အခန်း ၉၈၆
Vol. 66 Ch. 986
986 01
အခန်း ( ၉၈၆ ) မလွယ်ကူတဲ့ အနာဂတ်။
“ သရုပ်ဆောင်လေ့ကျင့်တယ်တဲ့လား။ ” စုယန်ယန်ရဲ့ မျက်လုံးထဲမှာ လှောင်ပြောင်သရော်ရိပ်တွေ ပြည့်နှက်သွားသည်။ “ အဲ့ဒီ ဇာတ်လမ်းတွဲထဲမှာ စိတ်ခံစားချက်ကို အသားပေးရတဲ့ ဇာတ်ဝင်ခန်းတွေ ပါလို့လား။ ”
ရှားကျွင်းရှန်လည်း ရယ်မောလိုက်သည်။ “ အဲ့လို ဇာတ်ဝင်ခန်းတွေ ပါလား ၊ မပါဘူးလား ဆိုတာကိုတော့ သူတို့ပဲ ဆုံးဖြတ်ရမှာပေါ့။ ထုတ်လုပ်ရေးအဖွဲ့က သူတို့ကို ဒီအချိန်ရောက်မှ ထပြီး တားဆီးလို့ မရတော့ဘူးလေ။ ”
သူတို့က ထုတ်လုပ်ရေးအဖွဲ့ တစ်ဖွဲ့တည်းမို့ အောင်မြင်လည်း အတူတူ ၊ ကျရှုံးလည်း အတူတူ ဖြစ်သည်။ ဝမ်ကျင့်ဖျင်ကိုတော့ စကားထဲ ထည့်ပြောမနေနှင့်။ သို့ထျန်းယီက ထိုဇာတ်လမ်းတွဲရဲ့ ဒုတိယ အမျိုးသားဇာတ်လိုက်ပင်။ ဇာတ်လမ်းတွဲ တစ်ဝက်ကျော်ကို ရိုက်ကူးပြီးပြီမို့ သူ့နေရာမှာ တခြား သရုပ်ဆောင် တစ်ယောက်ကို အစားထိုးဖို့ မဖြစ်နိုင်တော့ပါ။ မဟုတ်ရင် သူတို့ ရင်ဆိုင်ရမယ့် အရှုံးတွေက မနည်းမနော ရှိလိမ့်မည်။
ထိုဆုံးရှုံးမှုတွေကို ဖာထေးဖို့အတွက် ကြိုးစားရင်း ထုတ်လုပ်ရေးအဖွဲ့လည်း သူတို့နှင့်အတူ ဆွဲချခံရလိမ့်မည်။ ထို့ကြောင့် စိတ်ခံစားချက်ကို အသားပေးသော ဇာတ်ဝင်ခန်းဆွေ မပါလျှင်တောင် သူ့အတွက် ဖန်တီးပေးလို့ ရသေးသည်။
အဲ့ဒါက အလုပ်မဖြစ်လျှင်တော့ သူ့အပေါ် မကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိသွားသည်ဟု ပြောပြီး မူလ ဇာတ်ဝင်ခန်းတွေကို ဖျက်ပစ်လိုက်လို့ ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် စကားလုံးတွေက သေဆုံးသွားပေမဲ့ ထိုစကားတွေကို ပြောခဲ့သူက သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်၍ သူတို့ ပြောချင်တဲ့ စကားမှန်သမျှကို ပြောနိုင်သည်။
“ ညသန်းခေါင်ကြီး သက်ဆိုင်ရာ အခန်းအသီးသီးကို ပြန်သွားတာကလည်း ဇာတ်ညွှန်းအတွက်ပါပဲ။ အဲ့အချိန်တုန်းက အခန်းထဲမှာ တခြားလူတွေလည်း ရှိတယ် ၊ သူတို့နှစ်ယောက်တည်း မဟုတ်ဘူး။ ”
