အခန်း ၉၇၀
Vol. 65 Ch. 970
970 01
အခန်း ( ၉၇၀ ) မင်းက အရမ်း လောဘကြီးတယ်။
အမျိုးသမီးဟောက်ရဲ့ ကွာရှင်းမည် ဟူသော စိတ်လိုက်မာန်ပါ ကြေညာချက်က ကိုယ်ဝန်ရလာတဲ့အတွက် ရပ်တန့်သွားကာ သူမရဲ့ ပူထူနေတဲ့ စိတ်ကိုလည်း ငြိမ်သက်သွားစေခဲ့သည်။
သူမ ဒီမှာပဲ ဘာမှ မလုပ်ဘဲ ဒီတိုင်း ထိုင်နေလို့ မရဘူးလို့ ခံစားရသည်။ သူမအတွက် မဟုတ်ရင်တောင် သူမရဲ့ ဗိုက်ထဲက ကလေးအတွက် တစ်ခုခုကို စဉ်းစားမှ ဖြစ်မည်။ ထိုနောက်ပိုင်းမှာ အမျိုးသမီးဟောက်နှင့် ဟောက်ချန်ဟွမ်းရဲ့ အမေကြား မပြေလည်မှုလေးတွေ ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။
ပြဿနာတစ်ခုခုတက်တိုင်း ဟောက်ချန်ဟွမ်းရဲ့ အဖေက သူ့ဇနီးနှင့် သားအငယ်ဆုံးကို ခေါ်ထုတ်သွားကာ အပြင်မှာ နှစ်ရက် ၊ သုံးရက်လောက် နေလေ့ရှိပြီး ဟောက်ချီဟန်အား သူ့ဇနီးကို ဖျောင်းဖျ၍ အသိအမြင်ပေးဖို့ ချန်ရစ်ထားခဲ့သည်။
မျှော်လင့်မထားစွာဖြင့် သူတို့ ထွက်ခွာသွားတာက အမျိုးသမီးဟောက်အား အခြေအနေကို အမြတ်ထုတ်ဖို့ အခွင့်အရေးပေးသလို ဖြစ်သွား၏။ သူမက ဟောက်ချီဟန်ကို စတင် ဦးနှောက်ဆေးပြီး ဟောက်ချန်ဟွမ်းတို့မိသားစုနှင့် ပတ်သက်သော မကောင်းတဲ့ စကားပေါင်းစုံကို ပြောခဲ့သည်။
ပထမတော့ ဟောက်ချီဟန်သည် ထိုစကားတွေကို ကြားချိန်မှာ သူမကို ကြိမ်းမောင်းခဲ့သော်လည်း မကြာခဏ ကြားရဖန်များလာတဲ့အခါ ထိုသုံးယောက်နှင့် ပတ်သက်၍ စိတ်မသက်မသာ မခံစားရဘဲ မနေနိုင်တော့ပါ။
ဟောက်ချန်ဟွမ်းက တဖြည်းဖြည်း အရွယ်ရောက်လာသလို သူ့ပုံစံကလည်း သူ့မိဘတွေနှင့် ပို,ပိုတူလာသည်။ သူတို့ရဲ့ အားသာချက်တွေအတိုင်း တစ်ပုံစံတည်း ကြီးပြင်းလာတယ်လို့တောင် ပြောလို့ ရပါသည်။
ဟောက်ချန်ဟွမ်း ငယ်ရွယ်စဉ်တုန်းက သူ့ပတ်ဝန်းကျင်က လူတွေက သူ့ကို ချစ်စရာကောင်းတယ်လို့သာ ထင်ခဲ့ကြပြီး သူ နည်းနည်းလေး အသက်ကြီးလာတဲ့အခါမှာတော့ လူတိုင်းရဲ့ အာရုံစိုက်မှုက စတင်ပြောင်းလဲလာခဲ့သည်။
