← Chapters

အခန်း ၉၈၅

Vol. 66 Ch. 985

အခန်း ၉၈၅

Vol. 66 Ch. 985

985 01

အခန်း ( ၉၈၅ ) ဝတ်ကျေတန်းကျေ ထုတ်ပြန်ချက်။

အောင်မြင်မှုက သူ့မျက်စိရှေ့မှောက်မှာ ရှိနေသော်လည်း သူကတော့ မူလအနေအထားကို ပြန်ရောက်သွားအောင် တွန်းထိုးခံခဲ့ရသည်။ ဒီလူက သူ့လက်ရှိ ပြဿနာအတွက် အဓိက တရားခံပါပဲ။

မကျေနပ်ချက်တွေ ပြည့်နှက်သွားသော ကြယ်လေးသည် နောက်ဆုံးတော့ နှုတ်ခမ်းတွေကို စူထော်ပြီး တဝါးဝါး အော်ငိုတော့သည်။

စုယန်ယန်က အဲ့ဒါကို မြင်တော့ ဟောက်ချန်ဟွမ်းရဲ့ လက်ကို ပုတ်ထုတ်ပြီး ကြယ်လေးကို ပွေ့ချီလိုက်သည်။ ‘ ကလေးဆန်လိုက်တာ ’ ဟူသော အကြည့်ဖြင့်လည်း တစ်ယောက်သောသူကို မျက်လုံးလှိမ့်၍ ကြည့်ပစ်လိုက်သည်။

ဆွံ့အသွားသော ဟောက်ချန်ဟွမ်းသည် ကြယ်လေးကို အနိုင်ကျင့်ချင်နေတဲ့ ကိုယ့်လက်ကိုယ် မနည်း ထိန်းချုပ်လိုက်ရလေသည်။ အကျိုးနည်း … ။

ကြယ်လေးကတော့ မနက်တုန်းက အဖြစ်အပျက်ကြောင့် သူ့ကို အနိုင်ကျင့်ရတာ သဘောကျတဲ့ အဖေဖြစ်သူကို သူတို့သားအမိနှစ်ယောက် မနက်စာစားပြီးတဲ့ထိ ခွင့်မလွှတ်ခဲ့ပါ။ သူ့အဖေဆီမှာ အချီမခံဘဲ ကလေးထိန်းနှင့် ရိုလီပိုလီတို့ရဲ့ လက်ထဲမှာသာ အချီခံခဲ့သည်။

စုယန်ယန်က ထိုမြင်ကွင်းကို မြင်တော့ သနားလည်း သနား ၊ ရယ်လည်း ရယ်ချင်သွားကာ “ ရှင် အဲ့ဒါ နည်းတောင် နည်းသေးတယ်။ ” ဟု ထောပနာပြုလိုက်သည်။ ကလေးတစ်ယောက်က ဘာမှ မသိဘူး ဆိုတိုင်း သူ့ကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတာလား … ။ သူမတို့ရဲ့ ကလေးက အသက်ငယ်ကောင်း ငယ်နိုင်ပေမဲ့ ရန်ငြိုးတော့ ဖွဲ့တတ်ပါသည်။

ဟောက်ချန်ဟွမ်း : “ … ” ကြယ်လေး သူ့ကို အချီမခံတာနဲ့တင် သူ့ဘဝက သနားစရာကောင်းနေပြီကို အခု သူ့ဇနီးကပါ သူ့ကို လှောင်ရယ်လိုက်တာလား … ။ ဒီမိသားစုထဲမှာ အစာကွင်းဆက်ရဲ့ ဟိုးအောက်ဆုံးမှာ ရှိနေရတာ သူ့အတွက် ခက်ခဲလိုက်တာ … ။

ဇနီးဖြစ်သူရဲ့ မျက်နှာသာပေးမှုအတွက် ပထမဆုံး ပြိုင်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်သွားသော ဘော့စ်ဟောက်တစ်ယောက် ဘယ်လောက် စိတ်ညစ်နေမလဲ ဆိုတာ စိတ်ကူးကြည့်လို့ ရသည်။

