← Chapters

အခန်း ၉၈၈

Vol. 66 Ch. 988

အခန်း ၉၈၈

Vol. 66 Ch. 988

988 01

အခန်း ( ၉၈၈ ) လူသားစားပန်းပွင့်။

အရေးကြီးဆုံးကတော့ သူမက ယောက်ျားတွေကို တစ်ယောက်ပြီးမှ တစ်ယောက် ပရောပရီလုပ်ခဲ့တာ ဖြစ်သည်။ အရေးပါတဲ့ အမျိုးသားအရံဇာတ်ကောင်နှင့် အမျိုးသမီးအရံဇာတ်ကောင်တို့ကိုပါ သူမက အဆင့်ဆင့် သိမ်းပိုက်စိုးမိုးထားကာ သူမအပေါ် မညည်းမညူ သစ္စာရှိအောင် လုပ်ထားခဲ့သည်။

အချင်းချင်းရဲ့ ဖြစ်တည်မှုကို သိသွားရင်တောင် သူတို့မှာ တိတ်တိတ်လေး သက်ပြင်းချရုံက လွဲလို့ မတတ်နိုင်ခဲ့ပါ။ သူမက လူကောင်းတစ်ယောက်မို့ သူမကို သဘောကျတဲ့ လူတွေ အများကြီး ရှိတာကပဲ သဘာဝကျသည်။ ပြောရရင် ထိုလူတွေထဲမှာ သူမကို သဘောကျပြီး တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ လူတွေလည်း ရှိသည်။ ကံမကောင်းစွာဖြင့် သူတို့က ရွေးချယ်ခံရတဲ့ ကံထူးရှင်တွေတော့ မဟုတ်။

ထိုအကြောင်းကို စုယန်ယန် သိလိုက်ရချိန်မှာ ထိတ်လန့်သွားခဲ့၏။ ဝမ်ကျင့်ဖျင်အပေါ် သူ့ထက်ငါ အပြိုင်အဆိုင် ရူးသွပ်နေကြတဲ့ ထိုအရံလူတွေက ဇာတ်လိုက်မရဲ့ လင်းရောင်ခြည်မှာ တကယ့်ကို အဆိပ်မိနေပြီပဲလို့ သူမ ခံစားရသည်။

လက်ရှိ အခြေအနေကတော့ မူရင်းဝတ္ထုထဲက အခြေအနေနှင့် ကွာခြားသည်။ သူမက အမျိုးသားလက်တွဲဖော်တွေထဲက တစ်ယောက်ကို ပိုးပန်းလို့ မအောင်မြင်သေးခင်မှာပဲ နောက်တစ်ယောက်နှင့် ပြောင်းပြီး ပရောပရီလုပ်နေပြန်ပါသည်။ အရံလူတွေကို တစ်ယောက်ပြီး တစ်ယောက် ကစားနေတဲ့ ဝမ်ကျင့်ဖျင် အကျနာမှာကို မကြောက်ဘူးလား … ။

စုယန်ယန်က မေးစေ့ကို ပွတ်သပ်ရင်း ခဏလောက် စဉ်းစားကာ အပြုံးလေးဖြင့် မေးလိုက်သည်။ “ သူ့ရဲ့ ပစ်မှတ်အသစ်က ဘယ်သူလဲ။ ”

“ သူတို့ လောလောဆယ် ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲထဲက အမျိုးသားဇာတ်လိုက်ပါ။ ”

“ သူတို့ လောလောဆယ် ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲ … ။ တင်းကြွယ်စစ် သူ့ကို ခေါ်သွင်းပေးခဲ့တဲ့ ဇာတ်လမ်းတွဲကို ပြောတာလား။ ”

“ ဟုတ်ပါတယ်။ ”

“ အံ့ဩစရာရာကောင်းလိုက်တာ။ သူက ဒုတိယ အမျိုးသားဇာတ်လိုက်နဲ့ ပတ်သက်မှုကြောင့် ထုတ်လုပ်ရေးအဖွဲ့ထဲကို ဝင်နိုင်ခဲ့တာကို အဓိက အမျိုးသားဇာတ်လိုက်ဆီ ခုန်ကူးပြီး ပရောပရီလုပ်နေပြန်ပြီတဲ့လား။ သူ့ရဲ့ မြူဆွယ်တဲ့ နည်းလမ်းတွေကတော့ ပြိုင်စံရှားပဲ။ ”

