← Chapters

အခန်း ၉၆၅

Vol. 65 Ch. 965

အခန်း ၉၆၅

Vol. 65 Ch. 965

965 01

အခန်း ( ၉၆၅ ) သူများကို ဆဲဆိုတဲ့နေရာမှာတော့ ရှင်က သူ့ကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး။

ဟောက်ချီဟန်ရဲ့ ဇနီးက သူတို့မိသားစု အခုလို ဖြစ်လာရတဲ့ အဓိက အကြောင်းအရင်းပဲလို့ ဟောက်ချန်ဟွမ်း အမြဲတမ်း ခံစားခဲ့ရသည်။

ထို့ကြောင့် သခင်မဟောက်ကို ဟောက်ရှောက်ဖုန်း ခေါ်ထုတ်သွားတုန်းက ဟောက်ချန်ဟွမ်းဟာ သူတို့ အသက်မသေစေဖို့အတွက် အပေးအယူလုပ်ခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ ထိုသားအမိနှစ်ယောက် အရင်တုန်းက နေထိုင်ခဲ့တဲ့ ချမ်းသာကြွယ်ဝသော ဘဝမျိုးမှာ ပြန်နေဖို့တော့ မဖြစ်နိုင်တော့ပါ။

ဟောက်ချီဟန်က သူ့မိဘတွေရဲ့ ကားအက်ဆီးဒင့်မှာ ပါဝင်ပတ်သက်နေရင်တောင် ဟောက်ချန်ဟွမ်းမှာ တူညီတဲ့ အတွေးတွေပဲ ရှိခဲ့ပါသည်။ ဒီနေ့အထိပေါ့ … ။

“ နေ့ခင်းတုန်းက ကိုယ် ဟောက်ချီဟန်နဲ့ သွားတွေ့ခဲ့တယ်။ ”

စုယန်ယန်က ထိုစကားကြောင့် အံ့ဩသွားသည်။ “ ရှင် ဟောက်ချီဟန်နဲ့ သွားတွေ့ခဲ့တာလား။ ”

“ အင်း။ ”

စုယန်ယန်ရဲ့ စိတ်အာရုံက မူလအကြောင်းအရာဆီ ချက်ချင်း ပြန်ရောက်သွား၏။ “ ရှင့်မိဘတွေရဲ့ ကားအက်ဆီးဒင့်နဲ့ ရှင့်ရဲ့ ကားအက်ဆီးဒင့်ကြောင့် သွားတွေ့တာလား။ မဟုတ်သေးပါဘူး ၊ ရှင် အဲ့အကြောင်းကို ဘယ်တုန်းက သိသွားတာလဲ။ ”

“ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ကိုယ် ရွှယ်ပိုင်လီနဲ့ သွားတွေ့ခဲ့တယ်။ ”

“ ရွှယ်ပိုင်လီ … ။ ဟောက်ချီဟန်ကို ရန်ငြိုးဖွဲ့ပြီး လက်စားချေခဲ့တဲ့ … အမျိုးသမီးကို ရှင် ပြောနေတာလား။ ”

…

“ ဟုတ်တယ်။ ” ဟောက်ချန်ဟွမ်းက ခဏတာ နှုတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။ “ သူက ကိုယ့်ကို ဟောက်ချီဟန်နဲ့ ဟိုလူတွေ စကားပြောနေတဲ့ အသံမှတ်တမ်းကို ‌ပေးခဲ့တယ်။ အသံမှတ်တမ်းထဲမှာ အဲ့ဒီနှစ်တုန်းက ကိုယ့်မိဘတွေရဲ့ သေဆုံးမှုအကြောင်း ပါတယ်။ ”

စုယန်ယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက်ဆိုသလို သဘောပေါက်သွား၏။ “ သူက ရှင့်ကို အသုံးချပြီး ဟောက်ချီဟန်ကို လက်စားချေချင်နေတာလား။ ”

