← Chapters

အခန်း ၉၇၁

Vol. 65 Ch. 971

အခန်း ၉၇၁

Vol. 65 Ch. 971

971 01

အခန်း ( ၉၇၁ ) တစ်ချိန်တုန်းက သေတမ်းစာ။

ဟောက်ချီဟန်သည် ဒီနှစ်တွေတစ်လျှောက်လုံး သူ့နှလုံးသားထဲမှာ မြုပ်နှံထားခဲ့တဲ့ မကျေနပ်ချက်တွေ ၊ အမုန်းတရားတွေအကုန်လုံးကို ထွက်ပေါက်ပေးချင်သကဲ့သို့ ပြောရင်း ပို၍ ပို၍ ဒေါသထွက်လာခဲ့သည်။ “ အဲ့ဒါတွေ အကုန်လုံးက မင်းကြောင့် ပျက်စီးသွားခဲ့တာ။ မင်းသာ ဒီလောကထဲမှာ မရှိခဲ့ရင် ၊ မင်းသာ ဒီလောကထဲက ပျောက်ကွယ်သွားရင် အခုလို အဖြစ်အပျက်တွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ မင်းရဲ့ ဖြစ်တည်မှုကိုက အမှားတစ်ခုပဲ။ အမေက မင်းကို အစကတည်းက မမွေးခဲ့သင့်ဘူး။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။ ကိုယ့်အတွက်ကိုယ်ပဲ သိတဲ့ လူစားမျိုးကို အကျိုးသင့်အကြောင်းသင့် ရှင်းပြနေလို့ မရမှန်း သိတာမို့ “ အဖေနဲ့ အမေက မင်းကို အစကတည်းက မမွေးစားခဲ့သင့်ဘူး။ ” ဟု ရွံရှာစက်ဆုပ်စွာ ပြန်ပြောလိုက်သည်။

“ မဟုတ်ဘူး ၊ သူတို့က ငါ့ကို မမွေးစားခဲ့သင့်တာ မဟုတ်ဘူး။ ငါ့ကို မွေးစားပြီးတဲ့နောက်ပိုင်း မင်းကို မမွေးခဲ့သင့်တာ။ သူတို့က မင်းကို မွေးဖို့အတွက် အန္တရာယ်တွေ အကုန်လုံးကိုတောင် ရင်းခဲ့တာ။ ငါ့ကို မွေးစားတုန်းက သူတို့ရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာ ငါကပဲ သူတို့ရဲ့ တစ်ဦးတည်းသောသား ဖြစ်ရပါစေမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ ဘာဖြစ်သွားလဲ။ သူတို့ဘက်က အရင် ငါ့ကို လိမ်ခဲ့တာ ၊ သူတို့ဘက်က အရင် ကတိဖျက်ခဲ့တာ။ ကတိမတည်နိုင်ဘူး ဆိုရင်လည်း ဘာလို့ အစကတည်းက ကတိပေးခဲ့သေးလဲ။ ”

ဟောက်ချန်ဟွမ်းက သူ့စကားတွေကို တည်တည်ငြိမ်ငြိမ်ပဲ နားထောင်နေခဲ့သည်။ သူ ဘာပဲပြောပြော တစ်ဘို့တည်းပဲ ကြည့်ပြီး သူ့ကို ရန်သူလို့ တစ်ဖက်သတ် သတ်မှတ်ထားတဲ့ ဟောက်ချီဟန်ရဲ့ မျက်လုံးထဲမှာ သူက အပိုလုပ်ပြီး ဆင်ခြေတွေ ပေးနေတယ်လို့ပဲ မြင်မှာပါ။

ဒါပေမဲ့ အဲ့ဒါက သု လုံးဝ ဒေါသမထွက်ဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။ “ သူတို့က ကတိမတည်ဘဲ ငါ့ကို မွေးလိုက်တာနဲ့ပဲ မင်းက သူတို့ကို သတ်ပစ်ဖို့အထိ ရန်ငြိုးထားခဲ့တာလား။ အမေ ငါ့ကို ကိုယ်ဝန်လွယ်ထားတဲ့ အချိန်မှာ မင်းက အသက်နှစ်ဆယ်ကျော်နေပြီ ဟောက်ချီဟန်။ သုံးနှစ်အရွယ် ကလေးတစ်ယောက် မဟုတ်တော့ဘူး။ သူတို့က မင်းကို ဆယ်နှစ်ကျော် ပြုစုပျိုးထောင်ပေးခဲ့တာ။ မင်း သူတို့ကို မကျေနပ်ဘူး ဆိုရင်တောင် နာကျင်အောင် မလုပ်သင့်ဘူး။ ”

ဟောက်ချီဟန်က အံကြိတ်ပြီး စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပါ။ ဟောက်ချန်ဟွမ်းကတော့ သူ့မိဘတွေနှင့် မထိုက်တန်တဲ့ ဟောက်ချီဟန်ကို မည်းမှောင်သော မျက်နှာဖြင့် ကြည့်နေခဲ့သည်။

“ မနေ့တုန်းက အငြိမ်းစားယူသွားတဲ့ ရှေ့နေကျန်းနဲ့ ငါ သွားတွေ့ခဲ့တယ်။ ”

ဟောက်ချန်ဟွမ်း ပြောတဲ့ ရှေ့နေကျန်း ဆိုတာ တစ်ချိန်တုန်းက ဟောက်ကော်ပိုရေးရှင်းရဲ့ တရားဥပေဒငှာနမှာ ခေါင်းဆောင်လုပ်ခဲ့ဖူးတဲ့ ရှေ့နေကြီး ဖြစ်သည်။ သူက ဟောက်ချန်ဟွမ်းရဲ့ အဖေနှင့် သက်တူရွယ်တူဝန်းကျင် ရှိသည်။