ရှားကျွင်းရှန့်က ထိုစကားကို ကြားသောအခါ ရယ်မောပြီး “ လက်တွဲဖော်အသစ်ရှာတဲ့ နေရာမှာ မိန်းကလေးဝမ်ရဲ့ လက်မြန်ခြေမြန်ရှိတာကို သာမန်လူတွေ မယှဉ်နိုင်ဘူး။ ” ဟု သံယောင်လိုက်၍ ပြောလိုက်သည်။

“ လက်တွဲဖော်အသစ်ရှာတဲ့ နေရာမှာ ” ဆိုတဲ့ အသုံးအနှုန်းက ကွက်တိ သင့်လျော်မှန်ကန်သည်ဟု ပြောလို့ ရသည်။ ဝမ်ကျင့်ဖျင်ကို ဟိုးအရင်ကတည်းက သိလာသော ရှားကျွင်းရှန့်သည် ထိုအမျိုးသမီးနှင့် သူ့ရဲ့ ဘော့စ်အသစ် ၊ သူ့ဘော့စ်အသစ်နှင့် အရင်တုန်းက လက်ထပ်ရန် စေ့စပ်ထားဖူးတဲ့ အမျိုးသားတို့နှင့် ပတ်သက်သော အချစ်အမုန်း ၊ အငြိုးအတေးတွေကိုလည်း အစအဆုံး သိသည်။

အစတုန်းကတော့ သူက ဝမ်ကျင့်ဖျင်ကို ယောက်ျားတွေအပေါ် မှီခိုတဲ့ ကပ်ပါးနွယ်ပန်းပင်တစ်မျိုး ဖြစ်လိမ့်မည် ဟူ၍သာ ထင်မှတ်ထားခဲ့တာပင်။ တကယ်တမ်းမှာ သူမက ယောက်ျားတွေကို အရိုးတောင် ထွေးမထုတ်ဘဲ စားပစ်တဲ့ လူသားစားပန်းပွင့် ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ဝမ်ကျင့်ဖျင် ပစ်မှတ်ထားတာခံလိုက်ရသည်နှင့်တစ်ပြိုင်နက် သူမရဲ့ ခြေတော်ရင်းမှာ အရင်ဆုံး သက်ဆင်းရလိမ့်မည်။ ဘာကိုမှ မသိလိုက်ခင်မှာပဲ ကိုယ့်ရဲ့ တန်ဖိုးတွေအကုန်လုံး ခမ်းခြောက်ပျောက်ကွယ်သွားတဲ့ထိ ညှစ်ယူခံရလိမ့်မည်။ ပြီးရင်တော့ သူမက ထိုလူကို တုံ့ဆိုင်းမှုမရှိ စွန့်ပစ်ပြီး နောက်ထပ် ပစ်မှတ်အသစ်ကို သွားရှာပါလိမ့်မည်။

သေချာ စဉ်းစားကြည့်လိုက်တော့ တကယ့်ကို ကျောချမ်းစရာကောင်းသည်။ သူမ ပစ်မှတ်ထားတာခံရတဲ့ လူက နှစ်ဘဝ ၊ သုံးဘဝစာလောက် ကံဆိုးတဲ့ လူမျိုးပါပဲ။

ဝမ်ကျင့်ဖျင်ရဲ့ နည်းပရိယာယ်တွေကို လက်ဖျားခါနေသော ရှားကျွင်းရှန့်သည် သူ့ရဲ့ ကံကောင်းမှုကိုတော့ လုံးဝ သတိမထားမိချေ။ သူ့ဘော့စ်ရဲ့ အချိန်ကိုက် အကူအညီကြောင့်သာ မဟုတ်ရင် အရိုးကျေ ၊ အရေခမ်းအောင် ညှစ်ယူခံရတဲ့ ပထမဆုံး ပစ်မှတ်က သူ ဖြစ်မှာပါ။

“ အစ်ကိုတောင် သူ့ကို အမြင်ရှိတယ်လို့ ထင်တယ် ဆိုတော့ ဒီတစ်ခေါက် သူ့ပစ်မှတ်အသစ်ရဲ့ မိသားစုနောက်ခံက ဘယ်လိုလဲ။ ”