ရှားကျွင်းရှန်က ဟေးရီ အန်တာတိန်းမန့်ဘက်က ထုတ်ပြန်သော ဖြေရှင်းချက်ကို အကျဉ်းချုံ့ ရှင်းပြကာ ထပ်ဖြည့်ပြောလိုက်သည်။ “ သူတို့ အခန်းထဲမှာ ဘာလုပ်နေလဲ ဆိုတာကို သတင်းထောက်တွေက ရိုက်ကူးပြီး သတင်းပေါက်ကြားစေဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ ရိုက်ကူးနိုင်ခဲ့တယ် ဆိုရင်တောင် တင်ချင်တိုင်း တင်လို့ မရဘူး။ သတိမထားရင် သူတို့ပါ ပြဿနာထဲ ဆွဲထည့်ခံရနိုင်တယ်။ အဲ့ဒါကြောင့် ပါးစပ်စကားနဲ့ပဲ သူတို့ ပြောချင်တာတွေကို ပြောလို့ ရတယ်။ ”
စုယန်ယန်က ရှားကျွင်းရှန်ကို မျက်ခုံးပင့်၍ ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ အဓိကကျတာက သူတို့ ပြောတဲ့ စကားတွေ မဟုတ်ဘူး။ တခြားလူတွေ … အထူးသဖြင့် သူ့ပရိသတ်တွေနဲ့ ရင်းနှီးမြုပ်နှံသူတွေက သူတို့ကို ထောက်ခံပံ့ပိုးပေးချင်လား ၊ သူတို့ကို ယုံကြည်ပေးချင်လား ဆိုတာပဲ။ ”
“ ဟေးရီ အန်တာတိန်းမန့်ရဲ့ ကြေညာစာ ထွက်လာတော့ မီဒီယာတွေနဲ့ တင်းကြွယ်စစ်ရဲ့ ပရိသတ်တွေက ဘယ်လို တုံ့ပြန်ကြလဲ။ ”
“ တခြား ရှိဦးမလား။ သူတို့က ပြဿနာတွေ ဆက်တိုက် ဖန်တီးနေတာ ကြာလှပြီ ၊ သူတို့ကို မထောက်ခံချင်တဲ့ လူတွေကလည်း သူတို့ရဲ့ ပရိသတ်အဖြစ်က စွန့်လွှတ်သွားတာ ကြာလှပြီ။ ကျန်တဲ့ လူအများစုက လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေကို မမြင်ရမချင်း ယုံကြည်မှာ မဟုတ်တဲ့ အမာခံ ပရိသတ်တွေပဲ။ ဟေးရီက သူတို့ကို အပေါ်ယံ ဖြေရှင်းချက်ပဲ ပေးခဲ့တာကိုတော့ ထည့်ပြောမနေနဲ့။ ဟေးရီဘက်က ဘာဖြေရှင်းချက်မှ မပေးရင်တောင် သူတို့က တခြားနည်းလမ်း ရှာပြီး သူတို့အိုင်ဒေါရဲ့ နာမည်ကို ဘက်ပေါင်းစုံက အဖတ်ဆယ်ပေးလိမ့်မယ်။ ”
“ အဲ့ဒီလူတွေက တော်တော်လေး ဇွဲကြီးတာပဲ။ မှားယွင်းတဲ့ နေရာမှာ မှားယွင်းတဲ့ လူအပေါ် ဇွဲကြီးနေတာကတော့ နှမြောစရာကောင်းတယ်။ ”
......
