← Chapters

အခန်း ၉၇၈

Vol. 66 Ch. 978

အခန်း ၉၇၈

Vol. 66 Ch. 978

978 01

အခန်း ( ၉၇၈ ) ရက်စက်တဲ့ အမှန်တရား။

စုယန်ယန်က စိတ်တည်ငြိမ်အောင် ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲ လဲလျောင်းကာ မဝံ့မရဲ မေးလိုက်သည်။ “ ကျွန်မ ရှင့်ကို မေးခွန်းတစ်ခုလောက် မေးလို့ ရလား။ ”

“ ဘာမေးခွန်းလဲ။ ”

“ ရှင့်အဖေက မတော်ဆမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး ဆေးရုံတင်ထားရတယ်လို့ ရှင် ပြောတယ်နော်။ သူ့အောက်ဆီဂျင်မျက်နှာဖုံးကို ရှင်ပဲ ဆွဲချွတ်ခဲ့တာဆို။ ဘာဖြစ်ခဲ့တာလဲဟင်။ ”

ဟောက်ချန်ဟွမ်းရဲ့ အဖေနှင့် စုယန်ယန် မဆုံဖူးသော်လည်း သူ့အဖေအကြောင်း ရံဖန်ရံခါ ပြောပြချိန်မှာ ဟောက်ချန်ဟွမ်း သုံးနှုန်းတဲ့ လေသံကို ကြည့်ပြီး သူ့အဖေကို သူ ဘယ်လောက် ချစ်လဲ ဆိုတာ ပြောနိုင်သည်။

အဲ့ဒီလိုသာ ဆိုရင် သူ့အဖေအရင်းကို သူ သတ်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကိစ္စနောက်ကွယ်မှာ သေချာပေါက် လျို့ဝှက်ချက်တစ်ခုခု ရှိလိမ့်မည်။

စုယန်ယန်သည် ဒီခေါင်းစဉ်က အနည်းငယ် ရက်စက်တယ်လို့ ခံစားနေရသလိုမျိုး ဟောက်ချန်ဟွမ်းကို ဂရုတစိုက် ကြည့်ရင်း စကားကို ပြန်လျှောချလိုက်သည်။ “ ရှင် မပြောချင်ရင်လည်း ရတယ်နော်။ ”

“ ကိုယ် ပြောလို့ မဖြစ်တဲ့ စကားရယ်လို့ မရှိပါဘူး။ အဲ့ဒီနှစ်တုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှုအကြောင်း မင်းကို ကိုယ် ပြောပြဖူးလား။ ကိုယ့်အဖေက ကိုယ့်အမေကို ကယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ တစ်ခါတလေမှာ ဘုရားရှင်က နောက်ပြောင်ကျီစယ်ရတာကို သဘောကျတယ် ထင်တယ်။ ကိုယ့်အဖေက ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ နောက်ဆုံးမှာ ကိုယ့်အမေက အရင်ဆုံး သေသွားတယ်။ ဆေးရုံကို မရောက်သေးခင်မှာပဲ ဆုံးသွားခဲ့တာ။ ”

“ အဲ့အချိန်မှာ ကိုယ့်အဖေကလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားတယ်။ သူ သတိလည်လာတာတော့ နှစ်ရက် ၊ သုံးရက်လောက် ရှိပြီ။ ကိုယ်ကတော့ အဲ့ဒီတော့မှ သတိပြန်လည်လာတာ။ သူတို့ရဲ့ မတော်တဆမှုအကြောင်းကို ကြားတာနဲ့ ကိုယ် သူတို့ကို အလူးအလဲ သွားရှာခဲ့တယ်။ အဲ့ဒီမှာ ကိုယ် ကြားလိုက်ရတာက ကိုယ့်အမေ ဆုံးသွားပြီ ဆိုတဲ့ သတင်းနဲ့ ကိုယ့်အဖေ အသက်အန္တရာယ်ထဲမှာပဲ ရှိသေးတယ် ဆိုတဲ့ သတင်းပဲ။ ”

ဟောက်ချန်ဟွမ်း ထိုစကားကို ပြောချိန်မှာ သူ့ကိုယ်သူတောင် သတိမထားမိဘဲ သူ့လက်တွေက လက်သီးကျစ်နေအောင် ဆုပ်ထားခဲ့သည်။

စုယန်ယန်က အဲ့ဒါကို မြင်တော့ သူ့လက်ဖမိုးပေါ်ကို အမြန် လက်တင်ပြီး လေသံပျော့လေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။ “ ဘာမှ မဖြစ်ဘူး ၊ ဘာမှ မဖြစ်ဘူး။ ကျွန်မ ဒီမှာ ရှိတယ်နော်။ ကျွန်မ ရှင်နဲ့ပဲအတူ ရှိပေးသွားမှာ။ ”

စုယန်ယန်ရဲ့ နှစ်သိမ့်စကားကြောင့် ဟောက်ချန်ဟွမ်းရဲ့ ခံစားချက်က အနည်းငယ် ကောင်းမွန်လာသည်။ သို့သော် သူ့ရဲ့ တင်းတင်းဆုပ်ထားတဲ့ လက်သီးတွေကတော့ ပြေလျော့မသွားသေးပေ။ “ ကိုယ် ဆောက်တည်ရာမရဖြစ်ခဲ့တယ်။ ကိုယ် ကိုယ့်အဖေဆီကို အရူးတစ်ယောက်လို ပြေးသွားခဲ့ပေမဲ့ သူ ကိုယ့်ကို ပထမဆုံးအကြိမ် တွေ့တာနဲ့ အကူအညီတောင်းလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ”

