← Chapters

အခန်း ၉၇၉

Vol. 66 Ch. 979

အခန်း ၉၇၉

Vol. 66 Ch. 979

979 01

အခန်း ( ၉၇၉ ) ကိုယ် မင်းကို မနာလိုခဲ့ဖူးတယ်။

ဟောက်ချန်ဟွမ်းသည် ဇနီးဖြစ်သူရဲ့ ရုတ်တရက် ပွင့်ထွက်လာသော ခံစားချက်တွေကြောင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွား၏။ ရယ်ရမလား ၊ ငိုရမလား မသိတော့ဘဲ အကျပ်ရိုက်သွားကာ စုယန်ယန်ရဲ့ ပခုံးလေးကို ပုတ်ပေးလိုက်သည်။ “ မင်းပဲ ကိုယ့်ကို အရင် မေးပြီးတော့ ဘာလို့ ကိုယ့်ထက်တောင် ငိုနေတာလဲ။ တစ်ယောက်ယောက်သာ မြင်သွားရင် ကိုယ့်ကို မင်းကို အနိုင်ကျင့်နေတယ်လို့ ထင်သွားမှာပဲ။ ”

“ ရှင်က ကျွန်မကို အနိုင်ကျင့်နေတာပဲလေ။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ရှပ်အင်္ကျီနှင့် သူမရဲ့ မျက်ရည်တွေကို ပွတ်သုတ်ပစ်ပြီး ဝမ်းနည်းပက်လက် ပြောလိုက်သည်။ “ ရှင် ဘာလို့ အဲ့လောက် တုံးအရတာလဲ။ သူ ရှင့်ကို လုပ်ခိုင်းတိုင်း လုပ်စရာလား။ ဒီသတင်းသာ ပျံ့သွားရင် လူတွေ ရှင့်ကို ဘယ်လို မြင်မလဲ။ ”

ဟောက်ချီဟန်တို့မိသစုရဲ့ ထူးဆန်းတဲ့ တုံ့ပြန်မှုကို ကြည့်ရုံနှင့်ပင် ဖြစ်စဉ်ကို အတွင်းကျကျ သိထားတဲ့ လူတွေတောင် ဟောက်ချန်ဟွမ်းရဲ့ လုပ်ရပ်တွေကို နားမလည်နိုင်ဘူး ဆိုတာ သိနိုင်သည်။ ဖြစ်စဉ်အသေးစိပ်ကို ဂရုမစိုက်ဘဲ ရလဒ်ကိုသာ အာရုံစိုက်ပြီး သူတို့ နည်းနည်းပါးပါး သိသလောက်နှင့် စိတ်ကူးယဉ်တတ်တဲ့ အပြင်လူတွေကိုတော့ ပြောမနေပါနှင့်တော့။

ဒီသတင်းကို အပြင်လူတွေ မသိတဲ့ အကြောင်းအရင်းကတော့ ကျန်းချန့်ယန်ကပဲ ဟောက်ချီဟန်ကို ထိန်းချုပ်ထားခဲ့လို့လား ၊ ဒါမှမဟုတ် ဟောက်ချီဟန်က ဒီသတင်း ပျံ့သွားရင် ဟောက်ကော်ပိုရေးရှင်းရဲ့ စတော့ရှယ်ယာဈေးတွေ ထိုးကျပြီး သူ့စီးပွားရေးထိခိုက်မှာ စိုးလို့ တမင် ဖုံးကွယ်ထားလို့လားတော့ မသိပါ။

ဒီသတင်းသာ ပျံ့သွားရင် ဟောက်ချီဟန်က အဲ့ဒါကို လက်နက်ကောင်းတစ်ခုအဖြစ် အသုံးချပြီး ဟောက်ချန်ဟွမ်းအား ဆွဲချကာ အခြေအနေတွေကို ဟောက်ချန်ဟွမ်း ဘယ်တော့မှ ပြောင်းပြန်မလှန်နိုင်အောင် လုပ်လိမ့်မည်။

