အခန်း ၉၈၇
Vol. 66 Ch. 987
987 01
အခန်း ( ၉၈၇ ) ပစ်မှတ်အသစ်။
စုယန်ယန်က ထိုစကားကို ကြားတော့မှ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် မျက်မှောင်ကြုတ်ပြီး ခပ်တိုးတိုး မေးလိုက်သည်။ “ ဒါနဲ့ သူတို့က ကွာရှင်းပြီးပြီလား။ ”
“ ကွာရှင်းဖို့ လုပ်စရာရှိတာတွေတော့ လုပ်နေကြပါပြီ။ ပိုင်ဆိုင်မှု ခွဲဝေတာနဲ့ ကလေးနှစ်ယောက်ရဲ့ အုပ်ထိန်းခွင့်ကိစ္စကပဲ တော်တော်လေး အခက်တွေ့နေတာပါ။ အမျိုးသမီးဝမ်က တင်းကြွယ်စစ်ကို ဘာပစ္စည်းမှ မပါဘဲနဲ့ ထွက်သွားစေချင်တာတဲ့။ ပြီးတော့ ကလေးအုပ်ထိန်းခွင့်ကိုလည်း သူပဲ လိုချင်တာ။ ”
တင်းကြွယ်စစ်ရဲ့ ဇနီးရဲ့ မျိုးရိုးနာမည်က ဝမ် ဖြစ်ပီ့း တင်းမိသားစုရဲ့ တိုက်ခန်းလေးထံကနေ သူမ ပြောင်းရွေ့ထွက်ခွာလာချိန်က စလို့ လူတိုင်းကို သူမအား အမျိုးသမီးတင်း ဆိုတဲ့ နာမည်အစား မူလနာမည်ကိုပဲ ခေါ်ခိုင်းခဲ့သည်။ သူမ တင်းကြွယ်စစ်နှင့် နှောင်ကြိုးတွေ အကုန်လုံးကို ဖြတ်တောက်ပြီး သူနှင့် ဆက်မပတ်သက်တော့ဖို့ ဆုံးဖြတ်ချက်ချထားတာ သိသာသည်။
အမျိုးသမီးဝမ်ရဲ့ အတွေးတွေကို စုယန်ယန် နားလည်ပေးနိုင်သည်။ သူမတို့နှစ်ယောက်လုံးက မိခင်တွေပဲမို့ အမျိုးသမီးဝမ်ရဲ့ နေရာမှာ သူမသာ ဆိုရင်လည်း သူမဘေးမှာ ဆယ်နှစ်ကျော် အတူရှိလာတဲ့ ယောက်ျားက လူသားမျက်နှာဖုံးတပ်ထားတဲ့ ဆိုးညစ်သော နှလုံးသားရှိသည့် သတ္တဝါကြီးတစ်ကောင် ဆိုတာကို ရုတ်တရက် သိလိုက်ရချိန်မှာ ဘာပဲဖြစ်ဖြစ် သူမရဲ့ ကလေးကို အဲ့ဒီလို လူမျိုးဘေးမှာ အရွယ်ရောက် ကြီးပြင်းခွင့်ပေးနိုင်တော့မှာ မဟုတ်ပါ။
မိဘ ဆိုတာ ကလေးရဲ့ လက်ဦးဆရာလို့ လူတိုင်းက ပြောကြသည်။ အဲ့ဒီလို ရှေ့ဆောင်လမ်းပြမျိုးနှင့် ကလေးက အကျင့်ကောင်းတွေကို သင်ယူနိုင်ဖို့ ဆိုတာ ဆန်းကြယ်ဖြစ်ရပ်ပဲ ဖြစ်ပါလိမ့်မည်။
“ အမျိုးသမီးဝမ်ရဲ့ အဲ့ဒီတောင်းဆိုမှုတွေက အခက်အခဲရှိနေတာလား။ ”
“ အတိုင်းအတာတစ်ခုထိတော့ အခက်အခဲရှိပေမဲ့ ဝမ်မိသားစုရဲ့ အဆက်အသွယ်တွေ ၊ ငွေအင်အားတွေနဲ့ ဆိုရင်တော့ အောင်မြင်မှုက လက်တစ်ကမ်းအလိုမှာပါ။ ”
