အခန်း ၉၈၃
Vol. 66 Ch. 983
983 01
အခန်း ( ၉၈၃ ) သူမကို အနမ်းမိုးတွေ ရွာချပေးချင်တယ်။
အဲ့ဒီမှာ ရပ်နေတဲ့ အမျိုးသားရဲ့ ခေါင်းမှာ ဆံပင်ဖြူတွေ အနည်းငယ် ရောယှက်နေသော်လည်း ထင်ရှူးပင်လို မြင့်မြင့်မားမား ခန့်ခန့်ထည်ထည်ရှိနေဆဲ ဖြစ်ပါသည်။ သူ့မှာ ဟောက်ချန်ဟွမ်းနှင့် အလွန် ရင်းနှီးကျွမ်းဝင်တဲ့ နူးညံ့သော အပြုံးလေး ရှိသည်။
ဆေးရုံခုတင်ပေါ်က သေအံ့ဆဲဆဲ ဖြူရော်အားနည်းနေသော ပုံစံမျိုးမဖြစ်ဘဲ သူ့ကြိုးစားမှုတွေရဲ့ ဦးတည်ချက်အဖြစ် ဟောက်ချန်ဟွမ်း မြင်ခဲ့သော ၊ သူ့မှတ်ဉာဏ်တွေရဲ့ ဟိုးအတွင်းပိုင်းမှာ အထင်ကြီး လေးစားခဲ့ရသော သူ့အဖေ ဖြစ်ပါသည်။
သူတို့နှစ်ယောက် ရောက်လာပုံက သိပ်ကို ရုတ်တရက်ဆန်ပြီး အံ့ဩစရာကောင်းသည်။ ဟောက်ချန်ဟွမ်းသည် အချိန်အကြာကြီး ဆွံ့အနေပြီးမှ သူ့အမေရဲ့ အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာတော့မှ ဖျတ်ခနဲ သတိဝင်လာခဲ့သည်။
“ အချိန်ပြည့်ခါနီးပြီ။ အမေတို့ သွားရတော့မယ်။ ”
သွားရတော့မယ် … ။ ဘယ်ကို သွားရမှာလဲ … ။ ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းတွေက တရွရွ လှုပ်ရှားသွားသည်။ သူ တစ်ခုခု ပြောချင်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်သလို သူ့ခန္ဓာကိုယ်ကိုလည်း အနည်းငယ်မျှ လှုပ်ရှားလို့ မရတာကို သိလိုက်ရ၏။
“ သားလည်း ပြန်သွားဖို့ အချိန်ကျပြီ။ ” သခင်မကြီးဟောက်ရဲ့ လက်က ဟောက်ချန်ဟွမ်းရဲ့ ခေါင်းကို ကြင်နာစွာ ပွတ်သပ်ပေးနေသည်။ သူမရဲ့ နူးညံ့သော လေသံထဲမှာ ချစ်ခြင်းမေတ္တာတွေ လျှံထွက်နေသလို စိတ်မဖြောင့်သလို တွန့်ဆုတ်နေတာကိုလည်း ကြားနိုင်သည်။ “ ဘဝကို ကောင်းကောင်း နေပြီး သားကို ချစ်တဲ့ လူတွေကို ကောင်းကောင်း ဆက်ဆံပေးပါ။ အမေနဲ့ အဖေက သားကို အမြဲတမ်း ချစ်နေမှာပါ။ ”
ဆယ့်ငါးနှစ် ၊ ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးက သူ့အမေထက် အရပ်ပိုရှည်နေပြီ ဖြစ်သေယ်လည်း မိဘတွေရှေ့ ရောက်ရင် ကလေးက ခန္ဓာကိုယ်ကျုံ့သွားလေ့ရှိသည်။