986 02
“ ဟုတ်တယ်မလား။ လူငယ်ဘဝမှာ မကောင်းတဲ့ အမှိုက်ကောင်တွေနဲ့ မတွေ့ဖူးတဲ့ လူရယ်လို့ ရှိလို့လား။ သူတို့အတွက် ဝမ်းနည်းမိတယ်။ ”
သို့သော်လည်း ထိုလူတွေက လူနည်းစုသာ ဖြစ်ပါသည်။ ရှားကျွင်းရှန်သည် တင်းကြွယ်စစ်ကို ကာကွယ်ဖို့အတွက် ကောင်းမွန်သော စကားတွေကို ဝိုင်းဝန်းပြောဆိုပြီး တခြား အနုပညာရှင်တွေ ၊ သတင်းထောက်တွေ ၊ တင်းကြွယ်စစ်နှင့် တစ်ချိန်တည်းမှာ ပွဲဦးထွက်ခဲ့သော်လည်း တင်းကြွယ်စစ်ထက် ရေပန်စား အောင်မြင်နေတဲ့ သရုပ်ဆောင်တွေကိုတော့ ကျိန်ဆဲနေသော ထိုလူတွေကို ကြည့်ကာ “ အိုင်ဒေါတစ်ယောက်မှာ သူနဲ့ စိတ်ချင်းတူတဲ့ ပရိသတ်တွေပဲ ရှိတယ် ” ဆိုတဲ့ စကားကို မှန်ကန်သည်ဟု ခံစားလိုက်ရလေသည်။
တစ်ဖက်က အရိုက်နှက်ခံချင်ကာ တခြားတစ်ဖက်ကတော့ အနာခံချင်သည်။ သူတို့အတွက် သနားပေးနေလျှင်တော့ တုံးအနုံဖျင်းသည်ဟု ဝိုင်းအရယ်ခံရပါလိမ့်မည်။
“ အဲ့ဒီလူတွေ ဘယ်လောက်ပဲ ဇွဲကောင်း,ကောင်း ၊ ရင်းနှီးမြုပ်နှံသူဆီက စကားလုံး တစ်လုံးနဲ့တောင် မယှဉ်နိုင်တာကတော့ နှမြောစရာပဲ။ တင်းကြွယ်စစ်က သူ နာမည်ကြီးစပြုလာတဲ့ အချိန်ကတည်းက သူ့ကိုယ်သူ ခင်ပွန်းကောင်း ၊ ယောက်ျားကောင်း ဆိုတဲ့ နာမည်နဲ့ လုပ်စားပြီး နာမည်ကြီးလာတာ။ အခု သူက ဒီလို လုပ်ရပ်မျိုး ကျူးလွန်လိုက်တော့ လုပ်ငန်းရှင် တော်တော်များများက သူနဲ့ စာချုပ်ဖျက်သိမ်းပြီး သူ့ကို လျော်ကြေးတောင်းနေပြီ။ သူနဲ့ အလုပ်,လုပ်မယ့် လူတွေလည်း သူ့ကို ဆက်ပြီး ချဉ်းကပ်ကြတော့မှာ မဟုတ်တော့ဘူး။ ”
“ ပစ္စုပ္ပန်မှာပဲဖြစ်ဖြစ် ၊ အနာဂတ်မှာပဲဖြစ်ဖြစ် ပုံရိပ်တစ်ခုက ဖျက်ဆီးခံလိုက်ရရင် ဘာမှ မထူးဘူး။ သူ့အနာဂတ်က လွယ်ကူမှာ မဟုတ်ဘူး။ ”
စုယန်ယန်က လှောင်ရယ်လိုက်သည်။ “ သူ့ဘဝကတော့ တစ်သက်လုံး လွယ်ကူတော့မှာ မဟုတ်ပါဘူး။ သူ့မှာ အာဏာရှိတဲ့ ယောက္ခထီးနဲ့ ယောက်ဖ ရှိတယ် ဆိုတာကို အစ်ကို မေ့နေပြီလား။ သူက သူ့ဇနီးကို မှီခိုပြီး အနုပညာလမ်းကြောင်းကို စခဲ့ရတာ ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျေးဇူးမသိတတ်တဲ့ လူက ဇနီးနဲ့ သားသမီးတွေကို စွန့်ပစ်သွားခဲ့တယ်။ အနုပညာလောကထဲက လူတွေက ကံတရားကို အယုံအကြည်ရှိတယ်မလား။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်ကို ခိုးယူရင် ကိုယ့်ရဲ့ ကံကောင်းမှုတွေ ပျောက်ဆုံးသွားရုံတင် မဟုတ်ဘူး … တခြားလူတွေဆီက ကိုယ် ရထားတဲ့ အခွင့်အလမ်းတွေ ၊ အကျိုးကျေးဇူးတွေကိုလည်း နှစ်ဆ ပြန်ပေးဆပ်ရလိမ့်မယ်။ အဲ့ဒါကို ကံ ကံ၏အကျိုးလို့ ခေါ်တယ်။ ”
++++++