အခန်း ၉၆၇
Vol. 65 Ch. 967
967 01
အခန်း ( ၉၆၇ ) အဖေနဲ့ အမေရဲ့ သေဆုံးမှုထဲမှာ မင်း ပါဝင်ပတ်သက်နေတယ်။
“ တကယ်က မင်း အဲ့လို မလုပ်နိုင်ခဲ့တာ မဟုတ်ဘူးလား။ ” ဟောက်ချန်ဟွမ်းက မျက်ခုံးပင့်ပြီး ဟောက်ချီဟန်ကို သရော်တော်တော် အကြည့်ဖြင့် ကြည့်လိုက်သည်။ “ မင်းမှာ အဲ့လို လုပ်ဖို့ အချိန်မရှိခဲ့တာလေ။ ဦးလေးသာ အချိန်မီ ပြန်မလာရင် ငါ့ကို လက်စဖျောက်ပြီးတာ ကြာရောပေါ့။ ဟုတ်တယ်မလား။ ”
ဟောက်ချန်ဟွမ်းက ကျန်းချန့်ယန်အကြောင်း ထည့်ပြောလိုက်သည်နှင့် ဟောက်ချီဟန်သည် ခေါင်းပေါ်ကို ရေအေးတစ်ပုံး လောင်းချခံလိုက်ရသလိုမျိုး ချက်ချင်းပဲ တည်ငြိမ်သွားခဲ့သည်။
“ မင်း ဘာအကြောင်း ပြောနေတာလဲ ဆိုတာ ငါ မသိဘူး။ ” ဟောက်ချီဟန်ရဲ့ မျက်လုံးတွေက ဝေ့လည်ကြောင်ပတ်ဖြစ်နေပြီး သူ မလုံမလဲ ခံစားနေရတာ အလွန် သိသာပေါ်လွင်သည်။
ဟောက်ချန်ဟွမ်းကတော့ ဒီလူ့ရဲ့ သဘာဝကို သိလာတာ ကြာပြီမို့ အံ့ဩမသွားပါ။ “ မင်း မသိလည်း ကိစ္စမရှိပါဘူး။ ငါ သိတာပဲ။ ”
ဟောက်ချီဟန်ရဲ့ ရင်ထဲမှာ ဒိန်းခနဲ ခုန်သွားပြီး ဟောက်ချန်ဟွမ်းအား ကြောက်ရွံ့မှုတွေ တစ်စွန်းတစ်စ ထင်ဟပ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ တစ်ခုခုကို ဟောက်ချန်ဟွမ်း သိထားတယ်လို့ သူ ခံစားရပါသည်။
ထင်ထားတဲ့အတိုင်း နောက်တစ်စက္ကန့်မှာပဲ ဟောက်ချန်ဟွမ်းက အသံမှတ်တမ်းသွင်းထားသည့် ဘောပင်လေးကို ထုတ်ပြခဲ့သည်။
ပထမတော့ ဟောက်ချီဟန်က ဟောက်ချန်ဟွမ်း ဘာလုပ်ဖို့ ကြံနေတာလဲ ဆိုတာကို မသိသော်လည်း အသံသွင်းဘောပင်ထဲက ထွက်ပေါ်လာတဲ့ သူ့အသံကို ကြားလိုက်ရချိန်မှာ မျက်နှာအမူအရာက လုံးလုံးလျားလျား ပြောင်းလဲသွား၏။
“ မင်း … မင်းဆီမှာ ဒါ ဘယ်လိုလုပ် ရှိနေတာလဲ။ ဟိုမိန်းမယုတ် … မင်းကို ဟိုမိန်းမယုတ် ပေးခဲ့တာပဲ။ ” ဟောက်ချီဟန်ရဲ့ မျက်နှာက ဝက်အသည်း၏ အရောင်ကဲ့သို့ ပြောင်းလဲသွားပြီး ဟောက်ချန်ဟွမ်းကို နောင်တတွေ ၊ အမုန်းတရားတွေနှင့် စိုက်ကြည့်နေခဲ့သည်။
“ ဒီလို ဖြစ်မယ်မှန်း အစောကြီးကတည်းက ကြိုသိခဲ့ရင် အစကတည်းက သူ့ကို ငါ့ဘေးကို ခေါ်ထားခဲ့မှာ မဟုတ်ဘူး။ ”
ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့ နှာခေါင်းက လေထွက်ရုံ လှောင်ရယ်လိုက်သည်။ “ ဒီလောက် နှစ်တွေအများကြီး ကြာသွားတာတောင် မင်းက အမှားမရှိတဲ့ သူတော်ကောင်းကြီးလို ပုံစံဖမ်းနေတုန်းပဲ။ မင်း ထွက်ပြေးတုန်း သူ့ကိုပါ ခေါ်သွားခဲ့တာက သူက မင်းကို ရင်ခုန်စေပြီး မင်းရဲ့ ယောက်ျားမာနကို အပြည့်အဝ စိတ်ကျေနပ်စေလို့ပဲ မဟုတ်ဘူးလား။ သူက မင်းကို အချစ်စစ်နဲ့ ချစ်တယ်လို့ ထင်နေရအောင် မင်းရဲ့ နာမည်နဲ့ ပိုက်ဆံအတွက်က လွဲရင် မင်းကို ဘယ်သူက စိတ်ရင်းနဲ့ ချစ်ဖူးလို့လဲ။ ”
…
ဟောက်ချီဟန်ရဲ့ မျက်နှာက နောက်ဆုံးအလွှာ ကွာကျသွားသလိုမျိုး ရုပ်ပျက်ဆင်းပျက် ရှုံ့မဲ့သွားသည်။ သူတို့ကြားမှာ ကျည်ကာမှန်ထူထူသာ ခြားမထားရင် ဟောက်ချီဟန် အန္တရာယ်တွေအားလုံးကို ရင်းပြီး ဟောက်ချန်ဟွမ်းဆီ ပြေးသွားကာ အတူတူ သေပစ်လိုက်မှာပါ။
