← Chapters

အခန်း ၉၇၄

Vol. 65 Ch. 974

အခန်း ၉၇၄

Vol. 65 Ch. 974

974 01

အခန်း ( ၉၇၄ ) လူကောင်းတွေက ဆုချီးမြှင့်ခံရမှာပါ။

“ ကျွန်မတို့အချစ်ရဲ့ အမှတ်အသား … ဟုတ်လား။ ” စုယန်ယန်သည် စက္ကန့်ပိုင်းလောက် ကြောင်အနေပြီးမှ မျက်နှာရဲတက်လာကာ ဒေါသတကြီး ပြောလိုက်သည်။ “ ရှင် ပြောတော့ ကျွန်မ ငယ်ငယ်လေးတုန်းက ကျွန်မအပေါ် အဲ့လို အတွေးမျိုးတွေ မရှိခဲ့ဘူးဆို။ အခုကျ ဒီပစ္စည်းကို အချစ်အမှတ်အသားလို့တောင် သဘောထားနေတယ်။ အဲ့အချိန်တုန်းက ကျွန်မအသက် ( ၁၁ ) နှစ်တောင် မပြည့်သေးဘူး။ ”

ဟောက်ချန်ဟွမ်းက သူမကို စနောက်ချင်ရုံသာ ဖြစ်ပြီး ဒါကို တွေးမထားတာကြောင့် အမြန် ‌ရှင်းပြလိုက်သည်။ “ ကဲပါ ကဲပါ။ ကိုယ် အမှန်အတိုင်း ပြောပါ့မယ်။ တကယ်တော့ ဒီပန်းက ကိုယ့်ကို တစ်ကြိမ် ကယ်ပေးခဲ့ဖူးလို့ပါ။ ”

“ ဒီပန်းက ရှင့်ကို ကယ်ပေးခဲ့တယ်။ ” စုယန်ယန်က သူ့ကို အံ့ဩစွာ မော့ကြည့်လိုက်သည်။ ဒီလို အကြောင်းပြချက်မျိုး ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပါ။

“ အဲ့နေ့တုန်းက ကိုယ် မင်းကို လိုက်ပို့ပေးပြီး သိပ်မကြာဘူး ၊ ကားအက်ဆီးဒင့် ဖြစ်ခဲ့တယ်။ မင်း ကိုယ့်ကို ပေးခဲ့တဲ့ ပန်းတွေပေါ် သွေးတွေ စီးကျသွားခဲ့တယ်။ အနံ့ကလည်း နည်းနည်းလေး ပြင်းတယ်။ ”

အခြောက်ခံထားတဲ့ ပန်းရဲ့ အရောင်ကို အကြာကြီးခံစေဖို့အတွက် ဓာတုပစ္စည်း တချို့ကိုပါ ပေါင်းထည့်ထားရသည်။ ဒီတိုင်း ပန်းအခြောက်အတိုင်းပဲ ဆိုလျှင်တော့ ကိစ္စမရှိပါ။ မူရင်း နှင်းဆီပန်းမှာကိုက မွှေးရနံ့ရှိပြီးသားမို့ ထိုမွှေးရနံ့က ဓာတုပစ္စည်းအနံ့တွေကို ဖုံးအုပ်သွားပြီး အကျိုးသက်ရောက်မှု သိပ်မရှိပေ။

သို့သော်လည်း ရေထဲမှာ စိမ်လိုက်သည်နှင့်တစ်ပြိုင်နက် ဓာတုပစ္စည်းတွေရဲ့ စူးရှရှအနံ့က ထောင်းခနဲ ထွက်လာတတ်သည်။

ပုံမှန်အားဖြင့် ထိုအနံ့မျိုးက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော်လည်း ဟောက်ချန်ဟွမ်းတစ်ယောက် သွေးထွက်လွန်ပြီး သတိလစ်တော့မည့်ဆဲဆဲမှာ ထိုအနံ့ပြင်းပြင်းက ထင်မှတ်မထားတဲ့ အကျိုးအာနိသင်တွေကို ပေးစွမ်းခဲ့သည်။

နောက်ပိုင်းမှာ သူ့ကို ခွဲစိပ်ပေးတဲ့ ဆရာဝန်ပင်လျှင် တအံ့အဩဖြစ်ရသည်။ ဟောက်ချန်ဟွမ်းမှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားတာတောင် သတိလစ်မသွားဘဲ ဆေးရုံကို ရောက်လာတာ မယုံကြည်နိုင်စရာကောင်းသည်ဟု ခံစားရသည်။

တကယ်တော့ သွေးထွက်လွန်တာက သွေးထောက်ပံ့မှုမလုံလောက်ခြင်းကြောင့် ဦးနှောက်ကို ထိခိုက်သွားစေပြီး တဖြည်းဖြည်းနှင့် ဦးနှောက်ကို သေသွားစေသည်အထိ ဖြစ်နိုင်သည်။

ဟောက်ချန်ဟွမ်းသာ နောက်ထပ် တစ်မိနစ် ၊ နှစ်မိနစ်လောက် အဲ့ဒီလို ဖြစ်နေခဲ့မယ် ဆိုရင် ခြေထောက်နှစ်ဖက်လုံး အကြောသေရုံသာမက သူ့တစ်ဘဝလုံး မလှုပ်မရှားနိုင်ဘဝဖြင့် အိပ်ရာထဲမှာ လဲသွားရပါလိမ့်မည်။

…

ဟောက်ချန်ဟွမ်း ရှင်းပြတာကို နားထောင်ပြီးတော့ စုယန်ယန်လည်း ပင့်သက်ရှိုက်လိုက်မိသည်။ သူမ သူ့ကို ဘာရယ်မဟုတ် ပေးလိုက်တဲ့ ပန်းစည်းလေးမှာ အကျိုးအာနိသင်ကောင်း ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။