စုယန်ယန်ကတော့ သားအဖနှစ်ယောက်ကြားက ပြိုင်ပွဲဖြစ်နေသည့်အတွက် သူတို့ တစ်ယောက်နှင့်တစ်ယောက် စကားများနေတာကို ကြည့်အပြီးမှာ စိတ်ကြည်လင်သွားပြီး လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ဖြစ်ခဲ့တဲ့ ဆိုးဝါးသော အဖြစ်အပျက်တွေအကြောင်း လုံးဝ မေ့လျော့သွားသည်။

စုယန်ယန်သည် ဘာဘီကျူးစားဖို့အတွက် လူတွေကို သူမ ဖိတ်ခေါ်ထားတဲ့ အချိန်ကို မိမိရရ အသုံးချပြီး ဆေးပင်အထုပ်လေး တချို့ကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ခဲ့၏။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပြီးဆုံးသွားပြီးနောက် သိပ်မကြာခင်မှာပဲ သူမရဲ့ ဆေးဖက်ဝင်ဟင်းလျာတွေ ရောင်းချသည့် စားသောက်ဆိုင်မှာ ထိုဆေးပင်အထုပ်လေးတွေကို အွန်လိုင်းကနေ ရောင်းချပေးခဲ့သည်။

စားသောက်ဆိုင်မှာပဲ ရယ်ဒီမိတ် ဆေးပင်တွေကို စားမယ့် စားသောက်ဆိုင်နှင့် အနေနီးတဲ့ လူတွေ ၊ အားလပ်ချိန် သိပ်မရှိတဲ့ လူတွေကလွဲလို့ အများစုက ဆေးပင်တွေကို သူတို့ဘာသာ ဝယ်ပြီး အိမ်မှာ ချက်ပြုတ်စားဖို့ ရွေးချယ်ခဲ့ကြသည်။

အလှမ်းဝေးတဲ့ စားသောက်ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာမစားနိုင်သလို ဆေးပင်အထုပ်လေးတွေကိုလည်း လာမဝယ်နိုင်ပေ။ ဒေသထဲမှာ ဆွေမျိုးတွေ ၊ သူငယ်ချင်းတွေ ရှိလျှင်တော့ သူတို့ကို တစ်ဆင့် ဝယ်ပေးဖို့ အကူအညီတောင်းပြီး ပြန်ပို့ပေးခိုင်းလို့ ရတာကြောင့် အဆင်ပြေသည်။

ဒေသထဲမှာ မနေတဲ့ ဆွေမျိုးတွေ ၊ သူငယ်ချင်းတွေခမျာ လူမှုအသိုင်းအဝိုင်းမျိုးစုံကို တစ်ခုပြီး တစ်ခု ထိုင်ကြည့်နေရုံသာ တတ်နိုင်သည်။ ဝယ်သူတွေက ဖန်သားပြင်ပေါ်မှာ ကြီးစိုးထားပေမဲ့ သူတို့ကတော့ ဖန်သားပြင်ကို ကြည့်ကာ သွားရည်တမြားမြားကျနေရုံသာ တတ်နိုင်ပါသည်။

ထိုလူတွေက လျင်မြန်စွာ လူစုဖွဲ့ကာ စုယန်ယန်နှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သည့် အကောင့်နှင့် စားသောက်ဆိုင်ရဲ့ တရားဝင် အကောင့်ဆီသို့ ပြေးလာပြီး အွန်လိုင်းစားသောက်ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုသော မက်ဆေ့ခ်ျတွေကို ပို့ခဲ့ကြသည်။