အဲ့ဒီတော့မှ စုယန်ယန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ သူတို့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ ငါတို့ အဲ့ကိစ္စကို ဖော်ထုတ်မယ်။ လူထုရဲ့ အမြင်မှာ ဘာမှ မဖြစ်ခဲ့ဘူး မဟုတ်လား။ ကွာရှင်းတာတောင် လုပ်ပြီးသွားပြီကို အသေးအဖွဲကိစ္စလို့ ဘယ်လိုလုပ် သတ်မှတ်နိုင်မှာလဲ။ သူတို့က လူတိုင်းကို အရူးတွေလို သဘောထားနေတာ။ သူ့ရဲ့ ဦးနှောက်မရှိတဲ့ ပရိသတ်တွေကိုသာ အရူးလုပ်လို့ ရမယ် ၊ ကျန်တဲ့ လူတွေကို အရူးလုပ်လို့ မရဘူး။ ”
တကယ်တော့ စုယန်ယန်မှာ တင်းကြွယ်စစ်နှင့် ရန်ငြိုးရန်စ သိပ်မရှိပါ။ သူမက ထိုလူ့ကို သဘောမကျရုံသာ။ သူ့ကို မြင်တိုင်း ဟောက်ရှောက်ဖုန်းကို သတိရသည်။ သူက ဟောက်ရှောက်ဖုန်းရဲ့ အနိမ့်စားဗားရှင်း ဖြစ်ကာ သူ့လုပ်ရပ်တွေက သူမကို စိတ်မသက်မသာ ခံစားရစေလေသည်။
“ စကားမစပ် ဝမ်ကျင့်ဖျင်ကရော ဘယ်ရောက်နေတာလဲ။ သူ အခုနောက်ပိုင်း တင်းကြွယ်စစ်နဲ့ အဆက်အသွယ်ရှိလား။ ”
သူတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်က အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့တာပင်။ တင်းကြွယ်စစ်က နာမည်ကြီးသူ ဖြစ်ကာ ဇနီးသည်အပေါ် ဖောက်ပြန်ခဲ့တဲ့ အိမ်ထောင်ရှင်ယောက်ျားတစ်ယောက်မို့ သူ့နောက်ကို လိုက်နေတဲ့ လူတွေလည်း များပြီး သတင်းပေါက်ကြားမှုတွေ အများကြီး ရှိသည်။
အခြားတစ်ဖက်၌ သူတစ်ပါးမိသားစုရဲ့ သာယာပျော်ရွှင်မှုကို ဖျက်ဆီးခဲ့တဲ့ တတိယလူ ဝမ်ကျင့်ဖျင်က လူတိုင်းဆီမှာ အဆဲအဆိုခံရသင့်သော်လည်း မျှော်လင့်မထားစွာဖြင့် သူမက ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။
လူအများရှေ့ကို ငိုငိုယိုယိုနှင့် ထွက်လာပြီး တင်းကြွယ်စစ်နှင့် အဆက်မဖြတ်ပစ်သလို အရင်တုန်းကလိုမျိုး လက်လွတ်စပယ်လည်း ထွက်မလာခဲ့ပါ။ သူမရဲ့ လုပ်ရပ်တွေက မှန်ကန်ကြောင်း သက်သေပြကာ အမှန်တရားကို ပြောင်းလဲဖို့အတွက် သူမရဲ့ ဖြူစင်သော အရိုးခံ မျက်နှာလေးကိုသာ အသုံးပြုဖို့ ကြိုးစားနေခဲ့သည်။
စုယန်ယန်ကတော့ ဝမ်ကျင့်ဖျင်ရဲ့ ဒီလို အပြုအမူနှင့် အသားမကျပေ။ အမျိုးသားဇာတ်လိုက်က လျစ်လျူရှုထားတဲ့အပြင် သူမရဲ့ အမျိုးသမီးဇာတ်လိုက် လင်းရောင်ခြည်တွေကလည်း တဖြည်းဖြည်း လျော့နည်းလာလို့ ကိုယ့်အကြောင်းကိုယ်သိပြီး လူ့ကျင့်ဝတ်အတိုင်း ဘယ်လို လိုက်နာပြုမူရမလဲ ဆိုတာ သဘောပေါက်သွားတာလား … ။
