အခန်း ၉၇၃
Vol. 65 Ch. 973
973 01
အခန်း ( ၉၇၃ ) အချစ်ရဲ့ အမှတ်အသား။
စုယန်ယန်ရဲ့ နှလုံးသားထဲမှာ တစ်ခုခုနှင့် ထိုးဆွခံရသလို ဆစ်ခနဲ နာကျင်သွားကာ နှာခေါင်းထဲမှာတောင် မွှန်တက်လာခဲ့သည်။ ထို့နောက် သူမ ဟောက်ချန်ဟွမ်းရဲ့ လက်မောင်းတွေကို ဆုပ်ကိုင်ပြီး သူ့ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
ဟောက်ချန်ဟွမ်းသည် အနည်းငယ် အံ့အားသင့်သွားသလို ဒေါသလည်းထွက် ၊ စိတ်လည်းပူသွား၏။ “ ကိုယ်တောင် မငိုဘဲနဲ့ မင်းက ဘာလို့ ငိုနေတာလဲ။ ”
မျက်ရည်တွေ စီးကျနေတဲ့ စုယန်ယန်က ရှိုက်သံတွေကြားမှ ပြန်ဖြေသည်။ “ ဘာလို့လဲ ဆိုတော့ ရှင် မငိုနိုင်ဘူး ဆိုတာ သိလို့ပေါ့။ ရှင် မငိုနိုင်ရင် ကျွန်မ ရှင့်အစား ငိုပေးမယ်။ ”
“ မင်း … ” ဟောက်ချန်ဟွမ်းက သူမရဲ့ ခေါင်းလေးကို အသာအယာ ပုတ်ပေးရင်း သူမအား သူ့ရှပ်အင်္ကျီကို မျက်ရည်တွေနှင့် စိုစွတ်အောင် လုပ်ခွင့်ပေးလိုက်တော့သည်။
“ သူ ပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့နော်။ အဲ့ဒါက ရှင့်အမှား မဟုတ်ဘူး။ အရမ်း ကြင်နာတတ်တဲ့ ရှင့်မိဘတွေရဲ့ အမှားလို့ပဲ ပြောရမလား။ သူက အရမ်း လောဘကြီးပြီး ရှင့်မိဘတွေရဲ့ ရည်ရွယ်ချက်ကောင်းတွေကို ဖျက်ဆီးပစ်ခဲ့တာ။ ” စုယန်ယန်က စိတ်ဆိုးမာန်ဆိုး ပြောရင်း သူမ မေးချင်နေတဲ့ မေးခွန်းကို ဆက်မေးလိုက်သည်။ “ ရှင်က သူ့ကို စကားတွေ အများကြီး ပြောခဲ့ပေမဲ့ ဟိုလူတွေ ထွက်လာအောင် မျှားခေါ်ပေးဖို့ အကူအညီမတောင်းခဲ့ဘူး။ ရှင် လုပ်ခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်မသွားပါလောက်ပါဘူးနော်။ ”
“ မဖြစ်ပါဘူး။ ဦးလေး ရှိတာပဲ။ ကိုယ့်တာဝန်က ဒီမှာတင် ပြီးပြီ။ ကျန်တာကို ဦးလေးက ဆက်လုပ်သွားလိမ့်မယ်။ ”
“ ဪ။ ” စုယန်ယန် ခေါင်းညိတ်လိုက်သည်။ “ ဒါဆို သူကရော ကူညီပေးဖို့ သဘောတူမှာလား။ ”
“ သူ သဘောတူပါလိမ့်မယ်။ ”
“ ရှင် ဘာလို့ အရမ်း သေချာနေတာလဲ။ ”
