အခန်း ၉၈၀
Vol. 66 Ch. 980
980 01
အခန်း ( ၉၈၀ ) နောက်ထပ် ကလေးတစ်ယောက် ထပ်ယူရအောင်။
ဟောက်ချန်ဟွမ်းက လေးနက်မှုတွေ ၊ မြတ်နိုးမှုတွေ ပျော်ဝင်နေသော စုယန်ယန်ရဲ့ မျက်လုံးဝိုင်းလေးတွေကို ကြည့်ကာ သူ့နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့တက်သွားပြီ “ ကျေးဇူးပါ။ ” ဟု တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
စုယန်ယန်က ကြောင်အမ်းအမ်း ဖြစ်သွားသည်။ “ ဘာလို့ ကျွန်မကို ကျေးဇူးတင်တာလဲ။ ”
“ ကိုယ်နဲ့ လက်ထပ်ပေးချင်ခဲ့တဲ့အတွက် ကျေးဇူးတင်တာပါ။ မင်းမိသားစုကို ကိုယ်နဲ့ မျှဝေပေးချင်တဲ့အတွက် ကျေးဇူးတင်တယ် ၊ အများကြီး အပင်ပန်းခံပြီး ကိုယ့်ကလေးကို မွေးပေးတဲ့အတွက် ပိုပြီး ကျေးဇူးတင်တယ်။ ”
စုယန်ယန်က ထိုစကားကို ကြားတော့ အနည်းငယ် မျက်နှာရဲသွားသော်လည်း တခြားတစ်ခုကို တွေးမိသွားပုံဖြင့် ဟောက်ချန်ဟွမ်းရဲ့ လည်ပင်းကို သိုင်းဖက်ပြီး ပြုံး၍ ပြောသည်။ “ ကျွန်မတို့ရဲ့ မိသားစုထဲမှာ ကလေးတစ်ယောက်ပဲ ရှိနေတာ အရမ်း အထီးကျန်မယ် ထင်တယ်။ ကျွန်မတို့ ပိုကြိစားပြီး သူ့အတွက် နောက်ထပ် ညီလေးနဲ့ ညီမလေး မွေးပေးဖို့ ကြိုးစားရအောင်လေ။ ”
စုယန်ယန်က အစကတည်းက ကလေးချစ်တတ်ပြီး ကလေးဘဝကတည်းက သူမဟာ မိသားစုထဲမှာ အငယ်ဆုံး ဖြစ်သည်။ လူကြီးတွေအားလုံးကို သူမကို ချစ်ပေးကြသော်လည်း သူမရဲ့ သက်တူရွယ်တူတော့ များများစားစား မရှိခဲ့ပါ။
ကလေးဘဝတုန်းက သူမနှင့်အတူ ဆော့ကစားနိုင်မယ့် မောင်လေး ၊ သို့မဟုတ် ညီမလေးတစ်ယောက် ရပါစေဟု အမြဲတမ်း ဆုတောင်းခဲ့သော်လည်း ထိုဆုတောင်းက ဘယ်တော့မှ မပြည့်ဝခဲ့တာမို့ မျှော်လင့်ချက်တွေကို သူမရဲ့ ကလေးအပေါ်ကို လွှဲပြောင်းပေးခဲ့သည်။
ယောက်ျားလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် သူမ နောက်ထပ် ကလေးတစ်ယောက် ထပ်ယူချင်သည်။ အဲ့ဒါမှ သူတို့တွေ သိုက်သိုက်ဝန်းဝန်းနှင့် နွေးထွေး ပျော်စရာကောင်းပြီး လွတ်လပ်တဲ့ ကလေးဘဝကို ပိုင်ဆိုင်နိုင်မှာပင်။
ဟောက်ချန်ဟွမ်းကတော့ စုယန်ယန်ရဲ့ အကြံပြုချက်ကို မထောက်ခံပါ။ စုယန်ယန် ကိုယ်ဝန်ဆောင်ထားတဲ့ အချိန်မှာ သူမ ကြုံတွေ့ခဲ့ရတဲ့ ပင်ပန်းမှုတွေနှင့် သူ သားဖွားခန်းအပြင်မှာ ကူကယ်ရာမဲ့နေရတာကို ပြန်တွေးမိသည်။ ဟောက်ချန်ဟွမ်း သူမအား နောက်တစ်ကြိမ် ထပ်ပြီး မပင်ပန်းစေချင်တော့။
“ ကလေးတစ်ယောက်ဆို လုံလောက်ပါပြီ။ မိသားစုတော်တော်များများမှာ အခုနောက်ပိုင်း ကလေးတောင် မယူကြဘူး။ ကလေးတွေ များရင် ဆူညံနေလိမ့်မယ်။ ”
စုယန်ယန်က သူ့ကို သနားစဖွယ် မော့ကြည့်နေသည်။ “ ရှင် ကလေးမချစ်ဘူးလား။ ”
ဟောက်ချန်ဟွမ်း : “ … ”
“ ကိုယ် ကလေးမချစ်တတ်တာ မဟုတ်ပါဘူး။ မင်းကို နောက်ထပ် မပင်ပန်းစေချင်တော့တာပါ။ ”
......