သို့သော်လည်း ထိုအချိန်တုန်းက ကျန်းချန့်ယန်ရဲ့ အစွမ်းအစဟာ ဟောက်ချီဟန် ယှဉ်နိုင်တဲ့ အရာမျိုး မဟုတ်ခဲ့ပါ။ ဟောက်ချီဟန် ထိုကိစ္စကို အတင့်ရဲစွာ ဖော်ထုတ်ပြီး ဟောက်ချန်ဟွမ်းအား အရာအားလုံး ဆုံးရှုံးသွားအောင် လုပ်လိုက်ရင် ကျန်းချန့်ယန်က သူ စားသမျှ အကုန်လုံးကို ပြန်အန်ထွက်အောင် လုပ်ပြီး သူ့ကိုလည်း အရာအားလုံးကို ဆုံးရှုံးသွားအောင် လုပ်လိမ့်မည်။

ထိုအကြောင်းကို တွေးမိတော့ စုယန်ယန်တစ်ယောက် ကံကောင်းတယ်လို့ ခံစားရသလို ဝမ်းလည်း ဝမ်းနည်းသွားမိသည်။ ပြင်ပက ကောလဟာလတွေက နာကျင်စရာကောင်းသော်လည်း အဖေဖြစ်သူကို ကူညီဖို့ ဆုံးဖြတ်ခဲ့တဲ့ ဟောက်ချန်ဟွမ်းရဲ့ ဆုံးဖြတ်ချက်လောက်တော့ နာကျင်ရမှာ မဟုတ်ပါ။

အဲ့ဒါက သူ ချစ်ရတဲ့ သူ့သွေးသားရင်း အဖေ ဖြစ်သည်။ တစ်ချိန်တုန်းက သူဟာ သူ့အဖေကို မားမားမတ်မတ် ရပ်တည်နေတဲ့ တောင်တစ်လုံးအဖြစ် ၊ သူ့ခွန်အားတွေရဲ့ အရင်းအမြစ် ကျောက်တိုင်ကြီးအဖြစ် သတ်မှတ်ဖူးခဲ့ပေမဲ့ အဆုံးသတ်မှာတော့ သူ့လက်ထဲမှာ တဖြည်းဖြည်း သေဆုံးသွားတာကို ထိုင်ကြည့်နေခဲ့ရသည်။ သူ့နေရာမှာ သူမသာ ဆိုရင် စိတ်ဒဏ်ရာပါ ရသွားလောက်သည်။

“ အဲ့ဒါတွေ အကုန်လုံး အတိတ်မှာ ကျန်ခဲ့ပါပြီ။ ” သူက ထိုအဖြစ်အပျက်မှာ သိသာထင်ရှားစွာပင် အနာကျင်ခဲ့ရဆုံး လူတစ်ယောက် ဖြစ်သော်လည်း အခုတော့ သူ့အတွက် ဝမ်းနည်းနေတဲ့ လူကိုပင် နှစ်သိမ့်ပေးနေရပါပြီ။

မျက်ရည်တွေ ရပ်တန့်တော့မည့် စုယန်ယန်သည် ထိုစကားကို ကြားသောအခါ တစ်ကျော့ပြန် မျက်ရည်တွေကျလာခဲ့လေသည်။

ဟောက်ချန်ဟွမ်းက သူမကို ကြည့်ပြီး သူ့စိတ်ထဲမှာလည်း ဆို့နင့်လာကာ “ ယန်ယန် ၊ တကယ်တော့ … ကိုယ် မင်းကို မနာလိုဖြစ်ခဲ့ဖူးတယ်။ ” ဟု အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူ ဘာမှ ဆက်မပြောဘဲ စုယန်ယန်ကို ကြည့်နေမိသည်။

