမ့်မည်ဟု တစ်ခါမှ တွေးမကြည့်ဖူးပေ။
“ ကျွန်မ နားလည်ပါတယ်။ အဲ့ဒါက ရှင့်အမှား မဟုတ်ပါဘူး။ ” စုယန်ယန်က နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်ပြီး တွေးတွေးဆဆ ပြောလိုက်သည်။ “ ရှင် အဲ့ဒီအချိန်ကတည်းက ကျွန်မကို ချစ်မိသွားတာလား။ မြင်မြင်ချင်းအချစ် ဆိုတာလိုမျိုးလေ။ ”
“ ဘယ်ဟုတ်မလဲ။ အဲ့ဒီတုန်းကတော့ ကိုယ် မင်းကို ချစ်စရာကောင်းတယ်လို့ပဲ တွေးခဲ့တာပါ။ ”
သူမက ချစ်စရာမကောင်းဘဲ နေမတဲ့လား။ ထိုအချိန်တုန်းက သူမက ကလေးမျက်နှာဖောင်းဖောင်းပြည့်ပြည့်လေးနှင့် အရပ်ကလည်း ပုပုလေးရယ်။ လူကောင်းသေးသေးလေးနှင့် သိပ်ကို ချစ်စရာကောင်းခဲ့တာပါ။
စုယန်ယန်သည် စိတ်အေးသွားတဲ့ သက်ပြင်းလေးတစ်ချက် မှုတ်ထုတ်ရင်း စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ “ တကယ်လား။ ”
“ တကယ်ပေါ့။ ” စုယန်ယန် ဘာတွေးနေလဲ ဆိုတာ သိတဲ့ ဟောက်ချန်ဟွမ်းက သူမရဲ့ နှာခေါင်းလေးကို ကုတ်ခြစ်ရင်း သူမကို မနိုင်သလိုမျိုး ပြောလိုက်သည်။ “ ကိုယ်က ကလေးတစ်ယောက်အပေါ် မဟုတ်မဟတ် အတွေးတွေ တွေးရလောက်အောင်ထိ မကောင်းတဲ့ လူမျိုး မဟုတ်ပါဘူး။ ”
စုယန်ယန်ရဲ့ မျက်နှာက အနည်းငယ် ရဲသွားပြီး နောက်ထပ် မေးခွန်းတွေကို ဆက်မမေးရဲတော့ပေ။ စကားလမ်းကြောင်းကို သူမရှေ့က ဖန်ဘူးလေးထဲမှာ ထည့်ထားသော ပန်းခြောက်လေးဆီသို့ ပြန်ဆွဲခေါ်လိုက်သည်။ “ ကျွန်မကို ရှင့်ကို ပန်းခြောက်တွေ အများကြီး ပေးတာ မှတ်မိတယ်။ ပန်းတွေအကုန်လုံးက အပြာရောင်တွေလေ ၊ ကျွန်မရဲ့ အိမ်မှာ ပထမဆုံးအကြိမ် Assignment လုပ်ရင်းနဲ့ ပန်းတွေကို အရောင်ပြောင်းထားတာ။ ”
“ အင်း ၊ ကိုယ် မှတ်မိတယ်။ မင်း ကိုယ့်ကို ပန်းတွေ ပေးရင်းနဲ့ ပြောပြခဲ့တယ်လေ။ ”
......
