အခန်း ၉၈၁
Vol. 66 Ch. 981
981 01
အခန်း ( ၉၈၁ ) အဖေ သူ့ကို အဖော်ပြုပေးဖို့ လိုတယ်။
ထိုအချိန်အတောအတွင်း တူညီတဲ့ အိပ်မက်ဆိုးတစ်ခုတည်းကို ညတိုင်းနီးပါး မက်ခဲ့ရသည်။
အိပ်မက်ထဲမှာ သူက ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ပြန်ရောက်နေပြီး ခန္ဓာကိုယ်ပေါ်မှာ အောက်ဆီဂျင်မျက်နှာဖုံးတွေ ၊ ပစ္စည်းကိရိယာပေါင်းစုံတွေ တပ်ထားလျက် မံမီတစ်ကောင်လို ရစ်ပတ်ခံထားရတဲ့ သူ့အဖေကို ဝှီးချဲပေါ်မှာ ထိုင်၍ ကြည့်နေခဲ့သည်။
အဖေ့ကို ဒီလို ပုံစံနှင့် မြင်ရခြင်းက အထူးသဖြင့် ဆယ်ကျော်သက်အရွယ်သာ ရှိသေးတဲ့ ဟောက်ချန်ဟွမ်းနှင့် အလွန် စိမ်းသက်နေသည်။
ထိုအချိန်တုန်းက သူ့မှာ လူငယ်တစ်ယောက်ရဲ့ နုံအရိုးစင်းခြင်းလည်း ရှိနေဆဲ ဖြစ်ပြီး သူ့အဖေအား သူ့အတွက် ကောင်းကင်ကိုတောင် မတည်ပေးနိုင်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ် မြင်ခဲ့သည်။ သို့သော်လည်း အခုတော့ သူ ကြွေလွင့်သွားပြီမို့ ဟောက်ချန်ဟွမ်းရဲ့ ကောင်းကင်ပြိုပျက်သွားပါပြီ။
ဟောက်ချန်ဟွမ်း ရောက်လာတာကို သတိပြုမိတဲ့ သခင်ကြီးဟောက်က အောက်ဆီဂျင်မျက်နှာဖုံးအောက်မှာ နှုတ်ခမ်းတွေ တရွေ့ရွေ့ လှုပ်ရှားသွားသည်။
ဟောက်ချန်ဟွမ်း သူ့အနား သွားပြီး အနီးကပ် နားထောင်လိုက်တော့ သူ့ဇနီး ဘယ်မှာလဲ ဆိုတာကို မေးနေတာ ဖြစ်သည်။
“ မင်းအမေ … မင်းအမေ … ”
ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားထဲမှာ တင်းကြပ်သွားသော်လည်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အတတ်နိုင်ဆုံး ဟန်လုပ်ထိန်းချုပ်ထားပြီး အပြုံးတုတစ်ခုကို လုပ်ယူ၍ ပြောလိုက်သည်။ “ အမေ အဆင်ပြေပါတယ် အဖေ။ အဖေသာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အမေက အဖေ့ကို စောင့်နေတယ် ၊ အဖေ သက်သာလာမှာကို စောင့်နေတယ်။ ”
သခင်ကြီးဟောက်က ဘာမှ မပြောဘဲ ဟောက်ချန်ဟွမ်းကို လေးလံဖိစီးသော အကြည့်ဖြင့် အကြာကြီး စိုက်ကြည့်နေပြီးမှ ဆက်ပြောသည်။ “ ငါ့ကို မလိမ်နဲ့။ ငါ သိတယ် … မင်းအမေ … ဒီမှာ မရှိတော့ဘူး။ ”
ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားထဲမှာ ဒိန်းခနဲ တုန်ဟည်းသွားကာ သူ ငြိမ်ကျသွားသည်။ အချိန်အတော်ကြာတော့မှ သတိပြန်ဝင်လာပြီး “ မဟုတ်ဘူး ၊ မဟုတ်ပါဘူး အဖေရာ။ အဖေ အဲ့စကားကို ဘယ်က ကြားလာတာလဲ။ အမေ အဆင်ပြေပါတယ်။ အမေ အဆင်ပြေတယ်။ ”
…
“ ဘယ်သူမှ ငါ့ကို မပြောဘူး။ ” ခက်ခက်ခဲခဲ ရုန်းကန်၍ စကားပြောနေသော သခင်ကြီးဟောက်ရဲ့ ပုံစံက အသက်လုနေရသူတစ်ယောက်ပမာ ဖြစ်သည်။ အသက်ဓာတ်တွေ အကုန် ကင်းမဲ့သွားတဲ့ သစ်ပင်အိုကြီးလိုမျိုး အိုမင်းကာ အားနည်းနေ၏။