အရင်တုန်းက ဟောက်ကော်ပိုရေးရှင်းရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်း တချို့ကို သူကပဲ မူကြမ်းရေးသားပေးရတာ ဖြစ်ပြီး သူ ရေးသားပေးခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ ဟောက်ချန်ဟွမ်းရဲ့ အဖေ ချစ်ရစ်ထားခဲ့တဲ့ သေတမ်းစာကလည်း တစ်ခုအပါအဝင် ဖြစ်သည်။

971 02

ဟောက်ချီဟန်ရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားကာ သူ့လက်တစ်ဖက်က စားပွဲထောင့်ကို အလိုလို ဆုပ်ကိုင်လိုက်သည်။

“ အရင်တုန်းက မင်း လူမိုက်ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး ငါတို့သုံးယောက်ကို သတ်ပစ်ချင်လောက်တဲ့ထိ ရန်လိုခဲ့တာက အဖေက သေတမ်းစာကို ဒုတိယအကြိမ် ပြင်ဆင်တော့မယ် ဆိုတဲ့ သတင်းကို ကြားလို့ မဟုတ်လား။ အဖေက ပိုင်ဆိုင်မှုတွေအကုန်လုံးကို မင်းကို မပေးဘဲ ငါ့ကိုပဲ ပေးခဲ့မှာကို မင်း စိုးရိမ်ခဲ့တယ်လေ။ အဲ့ဒါကြောင့်ပဲ အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာမှာကို ဖယ်ရှားတဲ့အနေနဲ့ အန္တရာယ်ရင်းပြီး ငါတို့သုံးယောက်ကို ရှင်းပစ်ချင်ခဲ့တာမလား။ ”

…

ဒီကိစ္စကို ထုတ်ဖော်ခံလိုက်ရလိမ့်မည်ဟု ဟောက်ချီဟန် မျှော်လင့်မထားခဲ့ပါ။ ခေါင်းငိုက်စိုက်ချပြီး စားပွဲကို စိုက်ကြည့်နေတဲ့ သူ့မျက်နှာမှာ ဆန့်ကျင်ငြင်းဆန်လိုမှုတွေ ပြည့်နှက်နေသည်။

“ အဖေ့ရဲ့ ဒုတိယအကြိမ် ပြင်ဆင်ထားတဲ့ သေတမ်းစာက ဘာလဲ ဆိုတာ မင်း သိလား။

“ တခြား ဖြစ်ဦးမလား။ ” ဟောက်ချီဟန်က သရော်တော်တော် ရယ်မောလိုက်သည်။ “ မင်းက သူ့ရဲ့ သားအရင်းပဲ။ သူက မင်းကို အရမ်း တန်ဖိုးထားတယ် ၊ အမေကလည်း မင်းကို တုန်နေအောင် ချစ်တယ်။ ပစ္စည်းကောင်းတွေ အကုန်လုံးကို မင်းကိုပဲ ပေးခဲ့မှာပေါ့။ ”

ဟောက်ချန်ဟွမ်းသည် ရှင်းပြမနေတော့ဘဲ ( ၁ ) စင်တီမီတာအမြင့်တောင် မရှိတဲ့ မှန်ချပ်အောက်က အပေါက်လေးကနေတစ်ဆင့် စာရွက်စာတမ်းတစ်ခုကို ‌လှမ်းပေးလိုက်၏။

ဟောက်ချီဟန်က သူ့ရှေ့ကို ရောက်လာတဲ့ စာချုပ်ကို ကြည့်ကာ ဘာ့ကြောင့်မှန်းမသိဘဲ ရှင်းမပြနိုင်တဲ့ အကြောက်တရားတစ်မျိုးကို ခံစားလိုက်ရသည်။ ထိုစာရွက်ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါကြီးတစ်ကောင် ပုန်းကွယ်နေသလိုမျိုး ထိုစာချုပ်ကို သူ ဖွင့်ဖောက်လိုက်တာနှင့် ဘယ်တော့မှ မလွတ်မြောက်နိုင်မှာကို ကြောက်သည်။

“ မင်း အဲ့ဒါကို ဖွင့်မကြည့်တော့ဘူးလား။ ”

ဟောက်ချီဟန်က ခဏလောက် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတော့ ထိုစာချုပ်ကို လှမ်းယူလိုက်သည်။ အခုအချိန်မှာ သူ့မှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့တာမို့ ဆုံးရှုံးစရာလည်း မရှိတော့ပါ။ သူကို စောင့်ဆိုင်းနေတဲ့ အရာ ဆိုလို့ နှစ်ရှည်လများ အကျဉ်းချခံထားရခြင်းပဲ ရှိလိမ့်မည်။

ဟောက်ချီဟန်သည် ထိုစာချုပ်ကို ဖွင့်ဖောက်လိုက်သည်နှင့်တစ်ပြိုင်နက် အနီရောင်နှင့် သေချာ အမှတ်အသားလုပ်ထားသော စာကြောင်းတချို့က သူ့မျက်လုံးထဲ ဝင်ရောက်လာကာ မျက်လုံးတွေကို အဆမတန် ပြူးကျယ်သွားစေပြီး လက်တွေကို တုန်ယင်လာစေခဲ့လေသည်။

++++++

All Chapters