ပါတီပွဲတွေမှာ ဟောက်ချန်ဟွမ်းရဲ့ ချောမောခန့်ညားသော ရုပ်ရည်ကို လူတွေ တစ်ကြိမ်ထက်မနည်း ချီးကျူးတာကို ဟောက်ချီဟန် ကြားဖူးသည်။ သူကိုယ်တိုင်လည်း ဟောက်ချန်ဟွမ်းအား ‘ မင်းမှာ သဘောကျနေတဲ့ မိန်းကလေးရှိလား ’ ဟု သွယ်ဝိုက်၍ မေးခဲ့ဖူးသည်။
တကယ်လို့ ဟောက်ချန်ဟွမ်းမှာ သဘာကျရတဲ့သူ မရှိဘူး ဆိုရင် သူ့မိသားစုထဲမှာ ဟောက်ချန်ဟွမ်းနှင့် အသက်မတိမ်းမယိမ်း ကောင်မလေးတွေ ရှိသည်။ သူတို့ တွေ့ဖို့ အချိန်စီစဉ်ပေးပြီး တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးအောင် လုပ်ပေးလို့ ရသည်လေ။
…
အဲ့ဒီနောက်ပိုင်း ဟောက်ချန်ဟွမ်း ပိုအသက်ကြီးလာတော့ ဟောက်ဇနီးမောင်နှံက သူ့ကို ပွဲအခမ်းအနားတွေသို့ ရံဖန်ရံခါ ခေါ်သွားပြီး ပွဲထုတ်တတ်သည်။
လူတချို့က ဟောက်ဇနီးမောင်နှံဟာ သူတို့ရဲ့ အငယ်ဆုံးသားလေးကို ပိုချစ်သည်ဟု ထင်သွားပြီး ဟောက်မိသားစုရဲ့ အရေးပေးမှုကို ရဖို့အတွက် ဟောက်ချန်ဟွမ်းကို ပွင့်လင်းစွာ မြှောက်ပင့်ခဲ့ကြသည်။ သူ့ကိုတောင် ဟောက်ချီဟန်နှင့် နှိုင်းယှဉ်ခဲ့တဲ့အထိ။
‘ ဟောက်မိသားစုရဲ့ အကြီးဆုံးသားက သူ့ဟာနှင့်သူ တော်ပေမဲ့ အငယ်ဆုံးသားလေးကတော့ အစ်ကိုဖြစ်သူထက်တောင် ပိုတော်လို့ ဟောက်မိသားစုက သိပ်ကို ကံကောင်းတယ် ’ တဲ့။
အများစုက ချီးမွမ်းမြှောက်ပင့်တဲ့ စကားတွေ ဆိုတာ ဟောက်ချီဟန် နားလည်သော်လည်း ကြားရတဲ့ သူ့နားထဲမှာတော့ နာကျင်သွားခဲ့ရသည်။
သို့သော်လည်း ထိုစကားတွေက ဟောက်ချီဟန်အား မကျေမနပ်ဖြစ်စေရုံသာ ရှိခဲ့ပြီး ဟောက်မိသားစုသုံးယောက်ကို အမှန်တကယ် သတ်ပစ်ချင်စိတ်ပေါက်တဲ့ထိ အမုန်းတရားတွေ ပေါက်ဖွားလာစေခဲ့တာက … တခြားတစ်ခုပင်။
970 02
“ ဘယ်သူကမှ မင်း ကြိုးစားခဲ့တာတွေကို မျက်ကွယ်မပြုဖူးဘူး။ မင်းဘာသာ သွေးရူးသွေးတန်းနဲ့ အမှားတွေ လုပ်ခဲ့တာ။ ”
