← Chapters

အခန်း ၉၇၆

Vol. 66 Ch. 976

အခန်း ၉၇၆

Vol. 66 Ch. 976

976 01

အခန်း ( ၉၇၆ ) သူမ သဘောကျတဲ့ ပုံစံ။

ထိုအကြောင်း ပြောနေစဉ်မှာ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက တောက်ပနေသည်။ သူ့ရတနာလေးကို လျို့ဝှက်စွာ စောင့်ကြည့်ပြီး ကာကွယ်ပေးရတဲ့ အတွေ့အကြုံကို သူ သဘောကျတာ သိသာထင်ရှားပါသည်။

“ လူတွေက အမြဲတမ်း လောဘကြီးတယ်။ ဘဝမှာ တစ်စုံတစ်ခုကို လစ်ဟာနေရင် သူတို့က အဲ့အရာကို ထိန်းချုပ်လို့ မရလောက်အောင် စွဲလမ်းကြတယ်။ ” ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဖြစ်နိုင်သည်။

ထိုအချိန်ကာလက ဟောက်ချန်ဟွမ်းရဲ့ ဘဝမှာ အမှောင်မိုက်ဆုံး အချိန်အပိုင်းအခြား ဖြစ်ပြီး အမှောင်ထုကို သူ စွဲလမ်းခဲ့သည်။ အဲ့ဒီလိုပဲ အလင်းရောင်ကိုလည်း သဘာဝကျစွာပင် တောင့်တသည်။

စုယန်ယန်ကတော့ သူ သတိမမူချိန်မှာ နှလုံးသားထဲကို တောက်ပစွာ ဝင်ရောက်လာတဲ့ အလင်းရောင်လေးပင် ဖြစ်လေသည်။

“ အဟမ်း ၊ ဒါပေါ့။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်တာအပြင် မင်းဘေးကို လူတွေ လွှတ်ခဲ့တာက မင်းကို ရုပ်ဖျက်ပြီး ကာကွယ်ပေးဖို့ ပါသလို မင်းဆီမှာ ဘာအန္တရာယ်မှ မကျရောက်အောင် ကာကွယ်ပေးဖို့လည်း ပါတယ်။ ”

“ ဟုတ်လို့လား။ ” စုယန်ယန်ကတော့ သူ့စကားတွေကို အလွယ်တကူ မယုံကြည်နိုင်ပါ။ ဘာလို့ အဲ့စကားတွေက အရမ်း … မလုံမလဲဖြစ်နေတဲ့ ပုံစံပေါက်နေတာလဲ … ။

“ အင်း။ ” ဟောက်ချန်ဟွမ်းက လေးလေးနက်နက် ခေါင်းညိတ်ပြသော်လည်း တစ်စုံတစ်ခုကို တွေးမိပုံဖြင့် မျက်နှာမည်းမှောင်သွားသည်။ “ ကိုယ် မင်းကို ဘယ်အချိန်မှာ ချစ်မိသွားတာလဲ ဆိုတာ မသေချာပေမဲ့ မင်းအပေါ် ထားတဲ့ ကိုယ့်ခံစားချက်တွေကို အတည်ပြုနိုင်တာကတော့ မင်း တက္ကသိုလ်ပထမနှစ် စတက်တဲ့ အချိန်ပဲ။ ”

စုယန်ယန်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွား၏။ “ တက္ကသိုလ်ပထမနှစ် …… ” သူမရဲ့ တက္ကသိုလ်ပထမနှစ်တုန်းက တစ်ခုခု ဖြစ်ခဲ့လို့လား။

“ မင်း တက္ကသိုလ်စတက်တော့ ကောင်လေးတစ်ယောက်က မင်းကို ချစ်ရေးဆိုခဲ့တယ်လေ။ ”

စုယန်ယန် ဆွံ့အသွားမိသည်။ အဲ့ဒါ ဖြစ်နိုင်ချေတော့ ရှိပါသည်။ စုမိသားစုက ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ နေရာမှာ စည်းကမ်းတင်းကြပ်သည်။ အချစ်ကို အားပေးသော်လည်း အရမ်း ငယ်လွန်းသေးတဲ့ အရွယ်မှာ ရည်းစားထားတာကိုတော့ အားမပေးပေ။

…

စုယန်ယန်က လှသည်။ ကောင်းမွန်တဲ့ မိသားစုနောက်ခံရှိသလို စိတ်ထားလည်း ကောင်းတာမို့ သူမကို ပိုးပန်းချင်တဲ့ ကောင်လေးတွေ အများကြီး ရှိတာ မထူးဆန်းပေ။

သို့သော်လည်း သူမ အသက်မပြည့်သေးခင်အချိန်ထိ ညီမဖြစ်သူကို မျက်စိအောက်က အပျောက်မခံတဲ့ သူမရဲ့ အစ်ကိုက သူမကို ကြပ်ကြပ်မတ်မတ် စောင့်ရှောက်ပေးခဲ့သည်။ ထိုလူတွေမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိရင်တောင် သူမဘက်က အစောကြီးကတည်းက ငြင်းပယ်ထားပြီးသားပင်။

စုယန်ယန် တက္ကသိုလ်တက်ချိန်မှာ အသက်ပြည့်တော့မှာ ဖြစ်သည်။ စုယွီရွှမ်းသည် သူ့ရဲ့ အဖိုးတန်ညီမလေးကို အပြင်က ဝံပုလွေဆိုးကြီးတွေလက်ထဲ ထည့်ပေးလိုက်ဖို့ နှမြောမိသော်လည်း သူမရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာ လက်တွဲဖော်မရှာဖို့ တားဆီးလို့ မရတာကိုတော့ သိသည်။