ဟောက်ချန်ဟွမ်း လိမ်ပြောတာ မဟုတ်ပါ။ သူ စုယန်ယန်ကို အမှန်တကယ်ပဲ မနာလိုဖြစ်ခဲ့ဖူးသည်။ သူတို့နှစ်ယောက်က မိသားစုဝင် လေးယောက်ရှိတာချင်း တူပေမဲ့ စုမိသားစုရဲ့ အခြေအနေကတော့ ဟောက်မိသားစုထက် အများကြီး သာလွန်ကောင်းမွန်ခဲ့သည်။

979 02

စုယန်ယန်က မိသားစုထဲက လူတိုင်းရဲ့ အချစ်တော်လေး ဖြစ်သည်။ သူမရဲ့ မိဘတွေကလည်း သူမကို ချစ်သည် ၊ သူမရဲ့ အစ်ကိုဆို သူမကို မျက်စိအောက်ကတောင် အပျောက်မခံပေ။ ဘယ်သူက ဘယ်သူ့ကို ပိုချစ်တာလဲ ဆိုတာအတွက် ယှဉ်ပြိုင်ရင်း တစ်ယောက်ကို တစ်ယောက် နာကျင်အောင် ဘယ်တော့မှ မလုပ်ခဲ့ပါ။

ဘဝရဲ့ နာကျင်အခက်ခဲဆုံး အချိန်ကာလာမှာ ဟောက်ချန်ဟွမ်းရဲ့ စိတ်ထဲမှာ ကြမ်းတမ်းခက်ထန်မှုတွေသာ ပြည့်နှက်နေခဲ့သည်။ မနာလိုတဲ့ ခံစားချက်ကြောင့် သူမကို ဖျက်ဆီးပစ်ဖို့ပင် သူ တွေးဖူးသည်။

သူကတော့ စိတ်ရော ၊ ကိုယ်ရော ပင်ပန်းဆင်းရဲပြီး ဘယ်လောက်ပဲ ကြိုးစားရုန်းကန်ပါစေ ၊ ဘယ်သူမှ သူ့ကို ကယ်တင်မပေးနိုင်တဲ့ အချိန်မှာ သူမကတော့ ဘာကြောင့် အဲ့ဒီလောက် ပျော်ရွှင်နေရတာလဲ … ။

သူမကို သူနှင့်အတူ ဆွဲချသွားချင်သော်လည်း သူ့ရဲ့ နောက်ဆုံးလက်ကျန် အသိတရားက သူသာ အဲ့ဒီလို လုပ်လိုက်ရင် သူ့ဘဝကြီးက အမှောင်ထုထဲကို စုံးစုံးမြုပ်ပြီး ပျော်ရွှင်မှုတွေ ရှိတော့မှာ မဟုတ်ဘူးလို့ သူ့ကို ပြောပြနေသည်။

သူ စုယန်ယန်အနားကို မသွားရဲခဲ့တဲ့ အကြောင်းအရင်းက သိမ်ငယ်စိတ်ကြောင့် တစ်စိတ်တစ်ပိုင်း ပါသလို သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ သူမကို နာကျင်အောင် လုပ်မိမှာ စိုးရိမ်တာကြောင့်လည်း ပါသည်။

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ အဖြေကို စောင့်စရာမလိုဘဲ သူ့အတွေးတွေကို အကြမ်းဖျင်း ခန့်မှန်းနိုင်သလိုမျိုး နှာခေါင်းလေးရှုံ့၍ ပြောလိုက်သည်။ “ ကိစ္စမရှိပါဘူး။ ရှင် အခုတော့ မနာလိုဖြစ်စရာ မလိုတော့ဘူးလေ။ ကျွန်မက ရှင့်အပိုင်ပဲ ၊ ကျွန်မမှာ ရှိသမျှ အရာအားလုံးကလည်း ရှင့်အပိုင်ပဲ။ ကျွန်မအိမ်ကလည်း ရှင့်အိမ်ပဲ ၊ ကျွန်မရဲ့ မိသားစုကလည်း ရှင့်မိသားစုပဲ။ ”

++++++

All Chapters