“ ငါ ခံစားလို့ ရတယ်။ အဲ့အချိန်မှာ … ငါက မင်းအမေလက်ကို ဆုပ်ကိုင်ထားခဲ့တာ ၊ သွေးတွေက ဆက်တိုက် စီးကျနေတယ်။ ငါတို့က ကားထဲမှာ ပိတ်မိနေလို့ လှုပ်လို့ မရခဲ့ဘူး။ ငါတို့ကို တစ်ယောက်ယောက် လာကယ်မှာကို စောင့်နေပေမဲ့ ဘယ်သူမှ ရောက်မလာကြဘူး။ ခဏနေတော့ မင်းအမေက အိပ်ပျော်သွားတယ်။ ငါ သူ့ကို အသံအကျယ်ကြီးနဲ့ အဆက်မပြတ် ခေါ်နေပေမဲ့ သူ ငါ့ကို ပြန်မဖြေတော့ဘူး။ အဲ့အချိန်မှာ လူတွေ ရောက်လာတဲ့ အသံတွေကို ငါ ကြားတယ်။ သူတို့က မင်းအမေနဲ့ ငါ့ကို လူခွဲလိုက်ကြတယ်။ ငါ သူ့နားမှာပဲ ရှိနေချင်ပေမဲ့ မတတ်နိုင်ခဲ့ဘူး။ သူ ထွက်သွားပြီ ဆိုတာ ငါ သိတယ်။ ငါ သူ့ကို ဆွဲမထားနိုင်ခဲ့ဘူး ၊ သူ့ကို ဆွဲမထားနိုင်ခဲ့ဘူး … ”
သခင်ကြီးဟောက်ရဲ့ စကားက တစ်ဝက်တစ်ပျက် ရပ်တန့်သွားကာ ခါတိုင်းလို အစီအစဉ်တကျ မဟုတ်ပါ။ ဟောက်ချန်ဟွမ်းက ဇာတ်လမ်းတစ်ခုလုံးကို နားထောင်နေပြီး သူ့နှာခေါင်းထဲမှာ မွှန်တက်လာခဲ့သည်။
ကျန်းချန့်ယန်က သူ့အမေကို နောက်ဆုံးတစ်ကြိမ်လေးတောင် တွေ့ခွင့်မပေးသလို ကျိုးယန်ပိုင်နှင့် ကျန်လူတွေကလည်း ဖြူဖတ်ဖြူရော်မျက်နှာတွေနှင့် ပြန်ရောက်လာသည်။ သူ့အမေရဲ့ ရုပ်အလောင်းက ကြည့်ချင်စဖွယ်မရှိဘူး ဆိုတာ သိသာပါသည်။
ဟောက်ချန်ဟွမ်း သူ့အမေကို ကြည့်ချင်ပေမဲ့ ကြောက်လည်း ကြောက်သည်။ မသိစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် လိမ်လည်နေတာလို့ပဲ ပြောရမလား … ။ သူ့အမေရဲ့ ရုပ်အလောင်းကို သူ သွားမတွေ့သရွေ့ သူ့အမေ သက်ရှိထင်ရှားရှိနေသေးတယ် ကိုယ့်ကိုယ်ကိုယ် လိမ်လည်လို့ ရသည်။
သူ့ကိုသာ အချစ်ဆုံးဖြစ်ပြီး နူးညံ့သော အပြုံးလေးနှင့် အမြဲတမ်း ကြည့်ခဲ့ဖူးတဲ့ သူ့အမေ ဒီလောကကြီးမှာ ရှိနေပါသေးသည်။
981 02
“ ငါ သူ့ကို ဆွဲထားလို့ မရဘူး ဆိုမှတော့ သူနဲ့အတူတူ လိုက်သွားရမယ်။ ” ဟောက်ချန်ဟွမ်းကို ကြည့်နေတဲ့ သခင်ကြီးဟောက်ရဲ့ မျက်လုံးထဲမှာ ထူးဆန်းသော စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေသည်။ “ ချန်ဟွမ်း ၊ မင်း အဖေ့ခံစားချက်ကို နားလည်တယ် မဟုတ်လား ချန်ဟွမ်း။ မင်းအမေ သူတစ်ယောက်တည်း အရမ်း အထီးကျန်နေလိမ့်မယ်။ အဖေ သူ့ကို အဖော်ပြုပေးဖို့ လိုတယ်။ သူ့ကို တစ်ယောက်တည်း မသွားခိုင်းရက်ဘူး။ ”
ဟောက်ချန်ဟွမ်းသည် သခင်ကြီးဟောက် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားမလည်သော်လည်း သူ့စိတ်ထဲမှာ တစ်ခုခုကို ကြောက်ရွံ့သွားသည်။ “ အဖေ ဘာတွေ ပြောနေတာလဲ။ အမေက … အဖေ သူ့နောက်ကို ဘယ်လို လိုက်သွားမှာလဲ။ ”
သခင်ကြီးဟောက်က ဘာမှ ပြန်မပြောဘဲ သူ့ရဲ့ တစ်ဦးတည်းသော သား ၊ အငယ်ဆုံးသားလေးကို နားလည်ရခက်သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ဒီကိစ္စက ဆယ်ကျော်သက်တစ်ယောက်အတွက် ရက်စက်လွန်းတယ် ဆိုတာ သိပေမဲ့ သူ့မှာ တခြားရွေးချယ်စရာ မရှိပါ။
ဒီအချိန်မှာ ဟောက်ချန်ဟွမ်းတစ်ယောက်တည်းသာ သူ့ကို ကူညီနိုင်ပြီး သူ ယုံကြည်နိုင်တဲ့ လူကလည်း ဟောက်ချန်ဟွမ်းတစ်ယောက်တည်းပဲ ရှိပါသည်။
ရှင်လူတစ်ဝက် ၊ သေလူတစ်ဝက်လို ဆိုးဝါးသော ဘဝမျိုးမှာ နေထိုင်သွားမည့်အစား တစ်ခါတည်း ဇီဝိန်ချုပ်ပြီး သူ့ဇနီးနှင့်အတူ ထွက်ခွာသွားတာက သူ့အတွက် ပိုကောင်းသည်။
+++++