ငယ်ရွယ်စဉ်တုန်းကလိုပဲ သူ့မိဘတွေကလည်း ခန္ဓာကိုယ်ကို ငုံ့ကိုင်း၍ ဆောင့်ကြောင့်ထိုင်ကာ သူ့မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး လိုက်လျောညီထွေ စကားပြောလေ့ရှိသည်။
သူမရဲ့ နူးညံ့သော နှုတ်ခမ်းတွေက ဟောက်ချန်ဟွမ်းရဲ့ နဖူးပေါ် ကျရောက်လာသည်။ သူမရဲ့ စိတ်ထဲမှာ သားဖြစ်သူအတွက် ဆုမွန်ကောင်းတွေ ၊ မျှော်လင့်ချက်တွေ ပြည့်နှက်နေသလို စိတ်မချနိုင်တဲ့ ခံစားချက်နှင့် စိုးရိမ်မှုတို့လည်း ဒွန်တွဲနေသည်။
ဟောက်ချန်ဟွမ်း ပြန်မော့ကြည့်လိုက်ချိန်မှာတော့ ခုနတုန်းကအထိ သူ့ရှေ့မှာ ရပ်နေသူသည် ဟိုးအဝေးမှာ လမ်းလျှောက်သွားနေခဲ့ပြီ ဖြစ်သည်။
မီတာတချို့ အကွာအဝေးမှာ ရှိနေတဲ့ ဟောက်ချန်ဟွမ်းရဲ့ အဖေက ခပ်ယဲ့ယဲ့ ပြုံးပြနေသလို သူ့အမေကလည်း ဖြည်းဖြည်းချင်း လျှောက်သွားပြီး လက်ဝှေ့ယမ်းပြသည်။ အဲ့ဒီနောက် သူတို့နှစ်ယောက်ရဲ့ လက်တွေကို အတူတူ ဆုပ်ကိုင်၍ ယှက်ထားလိုက်ကြသည်။
နေရောင်ခြည်က သူတို့နှစ်ယောက်အပေါ် လင်းဖြာကျပြီး ပြုံးနေတဲ့ ပုံရိပ်တွေက ရောင်ပြန်ဟပ်နေသည်။ ဟောက်ချန်ဟွမ်းရဲ့ ငယ်ဘဝအမှတ်တရတွေထဲက နွေးထွေးလှပတဲ့ အရောင်နွေးနှင့် အတော်လေး ဆင်တူသည်။
သို့သော်လည်း ထိုအချိန်တုန်းက တစ်ယောက်ကို တစ်ယောက် အချစ်စစ်နှင့် ချစ်ကြတဲ့ သူ့မိဘတွေဟာ သူ့ကို တစ်ခါတလေ မေ့လျော့သွားသည် ဆိုလျှင်တောင် သူက သူတို့နောက်ကို တိတ်တိတ်ဆိတ်ဆိတ် လိုက်ပြီး ခွေးစာတွေ စားရလေ့ရှိပါသည်။
အခုအချိန်မှာတော့ သူတို့နှစ်ယောက် ဝေးသထက် အဝေးကို တဖြည်းဖြည်း လျှောက်သွားပြီး သူ့မြင်ကွင်းထဲက တစ်စတစ်စ ပျောက်ကွယ်သွားတာကို ထိုင်ကြည့်နေရုံသာ တတ်နိုင်ပါတော့သည်။
“ ချန်ဟွမ်း … ချန်ဟွမ်း … ”
ဟောက်ချန်ဟွမ်းသည် သူ့ရဲ့ အိပ်မှုန်စုံမွှား မျက်လုံးတွေကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ဘေးမှာ စိုးရိမ်ပူပန်မှုတွေ ဖုံးလွှမ်းနေသော မျက်နှာဖြင့် ဆောင့်ကြောင့်ထိုင်နေတဲ့ စုယန်ယန်ကို ဝေဝေဝါးဝါး ကြည့်လိုက်သည်။
စုယန်ယန်က သူ နိုးလာတာကို မြင်တော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းမောလေး မှုတ်ထုတ်ပြီး “ ရှင် အိပ်မက်ဆိုးမက်နေတာလား။ ” ဟု တွေးတွေးဆဆ ပြောလိုက်သည်။