“ ငါ သူ့အကြောင်း ဆက်မပြောချင်တော့ဘူး။ မင်း အမျိုးသမီးတစ်ယောက်ကို ရှုံးနိမ့်သွားတာက ရှုံးနိမ့်သွားတာပဲ။ အဲ့ဒါကို ဘယ်လိုမှ ပြောင်းလဲလို့ မရတော့ဘူး။ အခု မင်း ဘယ်သူနဲ့ ဖုန်းပြောနေခဲ့တာလဲ ဆိုတာနဲ့ အဲ့ဒီအချိန်တုန်းက ဘာဖြစ်ခဲ့တာလဲ ဆိုတာ ငါ့ကို ရှင်းပြသင့်တယ် မဟုတ်ဘူးလား။ ”
ဟောက်ချီဟန်သည် ထိုလူတွေနှင့် သူ စကားပြောထားတာကို ထုတ်ဖော်ခံလိုက်ရလိမ့်မည်ဟု တစ်ခါမှ တွေးမကြည့်ဖူးပေ။ ဟိုးအရင်တုန်းက ကိစ္စကို ထုတ်ဖော်ခံရလိမ့်မည်ဟု တွေးကြည့်ဖို့ဆို ပိုလို့တောင် ဝေးသည်။ သူ့မျက်နှာက ဖြူတစ်လှည့် ၊ စိမ်းတစ်လှည့် အရောင်ပြောင်းနေကာ အကြာကြီး နှုတ်ဆိတ်နေပြီးမှ ဝတ်ကျေတန်းကျေ ပြောလိုက်သည်။
“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငါနဲ့ ဒေသတွင်းက လူရမ်းကားတချို့နဲ့ ပြဿနာတက်ခဲ့တယ်။ ငါ အခြေအနေမကောင်းတာကို မြင်တော့ သူတို့က ငါ့ကို နင်းချေပစ်ဖို့ မစောင့်နိုင်တော့ဘူး။ ခွေးတစ်ကောင်ဆီမှာ အားနည်းနေတဲ့ ကျားတစ်ကောင် အနိုင်ကျင့်ခံရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ ဆိုတာ မင်း သိတယ် မဟုတ်လား။ ”
967 02
“ အဲ့တော့ အစောပိုင်းနှစ်တွေမှာ မင်းနဲ့ ရန်ငြိုးရှိခဲ့တာက ဒေသတွင်း လူရမ်းကားတွေပေါ့။ ” ဟောက်ချန်ဟွမ်းက ဟက်ခနဲ ရယ်၍ ပြောလိုက်သည်။ “ အခုမှ ပိုသိချင်သွားပြီ။ ဘယ်လို လူရမ်းကားတွေမို့လို့ သူတို့က မင်းကိုတောင် ခြိမ်းခြောက်နိုင်တာလဲ။ မင်းကိုယ်တိုင် သူတို့ဆီက ငွေညစ်ခံရတဲ့အထိ မင်းနဲ့ ဟောက်ကော်ပိုရေးရှင်းရဲ့ တာဝန်ရှိသူတွေက သူတို့ကို ကြောက်ခဲ့တာလား။ ကြည့်ရတာ လျို့ဝှက်ချက်ကြီးတွေကို သူတို့ သေချာပေါက် သိထားမယ် ထင်တယ်။ ဥပမာ … ”
ဟောက်ချန်ဟွမ်းက ဟောက်ချီဟန်ရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲက နွေးထွေးမှုတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ “ အဲ့ဒီနှစ်တုန်းက အဖေနဲ့ အမေရဲ့ သေဆုံးမှုမှာ မင်း ပါဝင်ပတ်သက်ခဲ့တာလိုမျိုးပေါ့။ ”
ဟောက်ချီဟန်ရဲ့ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားပြီး ချက်ချင်းပဲ မတ်တပ်ထရပ်ကာ ထိုင်ခုံကို ပိတ်ကန်ပစ်လိုက်သည်။
“ အဓိပ္ပာယ်မရှိတဲ့ ဘာစကားတွေ လျှောက်ပြောနေတာလဲ။ အဲ့ဒီနှစ်တုန်းက အဖေနဲ့ အမေရဲ့ သေဆုံးမှုက မတော်တဆမှုကွ ၊ မတော်တဆမှု။ မင်း ငါ့ကို ဟောက်မိသားစုထဲက ကန်ထုတ်ပစ်လိုက်တာနဲ့ပဲ ငါ့ကို အခြေအမြစ်မရှိတဲ့ ပြစ်မှုတွေနဲ့ အမှုဆင်တာမျိုးကို ငြိမ်ခံနေမယ် ထင်တာလား။ အဖေနဲ့ အမေရဲ့ သေဆုံးမှုက ငါနဲ့ ဘာမှ မဆိုင်ဘူး။ မင်းက ဒီအသံမှတ်တမ်းတစ်ခုတည်းနဲ့ ငါ့ကို အဓိပ္ပာယ်မရှိတဲ့ ပြစ်မှုကို စွပ်စွဲချင်နေတာပဲ ဟောက်ချန်ဟွမ်း။ အခု မင်းလက်ထဲမှာ ဟောက်ကော်ပိုရေးရှင်း ရှိနေတာနဲ့ပဲ ကမ္ဘာကြီးကို ထိန်းချုပ်နိုင်သွားပြီလို့ ထင်နေတာလား။ ”
++++++