“ သူ့ကို ကယ်ပေးလို့ မရတဲ့ထိ မတုံးအဘူး ဆိုရင်တော့ ဒါက သူ့ကို ရာဇဝတ်မှုကနေ ဖြေလျှော့ပေးပြီး ကိုယ့်မိဘတွေအပေါ် ကျူးလွန်ထားတဲ့ သူ့ပြစ်မှုတွေကို ပြန်ပေးဆပ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး ဆိုတာ နားလည်လောက်မှာပါ။ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်ပုံမျိုးနဲ့ဆို သူ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။ ”
“ … ဪ။ ” စုယန်ယန်သည် စိတ်သက်သာရာရသွားသော သက်ပြင်းမောလေး မှုတ်ထုတ်လိုက်သော်လည်း တစ်ချိန်တည်းမှာပဲ အနည်းငယ် မွန်းကြပ်သွားမိသည်။
…
ဟောက်ချီဟန် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိရင် အကောင်းဆုံးပဲ ဆိုပေမဲ့ သူ့ကိုယ်သူ ပြစ်မှုတွေကနေ ဖြေလျှော့နိုင်မှာတဲ့လား … ။ အဲ့ဒီစကားက ဘာလို့ အရမ်း စိတ်မသက်မသာဖြစ်ချင်စရာကောင်းနေတာပါလိမ့်။ သူ လုပ်ခဲ့တဲ့ ပြစ်မှူတွေကို ဒီတိုင်းပဲ လျှော့ပေါ့ပေးလိုက်တော့မှာလား … ။
973 02
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ စိတ်ကို ဖတ်နိုင်သလိုမျိုး နူးညံ့သော အသံဖြင့် နှစ်သိမ့်ပေးသည်။ “ စိတ်မပူပါနဲ့ ၊ သူ့မှာ ပြစ်မှုတွေ အများကြီး ရှိတယ်။ ကုမ္ပဏီက ရာထူးကြီးပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီး အခွန်ရှောင်ခဲ့တာတွေ ၊ မတရားတဲ့ ယှဉ်ပြိုင်နည်းတွေကို သုံးပြီး တခြားသူတွေရဲ့ အသက်တွေကို အလေးမထားခဲ့တာတွေကို မပြောနဲ့ဦး။ သူများကို လာဘ်ထိုးပြီး ကိုယ်တို့ကလေးကို ခိုးယူခဲ့တဲ့ ပြစ်မှုရယ် ၊ ဟိုလူတွေနဲ့ ပူးပေါင်းပြီး ကိုယ်နဲ့ ကိုယ့်မိဘတွေကို လုပ်ကြံခဲ့တဲ့ ပြစ်မှုရယ်နဲ့တင် သူ့ကို သေဒဏ်ပေးလို့ ရတယ်။ လူဆိုးဂိုဏ်းကို ဖမ်းနိုင်ဖို့ ဦးလေးကို ကူညီပေးတာက သူ့ကို အများဆုံး ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက်ပဲ အသက်ဆက်ရှင်ခွင့်ပေးနိုင်မှာပါ။ ”
စုယန်ယန်ရဲ့ မျက်နှာက နည်းနည်းလေး ကြည်လင်သွားပြီး အေးစက်စွာ လှောင်ရယ်လိုက်သည်။ “ အဲ့လို ကျေးဇူးမသိတတ်တဲ့ ခွေးမျိုးကို ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက် အသက်ရှင်ခွင့်ပေးတာနဲ့တင် သူ့ကို အရမ်း သက်ညှာရာရောက်နေပြီ။ ”