“ ဒါပေမဲ့ ကျွန်မကတော့ ကိုယ်ဝန်ဆောင်ရတာ အဲ့လောက် ပင်ပန်းတယ်လို့ မထင်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သဘောတောင် ကျသေးတယ်။ ကျွန်မမှာ ကိုယ်ဝန်ရှိနေတဲ့ အချိန်ဆို ဘာမှ လုပ်စရာမလိုဘဲနဲ့ အိမ်မှာ နေလို့ ရတယ်။ ကျွန်မ ပင်ပန်းလာရင် ရှင်က နှိပ်ပေးလိမ့်မယ်။ ကျွန်မ နေမကောင်းဖြစ်ရင် ရှင်က ကျွန်မကို ဖက်ပြီး နှစ်သိမ့်ပေးလိမ့်မယ်။ ကျွန်မရဲ့ ခြေထောက်တွေ ရောင်နေရင် ရှင်က ရေစိမ်ပြီး ချော့သိပ်ပေးလိမ့်မယ်။ ရှင်က ကျွန်မကို မင်းသမီးလေးလိုမျိုး အလိုလိုက်ပေးမှာ။ ”
ဟောက်ချန်ဟွမ်းက ရယ်မောလိုက်သည်။ “ မင်းမှာ ကိုယ်ဝန်မရှိရင်တောင် ကိုယ် အဲ့ဒါတွေအားလုံးကို မင်းအတွက် လုပ်ပေးနိုင်ပါတယ်ကွာ။ ”
“ ဒါပေမဲ့ မတူဘူးလေ။ ကျွန်မ ပြောချင်တဲ့ အဓိပ္ပာယ်က ကျွန်မမှာ ကိုယ်ဝန်ရှိနေရင် အဲ့လိုမျိုး ပြုစုခံရတာ ပိုပြီး စိတ်ကျေနပ်စရာကောင်းတယ်။ ကျွန်မတို့ရဲ့ မိသားစုက အတူတူ ရှိနေပြီး ဘယ်တော့မှ ခွဲခွာသွားမှာ မဟုတ်သလိုမျိုးပေါ့။ ”
ဟောက်ချန်ဟွမ်းက ခေါင်းငုံ့၍ သူ့လက်ကို စုယန်ယန်ရဲ့ နဖူးပေါ် တင်လိုက်သည်။ ကလေးနောက်တစ်ယောက် ထပ်ယူချင်တဲ့ စုယန်ယန်ရဲ့ တောင်းဆိုမှုကို သူ မငြင်းဆန်ပေမဲ့ တိုက်ရိုက်ကြီးတော့ သဘောမတူခဲ့ပါ။
“ ကြယ်လေးက ငယ်သေးတယ်။ ကိုယ်တို့ အခုအချိန်မှာ နောက်ထပ် ကလေးတစ်ယောက် ထပ်ယူရင် သူ့ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ ”
စုယန်ယန်က အနည်းငယ် အံ့အားသင့်သွားပြီး သူမရဲ့ မျက်လုံးလေးတွေကလည်း ဝေ့လည်ကြောင်ပတ်ဖြစ်သွားသည်။
980 02
“ ပြီးတော့ မင်း ကလေးမွေးထားတာလည်း ဘယ်လောက်မှ မကြာသေးဘူး။ ဆက်တိုက် ကလေးမွေးတာက မင်းရဲ့ ခန္ဓာကိုယ်အတွက် မကောင်းဘူး။ ကလေးထပ်ယူဖို့ကို ကိုယ် မငြင်းပါဘူး ၊ ဒါပေမဲ့ အခုက သင့်တော်တဲ့ အချိန် မဟုတ်သေးဘူး။ ”
စုယန်ယန်က ခဏလောက် ငြိမ်ကာ စဉ်းစားနေခဲ့သည်။ ဟောက်ချန်ဟွမ်းရဲ့ စကားက ကျိုးကြောင်းဆီလျော်မှုရှိတာကိုတော့ ဝန်ခံရလိမ့်မည်။ ထို့ကြောင့် သူမရဲ့ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး “ အင်း ” ဟူ၍သာ စိတ်ပျက်လက်ပျက် ပြောလိုက်ရ၏။
ဟောက်ချန်ဟွမ်းက သူမရဲ့ အမူအရာကို ကြည့်ကာ ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ဘဲ ဩရှသော အသံဖြင့် ပြောလိုက်သည်။ “ ကလေးတွေက အနာဂတ်မှာ ထပ်မွေးလို့ ရပါသေးတယ်။ ဒါပေမဲ့ လောလောဆယ် ကိုယ်တို့ လုပ်လို့ ရတာ ရှိတယ်။ ”
“ ဟမ် … အူး … ” စုယန်ယန်ရဲ့ စကားမဆုံးသေးခင်မှာပဲ တစ်ယောက်သောသူက ခေါင်းကို ငုံ့ချပြီး သူမကို နမ်းခဲ့သည်။ ကျန်ရှိနေတဲ့ သူမရဲ့ စကားတွေကို ထိုလူက မျိုချလိုက်တာမို့ သူမမှာ နောက်တစ်ညအထိ ထိုစကားတွေကို ထပ်ပြောဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ပေ။
လူတွေကတော့ လူတစ်ယောက်ဟာ နေ့တိုင်း အိပ်မက်,မက်သည်ဟု ပြောလေ့ရှိသည်။
ဟောက်ချန်ဟွမ်းအတွက်ကတော့ ဒီအိပ်မက်ကို မက်လာတာ ကြာခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်အောက်ပိုင်း အကြောသေသွားတာအပါအဝင် သူ့အမေ သေဆုံးသွားတာ ၊ သူ့အဖေရဲ့ အောက်ဆီဂျင်မျက်နှာဖုံးကို ချွတ်ပေးခဲ့ရတာတွေလို ထိတ်လန့်စရာ အဖြစ်အပျက်တွေကို ဆက်တိုက် ကြုံတွေ့အပြီးမှာ ဟောက်ချန်ဟွမ်း စိတ်ကျန်းမာရေးဆရာဝန်နှင့် အချိန်အတော်ကြာ ပြခဲ့ရသည်။
++++++