သို့သော်လည်း ဟောက်ချန်ဟွမ်းသာ သူမကို စိတ်နှလုံးနူးညံ့စွာ ကူညီမပေးခဲ့ရင် သူမကလည်း သူမရဲ့ လက်ထဲက ပန်းတွေကို သူ့ကို လက်ဆောင်ပေးခဲ့မှာ မဟုတ်ပေ။ အဲ့လိုဆို နောက်ဆက်တွဲ ဖြစ်ရပ်လည်း ဖြစ်တော့မှာ မဟုတ်။

‌” ရှင် ကျွန်မကို ကယ်တင်ပေးခဲ့လို့ ကျွန်မကလည်း သွယ်ဝိုက်တဲ့ နည်းနဲ့ ရှင့်ကို ကယ်တင်ပေးခဲ့တာပါ။ ဒါကို ကံ,ကံ၏ အကျိုးလို့ ခေါ်တယ်။ ဒီကိစ္စကို ကြည့်တာနဲ့တင် ကောင်းတဲ့ လုပ်ရပ်တွေကို လုပ်တာက အရမ်း အသုံးဝင်တာကို သိနိုင်တယ်။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားသည်။ သူ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့ အချိန်ကို ဖျတ်ခနဲ ပြန်သတိရသွားမိပါသည်။ သူ့ခြေထောက်တွေ လှုပ်ရှားလို့ မရတော့တာကို သိလိုက်ရတော့ သူ့ဘေးမှာ ရှိတဲ့ အရာရာတိုင်းနီးပါးကို ရိုက်ခွဲပစ်မိသည်။

974 02

ကုရှောက်ယန်နှင့် ကျန်လူတွေက သတင်းကြားသည်နှင့် ဆေးရုံကို အပြေးရောက်လာသည်။ တစ်ဖွဲ့က ဆေးရုံမှာ နေကာ သူ့ကို ကာကွယ်ပေးပြီး ကျန်တစ်ဖွဲ့ကတော့ ကျန်းချန့်ယန်ရဲ့ လူတွေနှင့်အတူ အက်ဆီးဒင့်ဖြစ်ပွားရာ နေရာဆီ သွားပြီး သဲလွန်စသွားရှာခဲ့သည်။

ဆေးရုံမှာ ကျန်ခဲ့တဲ့ ယုကျစ်ယန်ကတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေရှာသည်။ သူ ဆေးရုံကို ရောက်ချိန်တွင် ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲမှာ အနီရောင် ပန်းခြောက်တွေကို ထွေးပိုက်ထားဆဲ ဖြစ်တာကို မြင်လိုက်ရတော့ သူ့လူတွေကို ထိုပန်းစည်းအား သွားယူခိုင်းခဲ့သည်။

ဒါပေမဲ့ ဟောက်ချန်ဟွမ်းက ဒေါသထွက်သွားပြီး ပစ္စည်းတစ်ခုကို ပစ်ပေါက်ခွဲခဲ့တာကြောင့် ယုကျစ်ယန်လည်း သတ္တိစုစည်းကာ ပန်းစည်းကို သူကိုယ်တိုင် သွားပြန်ပေးလိုက်ရတော့သည်။

ထိုအချိန်တုန်းက ဆေးရုံမှာ ရှိနေတဲ့ လူတွေအကုန်လုံးနီးပါး သူ့ကို ရူးသွပ်သွားပြီလို့ ထင်ခဲ့ကြသော်လည်း အံ့ဩစရာကောင်းစွာဖြင့် ဟောက်ချန်ဟွမ်းဟာ ပန်းစည်းကို မြင်သည်နှင့် စိတ်တည်ငြိမ်သွားခဲ့လေသည်။

ဟောက်ချန်ဟွမ်းတစ်ယောက် ပန်းစည်းတွေကို မြင်ချိန်မှာ စုယန်ယန် မထွက်ခွာခင်တုန်းက မြင်ကွင်းကို အလိုလို ပြန်သတိရသွားလို့ ငြိမ်ကျသွားတာကိုတော့ ဘယ်သူမှ မသိကြပေ။

ထိုအချိန်တုန်းက စုယန်ယန်လေးက ကားပေါ်က ဆင်းသွားပြီး ခဏလောက် လမ်းလျှောက်သွားပြီးမှ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံဖြင့် ပြန်ပြေးလာကာ သူ့ကို မော့ကြည့်၍ ပြောခဲ့သည်။ “ အစ်ကိုကြီး … ညီမရဲ့ အဘိုးက သူတစ်ပါးကို ကူညီချင်တဲ့ လူတွေက လူကောင်းတွေပဲလို့ ပြောထားတယ်။ ဒီပန်းစည်းက ညီမရဲ့ လက်မှုပညာအတန်းအတွက် အိမ်စာလုပ်ထားတာပါ။ ညီမကိုယ်တိုင် လုပ်ထားတာ။ ဒါလေးကို အစ်ကိုကြီးကို ပေးလိုက်ပါ့မယ်။ ညီမကို ခုနတုန်းက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ အနာဂတ်မှာလည်း အခုလိုကြီး ကောင်းတဲ့ အရာတွေ အများကြီးကို လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဘေးကင်းလုံခြုံပါစေနော်။ လူကောင်းတွေက ဆုချီးမြှင့်ခံရတာမို့လို့ အရာအားလုံးလည်း အဆင်ပြေသွားမှာပါ။ ”

++++++

All Chapters