“ မင်းကတော့ ပြောဖို့ လွယ်တာပေါ့။ မင်းက တစ်ခါမှ ငါ့ဘက်မှာ မရပ်တည်ပေးဖူးသလို ငါ ကြုံတွေ့ခဲ့ရတဲ့ အရာရာတိုင်းကိုလည်း ကြုံမှ မကြုံဖူးတာ။ အဲ့တော့ မင်း အဲ့စကားကို လွယ်လွယ်လေး ပြောနိုင်တာပေါ့။ ဘယ်သူကမှ မင်းကို အရာမသွင်းရင် ၊ တစ်ချိန်က မင်းဘက်မှာ ရှိပေးခဲ့ဖူးတဲ့ လူတွေက သူတို့မှာ ပိုကောင်းတဲ့ ရွေးချယ်စရာရှိလာတာနဲ့ မင်းကို စွန့်ပစ်သွားရင် ၊ မူလတုန်းက မင်းနဲ့ သက်ဆိုင်ခဲ့တဲ့ အရာအားလုံး ညတွင်းချင်း ပျောက်ကွယ်သွားရင် မင်းရော သွေးရူးသွေးတန်း မဖြစ်ဘူးလား။ ဒါတွေက အရေးမပါ,ပါဘူးလို့ ထင်ဦးမှာလား။ ”
ဟောက်ချန်ဟွမ်းသည် ဟောက်ချီဟန်ရဲ့ စကားပြောကောင်းသော မကျေနပ်ချက်တွေကို နားထောင်ရင်း သူ့အတွက် နည်းနည်းလေးမှ သနားစိတ်မဝင်မိဘဲ ထိုအစား ဟောက်ချီဟန်ဟာ သူ့မိဘတွေနှင့် မတန်ဘူးလို့ပဲ ခံစားလာရသည်။
“ မင်းက ငါ့အဖေနဲ့ အမေက မိသားစုပိုင်ဆိုင်မှုတွေကို မင်းနဲ့ ပြိုင်လုမယ့် ကလေးတစ်ယောက်ကို မွေးခဲ့လို့ မကျေမနပ်ဖြစ်နေတာ ၊ ငါ့ရဲ့ မွေးဖွားလာမှုက မင်းရဲ့ အာရုံစိုက်ခံရမှု တစ်စိတ်တစ်ပိုင်းကို လုယူသွားလို့ မကျေမနပ်ဖြစ်နေတာ။ မူလတုန်းက မင်းမှာ ပိုင်ဆိုင်ခဲ့သမျှ အရာရာတိုင်းကို ငါ့အဖေနဲ့ အမေကပဲ ပေးထားတာလို့ မင်း တစ်ခါမှ မတွေးခဲ့ဘူး။ သူတို့က မင်းကို ဘယ်တုန်းကမှ မတရား မဆက်ဆံဖူးသလို မင်းကို စွန့်ပစ်ဖို့လည်း မတွေးဖူးဘူး။ မင်းအပေါ် ထားတဲ့ သူတို့ရဲ့ အချစ်ကတောင် ငါ့ကြောင့် လျော့ကျမသွားခဲ့ဘူး။ လောဘကြီးလွန်းတဲ့ မင်းကပဲ အရာအားလုံးကို လိုချင်ခဲ့တာ။ မင်းက ကိုယ် လိုချင်တာတွေကို တောင်းဆိုဖို့ပဲ သိပြီး ကိုယ့်ဘက်ကတော့ ဘာကိုမှ ပြန်မပေးချင်ဘူး။ ငါကိုယ်တိုင်တောင် မင်းနဲ့ တိုက်ခိုက်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး … ”
“ တိုက်ခိုက်နေစရာ လိုသေးလို့လား။ မင်းရဲ့ ဖြစ်တည်မှုကတင် ငါ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပြီပဲ။ ဒီလောကထဲကို မင်း ရောက်လာလို့ ငါ့အိပ်မက်တွေနဲ့ ငါတို့မိသားစုရဲ့ သာယာပျော်ရွှင်မှုတွေ ပျက်စီးသွားခဲ့ရတာ။ မင်းကြောင့်သာ မဟုတ်ရင် ငါတို့မိသားစုလည်း အခုထိ ပုံမှန်အတိုင်းပဲ ရှိဦးမှာ။ ငါကလည်း သူတို့ရဲ့ တစ်ဦးတည်းသောသားနဲ့ သူတို့ ဂုဏ်အယူရဆုံး သားတစ်ယောက် ဖြစ်နေဦးမှာပဲ။ ”
++++++