အခန်း ၉၆၈
Vol. 65 Ch. 968
968 01
အခန်း ( ၉၆၈ ) မင်း ဘာလို့ အဲ့လို လုပ်ခဲ့တာလဲ။
“ မင်း ဘာလို့ ဟောက်ကော်ပိုရေးရှင်းအကြောင်းပဲ ဆက်တိုက် ပြောနေတာလဲ။ မင်းအတွက် ဟောက်ကော်ပိုရေးရှင်းက အဲ့လောက် အရေးပါတာလား။ ”
ဟောက်ချီဟန်သည် စက္ကန့်ပိုင်းလောက် ကြောင်အငြိမ်သက်သွားပြီးမှ ကမ္ဘာ့အရယ်ရဆုံး ဟာသပြက်လုံးကို ကြားလိုက်ရသလိုမျိုး အရူးတစ်ယောက်ပမာ အော်ရယ်လိုက်သည်။
“ မင်းအတွက်ကတော့ ပြောဖို့ လွယ်မှာပေါ့။ အခုအချိန်မှာ ဟောက်ကော်ပိုရေးရှင်းက မင်းလက်ထဲ ရောက်နေပြီကိုး။ မင်း ခုနတုန်းက ပြောသွားသလိုပဲ ၊ လျင်သူစားစတမ်းလေ။ အခုအချိန်မှာ မင်းက အောင်နိုင်သူပဲ ၊ အဲ့တော့ မင်း ပြောချင်းတိုင်းပြော လုပ်ချင်တိုင်းလုပ်လို့ ရတာပေါ့။ ဟောက်ကော်ပိုရေးရှင်းက အရေးမပါဘူး ဆိုရင် မင်း ဘာလို့ အဲ့လောက် အများကြီး အားစိုက်ထုတ်ခဲ့တာလဲ။ မင်းက ဟိုမိန်းမယုတ်ကို ငါ့ဘေးကို ပို့ပြီး ငါနဲ့ ငါ့မိသားစုကြားမှာ သပ်လျှိုသွင်းခိုင်းရုံတင် မဟုတ်ဘူး ၊ ကုမ္ပဏီက ရှယ်ယာရှင်တွေကိုလည်း ငါ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ တညီတညွှတ်တည်း မဲပေးအောင် လုပ်ခဲ့တယ်။
လူတွေကို ကွဲပြားစေတာက ဘာလဲ ဆိုတာ မင်း သိလား။ အဲ့ဒါ ပိုက်ဆံပဲ။ ပိုက်ဆံက အမြင့်ဆုံးက လူတစ်ယောက် ဖြစ်အောင် တွန်းပို့ပေးနိုင်တယ်။ ပိုက်ဆံရှိရင် ဘာမဆို လုပ်နိုင်တယ် ၊ လိုချင်တာမှန်သမျှ ဝယ်နိုင်တယ် ၊ သာမန်လူတွေ မခံစားနိုင်တဲ့ အထူးအခွင့်အရေးတွေကို ခံစားနိုင်တယ်။ ပိုက်ဆံမရှိတော့ရင် မင်းက မြေကြီးပေါ်က ရွံ့လိုပဲ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တော့ဘူး။ ဘယ်သူမဆို မင်းကို တက်နင်းလို့ ရတယ်။ အထူးအခွင့်အရေး မပြောနဲ့။ ဘယ်သူကမှ မင်းကို အခြေခံတရားမျှတမှုနဲ့ လေးစားမှုလေးတောင် ပေးမှာ မဟုတ်ဘူး။ ”
ဟောက်ချန်ဟွမ်းက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ “ ဒါဆို အဲ့ဒါကြောင့် မင်း ငါ့မိဘတွေနဲ့ ငါ့အပေါ် အရမ်း ရက်စက်ခဲ့တာပေါ့။ ”
“ ငါ မင်းကို ပြောပြီးပြီပဲ။ အဖေနဲ့ အမေရဲ့ သေဆုံးမှုက မတော်တဆမှုပဲ။ ပြီးတော့ မမေ့နဲ့ဦး။ ” ဟောက်ချီဟန်က ဟောက်ချန်ဟွမ်းကို ကောက်ကျစ်ယုတ်မာမှုတွေ ရောနှောပျော်ဝင်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ အဖေက မင်းလက်ထဲမှာ သေသွားခဲ့တာ။ မင်းကိုယ်တိုင် သူ့ကို သတ်ခဲ့တာ။ ”
ဟောက်ချန်ဟွမ်းသည် ဟောက်ချီဟန်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
ဟောက်ချီဟန်ရဲ့ နှလုံးသားထဲမှာ တုန်လှုပ်သွားသော်လည်း ဒါကပဲ ဟောက်ချန်ဟွမ်းကို ထိုးနှက်ဖို့ တစ်ခုတည်းသော အခွင့်အရေးဖြစ်တာကို နားလည်တာမို့ အံကြိတ်ပြီး ခေါင်းမာစွာ ဇွတ်တိုးလိုက်သည်။ “ ငါ ပြောတာ မှားလို့လား။ အဲ့အချိန်တုန်းက အဖေ့ကို ကယ်လို့ ရမယ့် အခွင့်အရေးရှိသေးတာကို မင်း … မင်းက သူ့ရဲ့ အောက်ဆီဂျင် Mask ကို ချွတ်ပစ်ခဲ့တာ။ သူ့ကို သတ်ခဲ့တဲ့ လူက မင်းပဲ။ အခုမှ မင်းက ငါ့ကို အပြစ်ဖို့ချချင်နေတာလား။ ရူးနေလား။ ”