983 02
အိပ်မက်ဆိုး … ။ ဟောက်ချန်ဟွမ်းက သူ့မျက်နှာကို ပွတ်ပြီး ငေါက်ခနဲ ထထိုင်ရင်း သူ့အိပ်မက်ကို ပြန်သတိရသွားကာ ပြုံးလိုက်သည်။ “ မဟုတ်ဘူး။ အိပ်မက်ကောင်း မက်တာ။ ”
“ အိပ်မက်ကောင်း … ဟုတ်လား။ ” စုယန်ယန်က ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဘယ်သူက ပျော်စရာကောင်းတဲ့ အိပ်မက်ထဲမှာ ငိုမှာလဲ။
သူမ ဟောက်ချန်ဟွမ်းဘေးမှာ ရှိလာခဲ့တာ အချိန်အတော်ကြာခဲ့ပြီ ဆိုပေမဲ့ သူ ဒီလောက် လှိုက်လှိုက်သည်းသည်း ငိုကြွေးတာကိုတော့ အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။ သူမရဲ့ အရင်ဘဝတုန်းက သူမ ကားအက်ဆီးဒင့်ဖြစ်ပြီး သေသွားတုန်းကတောင် ဟောက်ချန်ဟွမ်း ဒီလောက် ဝမ်းမနည်းခဲ့ပေ။
ဒါပေမဲ့ ထိုအချိန်မှာ ဟောက်ချန်ဟွမ်းဟာ မျှော်လင့်ချက်တွေအားလုံးကို ဆုံးရှုံးသွားပုံဖြင့် ဘာကိုမှ ဆက်ဂရုမစိုက်တော့ပါ။ ထို့ကြောင့် သဘာဝကျစွာပင် သူ ငိုလည်း မငိုနိုင်တော့ပါ။ ထိုကိစ္စကို ဘာနှင့်မှ နှိုင်းယှဉ်လို့ မရ။
ဟောက်ချန်ဟွမ်းက ခပ်တိုးတိုး ပြောပြီး စုယန်ယန်ကို နမ်းဖို့ သူမအပေါ်ကို အုပ်မိုးလိုက်သည်။ အတွေးထဲမှာ နစ်မျောနေတဲ့ စုယန်ယန်ကို သူ အောင်မြင်စွာ ခြောက်လှန့်နိုင်လိုက်ပါသည်။
“ ရှင် ဘာလုပ်မလို့လဲ။ ”
“ ဘာမှ မလုပ်ပါဘူး။ ဒီတိုင်း မင်းကို ရုတ်တရက် နမ်းချင်လာလို့ပါ။ ”
စုယန်ယန်က သူ့ကို သံသယအကြည့်ဖြင့် ကြည့်သည်။ “ ရှင် အဆင်ပြေတာ တကယ်ရော ဟုတ်လို့လား။ ”
“ အင်း။ ”
ထိုအိပ်မက်ကို ဘာလို့ မက်တာလဲ ဆိုတာ ဟောက်ချန်ဟွမ်း မသိသော်လည်း ဒီတစ်ခေါက်တော့ သူတို့ ထာဝရအတွက် ထွက်ခွာသွားတော့မည်ဟု ခံစားရသည်။
အိပ်မက်ထဲမှာ သူ့အမေ ပြောခဲ့တဲ့ စကားကို ပြန်သတိရသွားတော့ သူ့အမေဟာ လက်ရှိအချိန်မှာ သူ့ကို ကာကွယ်ပေးနေတဲ့ တစ်စုံတစ်ယောက်ကို ရည်ညွှန်းတာလို့ ဟောက်ချန်ဟွမ်း ထင်မိသည်။
ထိုသို့ တွေးမိတော့ သူ့နှလုံးသညးထဲမှာ ဆစ်ခနဲ နာကျင်သွားလေသည်။ သူ စုယန်ယန်ကို ပွေ့ဖက်ပြီး အနမ်းမိုးတွေ ရွာချပေးချင်သည်။
+++++.