“ သူက ဟောက်ချီဟန်ကို ထောင်ထဲ ပို့ချင်ရုံတင် မဟုတ်ဘူး ၊ သေပါ သေစေချင်နေတာ။ ”

သူမမိသားစုရဲ့ အသက်သုံးချောင်းက ဟောက်ချီဟန်ရဲ့ လက်ထဲမှာ ကြွေလွင့်သွားခဲ့ရတာမို့ သူ့ကို ပြစ်ဒဏ်တစ်မျိုးတည်း ခတ်တာက သက်ညှာပေးရာရောက်သည်ဟု ပြောလို့ ရသည် ဆိုတာကို စုယန်ယန် သံသယမဖြစ်ပါ။ ထိုကိစ္စနှင့် ယှဉ်လိုက်လျှင် သူမ ပိုအရေးစိုက်တာက …

“ အဲ့လို အရေးကြီးတဲ့ ကိစ္စကို ရှင် ဘာလို့ ကျွန်မကို ပြောမပြခဲ့တာလဲ။ ”

ဟောက်ချန်ဟွမ်းရ သူ့ကို လက်ညိုးထိုးထားတဲ့ စုယန်ယန်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး လေသံပျော့လေးဖြင့် ရှင်းပြလိုက်သည်။ “ ဦးလေးက ဒီနှစ်တွေတစ်လျှောက်လုံးမှာ အဲ့လူတွေကို ရှာနေခဲ့တယ် ဆိုတာ မင်းလည်း သိတာပဲ။ ဒါပေမဲ့ သူ့မှာ သဲလွန်စတစ်ခုခု ရှိလာတိုင်း အဲ့ဒီသဲလွန်စက တစ်ဝက်တစ်ပျက် မျက်ခြည်ပြတ်သွားတယ်။ အဲ့ဒါကြောင့် ဒီတစ်ခေါက်တော့ ကိုယ်တို့ ဟောက်ချီဟန်ကို ငါးစာအဖြစ် သုံးပြီး အဲ့လူတွေ ထွက်လာအောင် မျှားခေါ်ချင်ခဲ့တာ။ ဒီကိစ္စကို လျို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားဖို့ လိုတယ် ၊ လူတွေ အများကြီး သိသွားဖို့ မသင့်တော်ဘူး။ ပြီးတော့ ကိုယ် အရင်တုန်းက ဟောက်ချီဟန်ကို သွားမရှာခဲ့တော့ ဒီအကြောင်းကို မင်းကို ပြောပြဖို့ အဆင်မပြေဘူး။ ”

စုယန်ယန် ဒေါသထွက်တာက ဒီပြဿနာထဲမှာ ဟောက်ချန်ဟွမ်း ဆွဲထည့်ခံရမှာကို စိတ်ပူတာကြောင့်လည်း ပါသည်။ သူ ရှင်းပြတာကို နားထောင်ပြီးချိန်မှာ သူမရဲ့ စိုးရိမ်ပူပန်မှုတွေက ဒေါသထွက်တာကိုပင် ကျော်လွန်သွားကာ စိုးရိမ်တကြီး မေးလိုက်မိသည်။ “ ရှင် ဟောက်ချီဟန်ကို ငါးစာအဖြစ် ဘယ်လို အသုံးချပြီး အဲ့လူတွေကို မျှားခေါ်မလို့လဲ။ အဲ့ဒါက အန္တရာယ်များမှာလား။ ”

965 02

ကျန်းချန့်ယန်ရဲ့ အလုပ်က ရိုးစင်းတဲ့ သာမန်အလုပ် မဟုတ်သောကြောင့် သူနှင့် ရန်သူဖြစ်နိုင်တဲ့ လူတွေကလည်း ရိုးရိုးတန်းတန်း ရက်စက်တဲ့ လူတွေ မဟုတ်တာ သေချာပါသည်။