ဟောက်ချန်ဟွမ်းရဲ့ မိဘနှစ်ပါးလုံးဟာ သူ ငယ်ရွယ်စဉ်မှာပဲ သေဆုံးသွားခဲ့ပြီး သူ့ခြေထောက်တွေဟာလည်း အဲ့ဒီလို ပုံစံမျိုးနှင့် ဆယ်နှစ်ကျော်ခဲ့ရသည်။ နေရောင်ခြည်လို တက်ကြွပျော်ရွှင်ပြီး ကြင်နာတတ်တဲ့ လူငယ်လေးတစ်ယောက်က လူတွေ ကြောက်ရွံ့မုန်းတီးသော “ မသန်စွမ်း ” အဖြစ်သို့ ညတွင်းချင်း ပြောင်းလဲသွားကာ သူ ဘယ်နေရာကိုပဲသွားသွား လူတွေရဲ့ ဝေဖန်မှုတွေ ၊ အတင်းစကားတွေကို ဆယ်နှစ်ကျော် ခံခဲ့ရသည်။
အဲ့ဒါတွေအကုန်လုံးရဲ့ တရားခံကတော့ ဟောက်ချီဟန်ပါပဲ။ စုယန်ယန်ရဲ့ နှလုံးသားထဲမှာ ဒေါသမီးတောက်တွေ လောင်ကျွမ်းနေသည်။ အခုအချိန်မှာ သူမ အလုပ်ချင်ဆုံးအရာက ဟောက်ချီဟန်ဆီ ချက်ချင်း ပြေးသွားပြီး သူ့ခန္ဓာကိုယ်ကို အပ်နှင့် အပေါက်တွေ ထောင်ချီအောင် ထိုးဖောက်ကာ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး အိပ်ရာထဲမှာ အကြောသေပြီး မျက်လုံးကိုပဲ လှုပ်ရှားနိုင်တဲ့ ဘဝရောက်အောင် လုပ်ပစ်ချင်တာပဲ ဖြစ်သည်။
စုယန်ယန်သည် ဒေါသထွက်လို့ ဝသွားသောအခါ စားပွဲပေါ်ရှိ ဖန်ဘူးလေးထဲမှာ ထည့်ထားသော အနီရင့်ရင့် နှင်းဆီပန်းခြောက်လေးဆီ အကြည့်ရောက်သွားပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “ ဒီနှင်းဆီပန်းက သိပ်ကံမကောင်းတဲ့ ပုံပဲ။ ရှင် ဘာလို့ သိမ်းထားတာလဲ။ ရှင် အဲ့ဒါကို သဘောကျရင် ခြံထဲမှာ နှင်းဆီပန်းတွေ အဆင်သင့် ရှိတယ်။ ကျွန်မ ရှင့်အတွက် တခြားတစ်ခု ထပ်လုပ်ပေးမယ်လေ။ ”
ဒီလို ပစ္စည်းကို သူမ မကိုင်ဖြစ်တာ အချိန်အတော်ကြာခဲ့ပြီ ဆိုပေမဲ့လည်း ငယ်ငယ်တုန်းကတောင် ဒါမျိုး လုပ်နိုင်သေးတာမို့ အသက်ပိုကြီးလာတဲ့ အခုလို အချိန်မှာ မလုပ်နိုင်စရာအကြောင်းမရှိပေ။
ယုံကြည်ချက်အပြည့် ရှိသော စုယန်ယန်သည် ခဏနေရင် အမေ့ဆီ ဖုန်းဆက်ပြီး သူမ အိမ်စာလုပ်တုန်းက သုံးခဲ့တဲ့ မှတ်စုစာအုပ်လေး ရှိသေးလားဟု မေးကြည့်ဖို့ စီစဉ်ထားသည်။
ဟောက်ချန်ဟွမ်းက သူမကို တစ်လှည့် ၊ နှင်းဆီပန်းခြောက်လေးကို တစ်လှည့် ကြည့်ကာ ပြုံးလိုက်၏။ “ အဲ့လို လုပ်ဖို့ မလိုပါဘူး။ ”
“ ဟမ်။ ”
“ ဒါက မင်း ကိုယ့်ကို ပထမဆုံး ပေးခဲ့တဲ့ လက်ဆောင်လေးလေ။ ရှုထောင့်တစ်ခုကနေ ကြည့်ရင် ဒါကို ကိုယ်တို့အချစ်ရဲ့ အမှတ်အသားလို့တောင် ပြောလို့ ရတယ်။ ”
++++++