“ ဟုတ်တယ်။ ငါက အဖေ့ရဲ့ အောက်ဆီဂျင် Mask ကို ချွတ်ပစ်ပြီး သူ သေသွားတာကို ထိုင်ကြည့်နေခဲ့တာ။ ငါ ဝန်ခံပါတယ်။ ” ဟောက်ချန်ဟွမ်းရဲ့ အမူအရာက သူ ပြောလိုက်တဲ့ စကားဟာ ဘာမှ မထူးဆန်းတဲ့ သမာရိုးကျ စကားလိုမျိုး တည်ငြိမ်နေခဲ့သည်။ “ ဒါပေမဲ့ အဲ့ဒါနဲ့ပဲ မင်း လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို မေ့ပစ်လို့ ရတယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ ငါ ဒီအသံမှတ်တမ်းကို လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ရထားတာ။ ဒီနေ့ မင်းကို ငါ ဘာလို့ လာရှာတာလဲ ဆိုတာ သိလား။ ”
ဟောက်ချီဟန်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူ့နှလုံးသားထဲက နမိတ်မကောင်းတဲ့ ခံစားချက်ဟာ တိုင်းတာ၍ မရလောက်အောင် ကြီးမားလာခဲ့သည်။
ထင်ထားတဲ့အတိုင်း ဟောက်ချန်ဟွမ်းက အေးစက်စွာ ဆက်ပြောပါသည်။ “ ဒီရက်ပိုင်း ဦးလေးက မင်းမှာ ရှိသမျှ ဖုန်းနံပါတ်မျိုးစုံကို ခြေရာခံခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး မင်းနဲ့ အဆက်အသွယ်ရှိခဲ့တဲ့ အဲ့ဒီလူတွေရဲ့ ဖုန်းမှတ်တမ်းတွေကို ရှာဖို့အတွက်လေ။ ”
….
“ မင်းတို့ … ”
968 02
ဟောက်ချန်ဟွမ်းသည် ဟောက်ချီဟန်ရဲ့ မျက်လုံးထဲက မသိမသာ ကြောက်ရွံ့မှုတွေကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်က လှောင်ပြောင်မှုတွေဟာ ပိုလို့တောင် ထင်ရှားသွားခဲ့သည်။ “ အရာအားလုံးကို ဘယ်သူမှ မဖော်ထုတ်အောင် မင်း ပိပိရိရိ လက်စဖျောက်နိုင်ခဲ့ပြီလို့ ထင်နေတာလား။ မင်းနဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ လူတွေက သာမန်လူတွေ မဟုတ်လို့ ဒီနေ့အထိ မင်း ဖုံးကွယ်ထားနိုင်ခဲ့တာကို ကျေးဇူးတင်သင့်တယ်။ မင်းက ငါ့မိဘတွေရဲ့ မွေးစားသားဖြစ်နေတဲ့ အချက်ကိုတော့ ပိုပြီးတော့တောင် ကျေးဇူးတင်သင့်သေးတယ်။ အဲ့ဒါကြောင့် ဦးလေးက မင်းကို ဘယ်တော့မှ သံသယမဝင်ခဲ့တာ ၊ မင်း သူ့ရန်သူတွေနဲ့ ပူးပေါင်းပြီး မိသားစုကို ပြန်သတ်လိမ့်မယ်လို့ သူ လုံးဝ မထင်ခဲ့တာ။ ”
မဟုတ်ရင် ကျန်းချန့်ယန်ရဲ့ နောက်ခံနှင့် သဲလွန်စတွေကို စူးစမ်းဖော်ထုတ်နိုင်စွမ်းနှင့်သာ ဆိုလျှင် ဟောက်ချီဟန်ကို ဒီလောက်ထိ အလွှတ်ပေးထားခဲ့မှာ မဟုတ်ပါ။
ဟောက်ချန်ဟွမ်းလည်း ဟောက်ချီဟန်ကို သံသယဝင်ဖူးပေမဲ့ ထိုနယ်ပယ်မှာ သူ့အဆက်အသွယ်တွေက အကန့်အသတ်ရှိပြီး စုစည်းနိုင်တဲ့ အချက်အလက်တွေကလည်း အလွန် နည်းသည်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမှုဖြစ်၍ ဘာမှ သိပ်ရှာမတွေ့ခဲ့ပေ။ ထိုသို့ဖြင့် သဲလွန်စတွေကို စုစည်းချိတ်ဆက်ကာ သူ့ရှေ့က လူကို မညွှန်ပြနိုင်ဘဲ အလွှတ်ပေးခဲ့ရသည်။
ဟောက်ချန်ဟွမ်းသည် ထိုအတွေးကြောင့် တစ်ချိန်တုန်းက သူ အစ်ကိုလို့ ခေါ်ခဲ့ဖူးတဲ့ လူကို စေ့စေ့ကြည့်ကာ အမေးချင်ဆုံး မေးခွန်းကို မေးလိုက်သည်။ “ မင်း ဘာလို့ အဲ့လို လုပ်ခဲ့တာလဲ။ ”
+++++