အခန်း ၉၈၂
Vol. 66 Ch. 982
982 01
အခန်း ( ၉၈၂ ) အိပ်မက်ဆိုးရဲ့ အဆုံးသတ်။
“ ချန်ဟွမ်း ၊ သားရဲ့ ခြေထောက် နာနေလား။ ”
ဟောက်ချန်ဟွမ်း ကြောင်အသွားသည်။ အဲ့ဒီနောက် လုံခြုံရာ ကောင်းကင်ဘုံကို ရှာတွေ့သွားသလိုမျိုး မျက်လုံးတွေ ရဲတက်လာကာ သူ့ရဲ့ ပျော့ညံ့မှုတွေ ၊ ဝမ်းနည်းမှုတွေအားလုံးကို သူနှင့် အနီးစပ်ဆုံးက လူတွေကို ထုတ်ပြလိုက်သည်။
“ နာတယ် ၊ အရမ်း နာတယ်။ ”
“ အဖေလည်း နာတယ်။ အဖေ့ရဲ့ လက်တွေ နာနေတယ် ၊ ခြေထောက်တွေ နာနေတယ် ၊ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေတယ်။ ဒါပေမဲ့ အဖေ့ရဲ့ နှလုံးသားကတော့ အနာကျင်ဆုံးပဲ။ သားက အဖေနဲ့ အမေ အချစ်တုံး ကလေးပါ။ အဖေ တစ်သက်လုံး နာကျင်ခံစားနေရမှာကို မကြည့်ရက်ဘူး မဟုတ်လား။ ”
လူငယ် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက စာရွက်တစ်ရွက်ပမာ ဖြူဆုတ်သွားပြီး မျက်ရည်တွေ အတားအဆီးမရှိ စီးကျလာခဲ့သည်။
သူ အခုချက်ချင်း နောက်ကြောင်းပြန်လှည့်ပြီး ဒီအခန်းထဲက ထွက်ပြေးချင်သည် ၊ ဆေးရုံခုတင်ပေါ်က ထူးဆန်းတဲ့ ဒီလူကြီးဆီက လွတ်မြောက်ချင်သည်။
သို့သော်လည်း သူ့လက်တွေက ထိန်းချုပ်မှုကင်းမဲ့နေပြီး ညို့ငင်ဖမ်းစားခံထားရသလိုမျိုး တဆတ်ဆတ် တုန်ယင်နေတဲ့ လက်တွေက အကြည်ရောင် အောက်ဆီဂျင်မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ထိတွေ့ခဲ့သည်။ သူ့အဖေရဲ့ တိုက်တွန်းသော အကြည့်အောက်မှာ အသက်ကယ်ကိရိယာကို မျက်နှာပေါ်က ဖယ်ရှားပစ်လိုက်သည်။
ကိုယ်တွင်းအင်္ဂါတွေ သွေးထွက်နေဆဲ ဖြစ်တဲ့ သခင်ကြီးဟောက်သည် သူ့ကို အသက်ရှူနိုင်အောင် ကူညီပေးခဲ့တဲ့ အောက်ဆီဂျင်မျက်နှာဖုံး ရုတ်တရက် ကျွတ်သွားသောအခါ အသက်ရှူသံက တဖြည်းဖြည်း တိုးဖျော့လာခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ဟောက်ချန်ဟွမ်းတစ်ယောက် သူ့တစ်ဘဝလုံးစာ နေထိုင်လာရသလို ခံစားလိုက်ရပါသည်။
“ ခွမ်း … ” ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။ လူနာဆောင်ရဲ့ အပြင်ဘက်မှာ ပစ္စည်းတွေ တစ်ပုံတစ်မကြီးနှင့် လူနာလာတွေ့သော ဟောက်ချီဟန်နှင့် ဇနီးဖြစ်သူသည် သူ့ကို ပြူးကျယ်သော မျက်လုံးတွေနှင့် ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေခဲ့ကြလေသည်။
ဟောက်ချန်ဟွမ်း လှည့်ကြည့်လိုက်တော့ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး သူ့ကို ထိတ်လန့်တကြား ကြည့်နေတဲ့ ထိုနှစ်ယောက်ရဲ့ အကြည့်တွေကို မြင်လိုက်ရသည်။
ကြမ်းပြင်ပေါ်ကို ပစ္စည်းတွေ ပြုတ်ကျသွားတဲ့ အသံကျယ်ကျယ်နှင့်အတူ အရာအားလုံး ဆွဲချခံလိုက်ရသည်ဟု ခံစားရကာ အဆုံးမရှိသော အမှောင်ထုကြီးက ဟောက်ချန်ဟွမ်းရဲ့ အမြင်အာရုံကို ချက်ချင်း ဖုံးအုပ်သွားသည်။
အနည်းငယ် သတိဝင်လာတဲ့ ဟောက်ချန်ဟွမ်းက သူ အိပ်မက်,မက်နေတာ ဖြစ်နိုင်တယ် ဆိုတာကို နားလည်သဘောပေါက်စွာ သူနှင့် မစိမ်းသက်တဲ့ အမှောင်ထုကို ကြည့်ပြီး အလိုလို လက်သီးဆုပ်လိုက်မိသည်။
ဒီနောက်ပိုင်း ဘာဆက်ဖြစ်မလဲ ဆိုတာ သူ သိပ်ကို ကောင်းကောင်း သိပါသည်။ စိတ်ရောဂါပညာရှင်တွေတောင် မသိတဲ့ တည်ရှိမှုမျိုးပေါ့ … ။