…

978 02

“ အကူအညီတောင်းတယ် … ။ ဘာကို အကူအညီတောင်းတာလဲ။ ”

“ သူ့ရဲ့ အောက်ဆီဂျင်မျက်နှာဖုံးကို ချွတ်ပေးဖို့ အကူအညီတောင်းတာ။ ”

“ ဘယ်လို … ” စုယန်ယန် ဆွံ့အသွားရပါသည်။ သားသမီးကို အရမ်း ချစ်တဲ့ အဖေတစ်ယောက်က သားအရင်းကို အဲ့ဒီလိုမျိုး အကူအညီတောင်းလိမ့်မည်ဟု သူမ တစ်ခါမှ တွေးမကြည့်ဖူး။

“ သူ အရင်ကတည်းက သိနေပြီးသားလည်း ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် ကိုယ့်အမေ ဆုံးသွားပြီလို့ သူ့စိတ်ထဲမှာ အလိုလို ခံစားနေရတာလည်း ဖြစ်နိုင်တယ်။ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာ အမေက သူ့ဘေးနားမှာ ရှိမနေနိုင်တော့ဘူး ဆိုတာကို သူ လက်မခံနိုင်ဘူး။ ပြီးတော့ အဲ့အချိန်မှာ သူကလည်း တကယ့်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရထားတာ။ သူ့ကိုယ်တွင်းအင်္ဂါတွေက သွေးစိမ့်ထွက်နေပြီး ဘယ်ဘက်ကပဲကြည့်ကြည့် သူ့မှာ အသက်အန္တရာယ်ရှိနေတယ်။ သူ အချိန်မရွေး သေသွားနိုင်တယ်။ ကံကောင်းလို့ သူ့ကို အသက်ကယ်လို့ ရရင်တောင် နှစ်အနည်းငယ်ထက် ပိုအသက်ရှင်နိုင်မှာ မဟုတ်ဘူး ၊ ပြီးတော့ ပြင်းထန်တဲ့ ဝေဒနာကို တောက်လျှောက် ခံစားနေရမှာ။ သိပ်ကို နာကျင်ရလိမ့်မယ် … ”

“ အဲ့ဒါကြောင့် ရှင် သူ အကူအညီတောင်းတာကို လက်ခံပြီး သူ့အောက်ဆီဂျင်မျက်နှာဖုံးကို ချွတ်ပေးလိုက်တာလား။ ”

“ … အင်း။ ” ဟောက်ချန်ဟွမ်းက တိုးလျသော အသံဖြင့် ပြန်ဖြေသည်။ သူ့အပြုံးက မနည်း အားယူထားရသည့် ဟန်လုပ်အပြုံးပင်။ “ ဟောက်ရှောက်ဖုန်းက ကိုယ့်ကို ဘာလို့ အရမ်း ကြောက်‌တာလဲ ဆိုတာ အခု မင်း သိပြီမလား။ သူက ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကို မသန်စွမ်း ဆိုပြီး အကြိမ်ပေါင်းများစွာ စော်ကားဖူးပေမဲ့ ကိုယ့်ရှေ့မှာတော့ ကိုယ့်ကို မပြောရဲဘူး။ ကိုယ် သူ့ကို တစ်ခုခု လုပ်လိုက်မှာကို ကြောက်လို့လေ။ ကိုယ်က အဖေအရင်းကို ကိုယ့်လက်နဲ့ ကိုယ်တိုင် သတ်ခဲ့တဲ့ကောင် ဆိုတာ သူတို့ သိတယ်။ သူတို့က ကိုယ့်ကို ရုးနေပြီလို့ ထင်နေပေမဲ့ သတ်လို့ မရဘူး။ တစ်နေ့ကျရင် ကိုယ်က သူတို့ကိုလည်း အဖေ့ကို သတ်သလိုမျိုး သတ်ပစ်မှာကို ကြောက်နေတာ။ ”

“ တော်ပါတော့။ မပြောပါနဲ့တော့။ ” စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ခုနတုန်းကထက် ဆို့နင့်ကြေကွဲစွာ ငိုမိသည်။

သူ့အဖေရဲ့ ဆုံးဖြတ်ချက်ကို သူမ နားလည်ပေးနိုင်သလို ထိုအချိန်တုန်းက လူကြီးမင်းဟောက်ဟာ သူ့ဇနီးကို ဘယ်လောက်တောင် ချစ်တယ် ဆိုတာလည်း စိတ်ကူးနှင့် ပုံဖော်ကြည့်လို့ ရသော်လည်း သူ့ကို ခါးသီးစွာ ဒေါသမထွက်မိဘဲ မနေနိုင်ပါ။

ဘာလို့ ဟောက်ချန်ဟွမ်းက သူ့ရဲ့ ဝမ်းနည်းစရာကောင်းပြီး လှပတဲ့ အချစ်ကို မဖြစ်မနေ ဖြည့်ဆည်းပေးရမှာလဲ … ။ သူက အဲ့ဒီအချိန်မှာ ကလေးပဲ ရှိသေးတာကို ဘာလို့ အဲ့လို ဝန်ထုပ်ဝန်ပိုးမျိုးကို ထမ်းခိုင်းရတာလဲ။ ဘာလို့ သူ့အဖေက သူ့အပေါ် ဒီလောက် ရက်စက်ရတာလဲ။

+++++

All Chapters