စားသောက်ဆိုင်က လူတွေက ဆုံးဖြတ်ချက်မချနိုင်သောကြောင့် ရိုးရှင်းစွာပဲ စုယန်ယန်ကို သတင်းပို့လိုက်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာပဲ ယဲ့ချီလျန့်နှင့် သုတေသနသမားတွေက စုယန်ယန်ရဲ့ ဆေးပင်အထုပ်တွေ ရောင်းအားကောင်းပြီး အတော်လေး နာမည်ကြီးနေတာကို မြင်သွားသောအခါ ဒီအခွင့်အရေးကို အသုံးချပြီး သူမနှင့် လက်တွဲပူးပေါင်း၍ ရိုးရှင်း လက်တွေ့ကျသော တရုတ် တိုင်းရင်းဆေးအိတ် တချို့ကို ပရိုမိုးရှင်းဆင်းခဲ့သည်။

စုယန်ယန်ကတော့ ထိုကိစ္စကို ကန့်ကွက်စရာမရှိပါ။ သူမရဲ့ ကိုယ်ပိုင်အမြတ်အစွန်းတွေ မထိခိုက်ဘဲ လူထုကို အကျိုးပြုနိုင်မှာမို့ သူတို့နှင့် ပူးပေါင်းဆောင်ရွက်ချင်သည်။

985 02

လုပ်ငန်းအဖွဲ့အစည်း တချို့က လူတွေကလည်း ချက်ချင်းပဲ သဘောတူခဲ့ကြသည်။ ကျိုးကြောင်းနည်းလမ်းအရ စုယန်ယန်ကို ရှယ်ယာရှင်တစ်ယောက်ဟု သတ်မှတ်လို့ ရသည်။ သူမဘက်က ဆေးဝါးညွှန်ကြားချက်ကို သူတို့ဆီ ပေးလိုက်ရုံနှင့် နောက်ဆက်တွဲ ကိစ္စတွေကို တခြားလူတွေ ဆက်လက်ကိုင်တွယ်လိမ့်မည်။ သူမက ဘာမှ လုပ်စရာမလိုတဲ့ မန်နေဂျာတစ်ယောက်အနေဖြင့် ပိုက်ဆံတွေကို အေးအေးဆေးဆေး ကောက်ယူရုံပဲ ရှိသည်။

ထိုကိစ္စအပြင် ဟိုတလောတုန်းက တင်းကြွယ်စစ်ရဲ့ အိမ်ထောင်ရေးအရှုပ်အထွေးတွေကြားထဲမှာ တိုးတက်ပြောင်းလဲမှု အသစ်တစ်ခုလည်း နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့သည်။

“ တင်းကြွယ်စစ်က ဟေးရီနဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ ကြေညာစာ ထုတ်ပြန်လိုက်တယ်တဲ့လား။ ”

“ ဟုတ်ပါတယ်။ ”

“ သူ ဘယ်လို ဖြေရှင်းလိုက်တာလဲ။ ”

“ တခြား ရှိဦးမလား။ ” ရှားကျွင်းရှန့်သည် ဟေးရီအန်တာတိန်းမန့်ရဲ့ တကယ့်ကို ဝတ်ကျေတန်းကျေဆန်သော ထုတ်ပြန်ချက်ကို ပြန်သတိရသွား၏။ ဒီတစ်ခေါက်တော့ တင်းကြွယ်စစ်တစ်ယောက် တည်တည်ငြိမ်ငြိမ် ဆက်နေနိုင်ဖို့ ခက်ခဲလိမ့်မည်ဟု သူ ခံစားရသည်။

“ သူတို့က ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ထဲမှာ အတူတူ အလုပ်,လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါလို့ ပြောတယ်။ ရိုက်ကူးခံထားရတဲ့ သူတို့နှစ်ယောက်ကြားက နီးကပ်တဲ့ အပြုအမူတွေကလည်း ဇာတ်ညွှန်းထဲက တစ်စိတ်တစ်ပိုင်းမို့လို့ ဒီတိုင်း သရုပ်ဆောင်လေ့ကျင့်နေကြတာပါတဲ့။ ”

+++++

All Chapters