အဲ့ဒီတော့မှပဲ ညီမဖြစ်သူရဲ့ ချစ်မှုရေးရာကို ဝင်ရောက်စွက်ဖက်ခြင်းအား ရပ်တန့်ကာ ပိုက်ကွန်ထဲက လွတ်သွားတဲ့ ငါးလေးကို လွှတ်ပေးလိုက်တော့သည်။

သူမ ဖွင့်ပြောခံရတဲ့ မြင်ကွင်းကို စုယန်ယန် သေချာ ပြန်စဉ်းစားကြည့်လိုက်သည်။ တစ်ဖက်လူက အသား အနည်းငယ် ညိုပြီး အရပ်ရှည်ရှည်နှင့် ထွားကျိုင်းသန်မာသော ကောင်လေးတစ်ယောက် ဆိုတာကို သူမ အကြမ်းဖျင်း မှတ်မိသည်။

976 02

သူက မိန်းကလေးတစ်ယောက်ကို ကောင်းကောင်း လုံခြုံမှုပေးနိုင်တဲ့ ခံစားချက်ကို ပေးစွမ်းသော်လည်း ကံမကောင်းစွာဖြင့် သူမ သဘောကျတဲ့ ပုံစံ မဟုတ်ခဲ့ပေ။

“အဟမ်း။ ရှင် အခုလို ပြောတယ် ဆိုတော့ တကယ်ပဲ အဲ့လိုမျိုး ရှိခဲ့ပုံပါပဲ။ ကျွန်မကို ကောင်လေးတစ်ယောက်က ချစ်ရေးဆိုတာကို သိလိုက်ရတော့ ရှင် သဝန်တိုခဲ့တာလား။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းမှောင်သွား၏။ အေးစက်စွာ လှောင်ရယ်လိုက်တဲ့ သူ့ပုံစံက သဝန်တိုလွန်းလို့ လဲသေ‌သွားတော့မယ့်အတိုင်း။

စုယန်ယန်က နောက်ကျမှ ရောက်လာပြီး သဝန်တိုနေတဲ့ ဟောက်ချန်ဟွမ်းကို ကြည့်ကာ ခပ်တိုးတိုး ရယ်ပြီး “ ဒါဆို ရှင့်နှလုံးသားကို စောစောစီးစီး သိအောင် လုပ်ပေးလိုက်‌တဲ့ ဟိုတစ်ယောက်ကို ကျွန်မ ကျေးဇူးတင်သင့်လား။ ” ဟု မေးလိုက်သည်။

“ မင်းက သူ့ကို ကျေးဇူးတင်ချင်သေးတာလား။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက ရုတ်တရက်ပဲ ပိုလို့တောင် မည်းမှောင်သွားသည်။ သဝန်တိုမှုတွေ ပျံ့နှံ့နေတဲ့ လေထုက အဖွင့်သာ ရှိပြီး ပိတ်ဆို့တားဆီးလို့ မရတဲ့ ရေကြီးရေလျှံခြင်းလိုမျိုး သူ့ဘေးမှာ လည်ပတ်နေသည်။

“ ခွီး … ” စုယန်ယန်သည် သူ့ကို ကြည့်ပြီး ရယ်ချင်သွားကာ သူ့လက်မောင်းကို အမြန် ဖက်တွယ်၍ ချော့မော့လိုက်၏။ “ ဘယ်ကသာ။ ကျေးဇူးမတင်ပါဘူး။ ဟုတ်ပြီလား ၊ ဒေါသမထွက်နဲ့တော့နော်။ တကယ်တော့ ရှင်သာ အဲ့အကြောင်းကို ရုတ်တရက်ကြီး မပြောရင် ကျွန်မ သတိတောင် ရမှာ မဟုတ်ဘူး။ အဲ့လူကို ဆိုရင် ဝေလာဝေးပဲ။ အခု ကျွန်မ သူ့ပုံစံ ဘယ်လိုလဲ ဆိုတာကိုတောင် မေ့နေပြီ။ သူက ကျွန်မ သဘောကျတဲ့ ပုံစံ မဟုတ်ဘူး ဆိုတာကိုပဲ ဝေဝေဝါးဝါး မှတ်မိတော့တယ်။ ကျွန်မ အဲ့ဒီတုန်းက သူ့ကို ငြင်းပယ်ခဲ့တာပါ။ တကယ့်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တာ။ ”

စုယန်ယန်ရဲ့ စကားကြောင့် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက အနည်းငယ် ကြည်လင်လာသော်လည်း သူမရဲ့ နောက်ဆုံး စကားနှစ်ခွန်းကို အလျင်အမြန် အာရုံပြောင်းသွားကာ လေးလေးနက်နက် မေးလိုက်သည်။ “ သူက မင်း သဘောကျတဲ့ ပုံစံ မဟုတ်ဘူးလား။ ဒါဆို မင်းက ဘယ်လို ပုံစံမျိုးကို ‌သဘောကျတာလဲ။ ”

စုယန်ယန် : “ … ” ဒီလူ့ရဲ့ အာရုံစိုက်မှုတွေက ဘာလို့ အမြဲတမ်း လျှပ်တစ်ပြက်ပြောင်းလဲနေတာလဲ … ။ အဲ့ဒါက ဖြေရခက်တဲ့ မေးခွန်းပဲ။

++++++

All Chapters