“ အဲ့ဒါဆို ဘာလို့ ပန်းတွေက အနီရောင်ဖြစ်နေတာလဲ။ ပြီးတော့ ဖန်ဘူးထဲမှာ ထည့်ပြီး … နမူနာပုံစံလုပ်ထားတယ်။ ”
“ အဲ့ဒါ ကိုယ့်ရဲ့ သွေးတွေလေ။ ”
စုယန်ယန်ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး ခဏကြာတော့မှ သူမဆီက ခဲယဉ်းစွာ စကားသံထွက်လာသည်။ “ ရှင့်သွေး … ဟုတ်လား။ ဒီပန်းပေါ်က သွေးက … ရှင့်သွေးလို့ ပြောနေတာလား။ ”
“ ဟုတ်တယ်။ ”
“ ရှင် ဒီသွေးကို ဘယ်လို ထုတ်ပြီး ယူထားတာလဲ။ ပြီးတော့ သွေးတွေက … ” အရမ်း များနေတယ်။ နေပါဦး … ။ စုယန်ယန်ရဲ့ အကြည့်က ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေဆီ ကျရောက်သွားသည်။ မဟုတ်မှလွဲရော …
သူမရဲ့ အမူအရာပြောင်းလဲသွားတာကို မြင်တဲ့ ဟောက်ချန်ဟွမ်းက အနည်းငယ် အေးစက်သွားသော သူမလက်ကလေးကို ဆုပ်ကိုင်ပြီး ဩရှသော အသံဖြင့် “ အဲ့ဒီနေ့တုန်းက အိမ်အပြန်လမ်းမှာ ကိုယ် ကားအက်ဆီးဒင့် ဖြစ်ခဲ့တာ။ ” ဟု ပြောလိုက်သည်။
ဟောက်ချန်ဟွမ်းဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေပါပဲ။ သူနှင့် သူ့မိဘတွေ ရှေ့ဆင့်နောက်ဆင့် ကားအက်ဆီးဒင့်ဖြစ်ခဲ့တာလေ။ ကျန်းချန့်ယန်သာ အချိန်မီ ပြန်လာပြီး အခြေအနေကို ထိန်းချုပ်မပေးခဲ့ရင် သူ သေသွားတာ ကြာလောက်ပါပြီ။
962 02
သူ အသက်ရှင်ခဲ့ရင်တောင် သူ့ခြေထောက်တွေကို ဖြတ်ထုတ်ပစ်ရလိမ့်မည်။ စုယန်ယန် သူ့ကို လာပြီး မကုသပေးခင် အချိန်ထိ သူ့မှာ အသက်ရှင်သန် ရပ်တည်နိုင်ဖို့ မျှော်လင့်ချက် မရှိခဲ့ပေ။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ “ ရှင် ကျွန် … ကျွန်မကို အဲ့ဒီနေရာကို လိုက်ပို့ပေးခဲ့လို့ ကားအက်ဆီးဒင့်ဖြစ်တာလားဟင်။ တကယ်လို့ … ”
“ မဟုတ်တာပဲကွာ။ ” စုယန်ယန်ရဲ့ စကားမဆုံးသေးခင်မှာပဲ ဟောက်ချန်ဟွမ်းက သူမကို ဖြတ်ပြောလိုက်သည်။ “ ကိုယ် မင်းကို လိုက်မပို့ပေးခဲ့ရင်တောင် အဲ့ဒီနေ့မှာ ကားအက်ဆီးဒင့်က ဖြစ်ကို ဖြစ်မှာပဲ။ ဘာလို့လဲ ဆိုတော့ တကယ့် မတော်တဆမှုမှ မဟုတ်တာ။ ”
“ မတော်တဆမှု မဟုတ်ဘူး …… ” စုယန်ယန်ရဲ့ မျက်နှာက ဖြူရော်သွားကာ သူမရဲ့ ကျန်လက်တစ်ဖက်နှင့် ဟောက်ချန်ဟွမ်းကို အလိုလို ဆုပ်ကိုင်လိုက်မိသည်။ “ ရှင် ပြောချင်တာက ရှင့်ခြေထောက်တွေကို ထိခိုက်စေခဲ့တဲ့ ကားအက်ဆီးဒင့်က … မတော်တဆမှု မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အကွက်ချထားတာ ဆိုတဲ့ သဘောလား။ ဘယ်သူ လုပ်တာလဲ။ ဘယ်သူက ရှင့်ကို အန္တရာယ်ပေးချင်တာလဲ။ ”
ဟောက်ချန်ဟွမ်းက ပြန်မဖြေပါ။
စုယန်ယန်သည် သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် နှုတ်ခမ်းကိုက်၍ အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ရသည်။ “ ရှင့်မိဘတွေကို ဒုက္ခပေးခဲ့တဲ့ လူတွေလား။ ဒါမှမဟုတ် … ဒါမှမဟုတ် ဟောက်ချီဟန်လား။ ဘယ်သူလဲ။ ကျွန်မကို ပြောပြပါ။ ”
စုယန်ယန်ရဲ့ မေးခွန်းအဆုံးမှာ အခန်းထဲတွင် ကိုယ့်အသက်ရှူသံကိုပင် အတိုင်းသား ပြန်ကြားနေရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။
စုယန်ယန်က ဟောက်ချန်ဟွမ်း အဲ့ဒါကို စုံစမ်းလို့ မရသေးတာလား ၊ သူမကို မပြောပြချင်တာလားလို့ တွေးနေတုန်းမှာပဲ သူ့ရဲ့ အေးစက်စက် စကားသံကို ရုတ်တရက် ကြားလိုက်ရလေသည်။ “ သူတို့လက်ချက်ပဲ။ ”
+++++