အဲ့ဒါကလည်း ဖြစ်နိုင်ချေတော့ မရှိ။ တကယ်လို့သာ သူမက လူ့ကျင့်ဝတ်ကို နားလည်ရင် သို့ထျန်းယီဆီမှာ လအနည်းငယ်လောက် လျစ်လျူရှုခံလိုက်ရရုံနှင့် သူမရဲ့ အရံလူဖြစ်တဲ့ တင်းကြွယ်စစ်နှင့် အတူအိပ်ဖို့ မစောင့်နိုင်အောင် ဖြစ်နေမှာ မဟုတ်ပါ။
ထိုအချိန်တုန်းက စုယန်ယန်သည် ဝမ်ကျင့်ဖျင်ဟာ သူမရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ သို့ထျန်းယီကို ဆုံးရှုံးလိုက်ရသည်နှင့်တစ်ပြိုင်နက် နောက်ထပ် ယောက်ျားတစ်ယောက်ကို ချက်ချင်း ရှာဖွေလိမ့်မည်ဟု လုံးဝ မထင်ခဲ့ပေ။
987 02
ကင်မရာနောက်ကွယ်က ဒီလို လူမသိတဲ့ အရှုပ်အထွေးတွေ ၊ သရုပ်ဆောင်တဲ့အခါ စိတ်လိုက်မာန်ပါ မလုပ်မိအောင် သူမကို ထပ်တလဲလဲ အကြံပေး တားဆီးတာတွေကြောင့်သာ မဟုတ်ရင် ဝမ်ကျင့်ဖျင်တစ်ယောက် ပြေးထွက်ပြီး ပြဿနာရှာတာ ကြာလှပါပြီ။
ဒီလောက်တောင် ဒုက္ခပေးတဲ့ တင်ဆက်သူကြောင့် ဝမ်ကျင့်ဖျင်ရဲ့ စနစ်လည်း အရမ်း ပင်ပန်းနေလောက်သည်။
“ အခုနောက်ပိုင်း ဝမ်ကျင့်ဖျင် တင်းကြွယ်စစ်ကို သိပ်အဆက်အသွယ်မလုပ်ဘူး။ ကြည့်ရတာ သူ့မှာ ပစ်မှတ်အသစ် ရှိနေပြီ ထင်တယ်။ ”
“ ပစ်မှတ်အသစ် … ” စုယန်ယန် ကြောင်အသွား၏။ မူရင်းဝတ္ထုထဲမှာလည်း အရံလူတွေ အများကြီး ရှိတဲ့ မယ်ရီဆူး ဇာတ်လိုက်မကတော့ ထင်ထားတဲ့အတိုင်းပဲ ရက်ပိုင်းလောက်အတွင်း ပစ်မှတ်အသစ်ကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။
ရုပ်ချောချော အမျိုးသားလေးကို ကာကွယ်ပေးမယ့် ကားကို စွန့်ပစ်ပြီး နောက်လူတစ်ယောက်ဆီ ခုန်ကူးဖို့ သူမ ဆုံးဖြတ်လိုက်တာများလား … ။
မူရင်းဝတ္ထုထဲမှာ ဆိုရင်တော့ ပြဿနာမရှိလောက်ပါ။ မူရင်းဝတ္ထုထဲမှာလည်း ဝမ်ကျင့်ဖျင်က တခြားလူတွေနှင့် ပရောပရီလုပ်တဲ့ အကျင့်ပျက်မိန်းမတစ်ယောက် ဖြစ်သော်လည်း အနည်းဆုံးတော့ သူမရဲ့ နှလုံးသားက ဟောက်ရှောက်ဖုန်းနှင့်သာ သက်ဆိုင်သည်။
တခြားယောက်ျားတွေနှင့် သူမ ဘယ်လောက်ပဲ ပရောပရီလုပ်ပါစေ ၊ တူညီတဲ့ အနေအထားတစ်ခုအတွင်းမှာပဲ ရှိနေပြီး အလွယ်တကူ စည်းမကျော်ခဲ့ပါ။
+++++