“ သူတို့ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲရဲ့ အမျိုးသားဇာတ်လိုက်က ယင်မိသားစုရဲ့ ဒုတိယသခင်လေး ယင်ကျစ်ဟုန်‌လေ။ ”

“ ယင်မိသားစု …… ဟုတ်လား။ ”

စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး မူရင်းဝတ္ထုထဲက ဇာတ်ကြောင်းတွေကို ပြန်စဉ်းစားကြည့်လိုက်သည်။ စာအုပ်ထဲမှာ ယင်မိသားစုအကြောင်း မပါသလို ယင်ကျစ်ဟုန် ဆိုတဲ့ နာမည်နှင့် အရေးပါတဲ့ အမျိုးသားဇာတ်လိုက် မရှိတာလည်း သေချာသည်။

988 02

အဲ့တစ်ယောက်က ဇာတ်လမ်းထဲမှာ ပါမလာသေးတဲ့ ၊ ဝမ်ကျင့်ဖျင် ပြုသမျှနုရမယ့် နောက်ထပ် အရံလူတစ်ယောက်လား … ။

ထိုသို့ တွေးကြည့်ရုံနှင့် စုယန်ယန်ရဲ့ နှလုံးသားထဲမှာ ဒိန်းခနဲ တုန်လှုပ်သွားသည်။ ဖုံးကွယ်ထားတဲ့ အရံလူဇာတ်ကောင်တစ်ယောက်ဟာ ဓိကဇာတ်ကောင် အလွယ်တကူ ဖြစ်လာနိုင်တယ် ဆိုတာ ဂိမ်းဆော့ဖူးသူတိုင်း သိသည်။ မဟုတ်မှလွဲရော ဒီသခင်လေးယင်က …

ရှားကျွင်းရှန့်က စုယန်ယန်ရဲ့ စိတ်ရှုပ်ထွေးသွားသော အမူအရာကို မြင်တော့ ကူရှင်းပြလိုက်သည်။ “ ညီမ ယင်မိသားစုအကြောင်းကို မကြားဖူးလောက်ဘူး။ ယင်မိသားစု ဆိုတာ အခြေခိုင်တဲ့ အနုပညာမျိုးရိုး မိသားစုကြီးတစ်ခုပဲ။ မျိုးဆက်တိုင်းနီးပါးမှာ အနုပညာလမ်းကြောင်းပေါ် လျှောက်နေတဲ့ ဆက်ခံသူတွေ ရှိတယ်။ ယင်ကျစ်ဟုန်က ယင်မိသားစုရဲ့ တိုက်ရိုက် ဆက်ဆံသူတစ်ယောက်ပဲ။ သူ့အဘိုးက ကိုယ်ကျင့်သိက္ခာကောင်းပြီး အရည်အချင်းရှိတဲ့ နာမည်ကြီး စီနီယာတစ်ယောက် ၊ သူ့အဘွားကလည်း တစ်ခါတုန်းက ဇာတ်လမ်းတွဲတွေ ရိုက်ဖူးတဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ပဲ။ သူ့မိဘတွေကလည်း အဆိုတော်တွေ ၊ ဖျော်ဖြေရေးသမားတွေပဲ။ ”

“ ယင်ကျစ်ဟုန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက သူ့အဘိုးဆီက ဆင်းသက်လာတာလို့ ပြောကြတယ်။ သူ့အသက်ငယ်ငယ်လေးကတည်းက သရုပ်ဆောင်မှုနယ်ပယ်မှာ လေ့ကျင့်ခဲ့တာတဲ့။ သူ စကားပြောတတ်စအရွယ်ကတည်းက ဇာတ်ညွှန်းတွေကို ဖတ်တတ်နေပြီ ၊ လမ်းလျှောက်တတ်စအရွယ်ကတည်းက သရုပ်ဆောင်တတ်နေပြီ။ ”

စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားသည်။ “ စကားပြောတတ်စအရွယ်ကတည်းက ဇာတ်ညွှန်းဖတ်တတ်နေပြီ ၊ လမ်းလျှောက်တတ်စအရွယ်ကတည်းက သရုပ်ဆောင်တတ်နေပြီတဲ့လား။ အဲ့ကလေးရဲ့ ကလေးဘဝက တော်တော် ခက်ခဲခဲ့မှာပဲ။ ”

+++++

All Chapters