အရာအားလုံးက မကြာခင်မှာ ရုတ်တရက်ဆန်ဆန် အဆုံးသတ်ပါတော့မည်။ အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ မက်နေတဲ့ အိပ်မက်ဆိုးရဲ့ အဆုံးသတ်က သူ့အဖေရဲ့ အောက်ဆီဂျင်မျက်နှာဖုံးကို သူ ဖယ်ရှားလိုက်ချိန်မှာ ဖြစ်သွားသော ဖြူဖတ်ဖြူရော်မျက်နှာနှင့် ကားအက်ဆီးဒင့်နောက်ပိုင်း သူ့အမေရဲ့ သွေးစွန်းနေသော ပုံစံပဲ ဖြစ်သည်။
အဲ့ဒါထက် ပိုကြောက်စရာကောင်းတာကတော့ တစ်ချိန်တုန်းက သူ အချစ်ဆုံးဖြစ်ခဲ့တဲ့ သူ့အမေက အိပ်မက်ထဲမှာ သူ့ကို တွေ့သည်နှင့် ‘ မင်း ဘာလို့ မင်းအဖေကို မင်းလက်နဲ့ ကိုယ်တိုင် သတ်လိုက်တာလဲ။ ’ လို့ ရက်စက်သော အမူအရာဖြင့် မေးတာပါ။
သူ့ကို အဲ့ဒီလို အတင်းအကြပ် လုပ်ခိုင်းခဲ့တဲ့ လက်သည်တရားခံ သူ့အဖေကတော့ အမေ့ဘေးမှာ တိတ်ဆိတ်စွာ ရပ်ပြီး သူ့ကို ခပ်မဲ့မဲ့ အပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။
ဟောက်ချန်ဟွမ်းသည် ထိုအိပ်မက်ဆိုးကို မက်တဲ့အခါတိုင်း အိပ်ပျော်နေရာက လန့်နိုးလာကာ တစ်ညလုံး ပြန်အိပ်မရတော့ဘဲ မျက်လုံးပြူးကျယ်စွာ ငုတ်တုတ်မိုးလင်းခဲ့ဖူးသည်။
ဒီတစ်ခေါက်တော့ သင်ခန်းစာရနေပြီ ဖြစ်တဲ့ ဟောက်ချန်ဟွမ်းက သူတို့နှစ်ယောက် ရောက်မလာခင်မှာပဲ မျက်လုံးတွေကို မှိတ်ပစ်လိုက်သည်။ သို့သော် မျှော်လင့်ထားတဲ့ မေးခွန်းတွေ ၊ ကျိန်ဆဲမှုတွေ ရောက်မလာဘဲ ထိုအစား ဟောက်ချန်ဟွမ်းနှင့် သိပ်ကို ရင်းနှီးတဲ့ နွေးထွေးသော လက်တစ်စုံ ရောက်လာသည်။
ထိုလက်က သူ့ခေါင်းပေါ်က ဆံပင်တွေကို နူးနူးညံ့ညံ့လေး ပွတ်သပ်ပေးနေ၏။ ချက်ချင်း ဆိုသလိုပဲ ဟောက်ချန်ဟွမ်းသည် အတိတ်ဆီသို့ ပြန်ဆွဲခေါ်ခံလိုက်ရလေသည်။ သူတို့မိသားစုသုံးယောက်ဟာ တောင်ပေါ်က ဗီလာကို အပန်းဖြေခရီးထွက်ခဲ့ကြသည်။
သူ့အဖေ ဂရုတစိုက် တည်ဆောက်ထားတဲ့ ဥယျာဉ်ထဲမှာ သူ့အမေက သူ့ကို အမြဲတမ်း လှဲလျောင်းခိုင်းပြီး သူမရဲ့ ပေါင်ပေါ် ခေါင်းတင်အိပ်ခိုင်းလေ့ရှိသည်။ သူ့ခေါင်းလေးကို ရံဖန်ရံခါ ပုတ်ပေးပြီး သာယာနာပျော်ဖွယ်ကောင်းသော သားချော့တေးလေးကို ဆိုပြတတ်သည်။
982 02
“ အမေ … ” နောက်ဆုံးတော့ ဟောက်ချန်ဟွမ်း သူ့စိတ်ကို မလွန်ဆန်နိုင်ဘဲ မျက်လုံးဖွင့်ကြည့်လိုက်တော့သည်။
သူ ပထမဆုံး မြင်ရတဲ့ အရာက အကျွမ်းတဝင်ဖြစ်နေသော သူ့အမေရဲ့ အပြုံးနူးနူးညံ့ညံ့ ဖြစ်သည်။ “ သားလေး … အများကြီး ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ ”
သူ့အမေရဲ့ နောက်ဘက်မှာ တောက်ပသော နေရောင်ခြည်က သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို လင်းဖြာကျနေသည်။ နူးညံ့လှပတဲ့ လင်းရောင်ခြည်တစ်မျိုးက သူမကို လွှမ်းခြုံထားသလိုမျိုး ကျက်သရရေရှိရှိ လှပကာ မြင်ရသူတိုင်းကို မိန်းမောသွားစေသည်။
“ သားအဖေကို အပြစ်မတင်ပါနဲ့တော့။ အမေ သားအတွက် သူ့ကို ဆုံးမပြီးပြီ။ ”
သူ့အမေက ထိုသို့ ပြောပြီး အနောက်ဘက်ကို လှည့်ကြည့်လိုက်သည်။ ဟောက်ချန်ဟွမ်းလည်း သူမရဲ့ အကြည့်သွားရာအတိုင်း လိုက်ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေသာ အဖေ့ကို မြင်လိုက်ရပါသည်။
+++++