ဟောက်ချန်ဟွမ်းမိဘတွေရဲ့ သေဆုံးမှုက ထိုလူတွေကြောင့် ဆိုတာ ၊ ပြီးတော့ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ ထိခိုက်သွားတာကလည်း သူတို့လက်ချက်ပဲ ဆိုတာ တွေးမိတိုင်း စုယန်ယန် ရင်တုန်ပန်းတုန်ဖြစ်လာကာ ဘယ်လိုမှ စိတ်အေးအေးထားမရပေ။

“ စိတ်မပူပါနဲ့။ ” ဟောက်ချန်ဟွမ်းက သူမ စိုးရိမ်နေတဲ့ အရာကို သိသည်။ “ ကိုယ့်ဦးလေးက အဲ့ဒီနယ်ပယ်မှာ ကျွမ်းကျင်တယ်။ သူ ဒီပြဿနာကို ဖြေရှင်းဖို့ လူတွေ လွှတ်လိုက်ပါလိမ့်မယ်။ ကိုယ် ဝင်ပါစရာ မလိုဘူး။ ”

စုယန်ယန်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေးမှုတ်ထုတ်လိုက်သော်လည်း အပြည့်အဝ စိတ်အေးသွားတာတော့ မဟုတ်ပါ။ “ ဦးလေးကရော ဘယ်လိုလဲ။ အဆင်ပြေပါ့မလား။ ”

“ ဦးလေးလည်း အဆင်ပြေမှာပါ။ အဲ့လူတွေက သူ့ကို မထိနိုင်လို့ ကိုယ့်မိဘတွေနဲ့ ကိုယ့်ကို ပစ်မှတ်ထားခဲ့တာလေ။ အရင်တုန်းကတောင် သူ့ကို နာကျင်အောင် မလုပ်နိုင်တာ အခုဆို ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ”

“ အဲ့လို ဆိုရင်တော့ တော်သေးတာပေါ့။ ” စုယန်ယန်ရဲ့ မျက်နှာအမူအရာက အနည်းငယ် ကြည်လင်သွားသည်။ “ ဒါပေမဲ့ ဟောက်ချီဟန်က ပူးပေါင်းဆောင်ရွက်ပါ့မလား။ ရှင် ဒီနေ့ သူ့ကို သွားရှာတော့ သူ ရှင့်ကို ဆဲဆိုကြိမ်းမောင်းသေးလား။ ”

“ သူကပဲ ကိုယ့်ကို ကြိမ်းမောင်းပြီး ကိုယ်က သူ့ကို ကြိမ်းမောင်းမှာ မဟုတ်ဘူးလို့ မင်း ဘယ်လိုလုပ် သိတာလဲ။ ”

“ ရှင်က ကျိုးကြောင်းဆီလျော်မှုရှိတဲ့ လူတစ်ယောက်လေ ၊ ရှင့်လို လူမျိုးက သူများတွေကို ဘယ်လိုလုပ် ဆဲဆိုကြိမ်းမောင်းမှာလဲ။ ကျွန်မအမြင်တော့ သူ့လို အရူးမျိုးအတွက် ဘာမှ သိပ်ပြီး သနားငဲ့ညှာပေးနေစရာ မလိုဘူး။ သူ့ရဲ့ ဆဲဆိုတဲ့ စကားကို အာရုံနောက်ခံပြီး နားထောင်နေမယ့်အစား သူ့ကို ရိုက်နှက်ပစ်လိုက်တာ ပိုကောင်းတယ်။ ဒါပေမဲ့ အခု သူက ရဲစခန်းထဲမှာ ဖမ်းချုပ်ခံထားရတော့ အဲ့လို လုပ်လို့ မရတော့ဘူး။ ရှင် လုပ်နိုင်တာက သူ့ကို ဆဲဆိုကြိမ်းမောင်းဖို့ပဲ ရှိတယ်။ ” စုယန်ယန်က ထိုသို့ ပြောရင်း သူ့ကို စိတ်ပျက်သလို လှည့်ကြည့်လိုက်သည်။ “ သူများကို ဆဲဆိုတဲ့နေရာမှာတော့ ရှင်က သူ့ကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး။ ”

+++++

All Chapters