အခန်း ၉၈၉
Vol. 66 Ch. 989
989 01
အခန်း ( ၉၈၉ ) တစ်ခုခု မှားနေပြီ။
“ ညီမပဲ စိတ်ကူးကြည့်။ အစားအသောက်တွေ ပြည့်နှက်နေတဲ့ မနက်စာဝိုင်းမှာ ယင်ကျစ်ဟုန်လေးက ‘ ငါက အစားအသောက်ကြေး(ဂျီး)များတယ် ၊ ငါ စားချင်တဲ့ ဟင်းပွဲလေးက မင်းမှ မင်းပါပဲ ’ လို့ ရုတ်တရက် ထပြောရင် ဘယ်လို နေမလဲ။ ”
“ အဲ့မနက်စာဝိုင်းက လူတွေ မနက်စာရော ဆက်စားနိုင်သေးလား။ ”
“ ဥပမာပြောရရင် သူ့မိဘတွေက လသာဆောင်မှာ ကြယ်တွေကို ကြည့်နေတဲ့အချိန် ယင်ကျစ်ဟုန်လေးက ဝမ်းနည်းလေးနက်နေတဲ့ မျက်နှာနဲ့ ရုတ်တရက် ရောက်လာပြီး သူ့မိဘတွေကို သူနဲ့အတူ နှင်းတွေ ၊ ကြယ်တွေ ၊ လတွေကို ကြည့်ဖို့ ပြောရင် … ၊ ကဗျာတွေနဲ့ ဒဿနိကဗေဒစာအုပ်ထဲက စာပုဒ်တွေကို သူနဲ့အတူ အလွတ်ရွတ်ဖို့ ပြောရင် … ”
“ သူ့မိဘတွေရဲ့ ရိုမန့်တစ်ဆန်တဲ့ ဒိတ်လေးရော ရှေ့ဆက်နိုင်သေးလား။ ”
“ နောက်ထပ်ဥပမာတစ်ခုက လှေကားတွေက ချောနေလို့ လူတစ်ယောက်က မတော်တဆ ချော်ကျပြီး ခြေထောက်ကျိုးသွားတဲ့အချိန်မှာ သူ့ဘေးကနေ စကားသံတိုးတိုးလေး ရုတ်တရက် ထွက်ပေါ်လာတယ် ၊ ‘ မင်းက ခြေထောက်တစ်ဖက်ကိုပဲ ဆုံးရှုံးလိုက်ရတာ ၊ သူမကတော့ အချစ်ကို ဆုံးရှုံးသွားတာ ’ တဲ့။ ”
စုယန်ယန်သည် တစ်ယောက်တည်း စိတ်ကူးကြည့်ရုံနှင့်ပင် ခန္ဓာကိုယ်လေး တုန်ခနဲဖြစ်သွားသည်ထိ ကြောက်လန့်မိသည်။ သူမရဲ့ မိဘတွေသာ သူမကို အဲ့ဒီလိုမျိုး ပျိုးထောင်ခဲ့ရင် သူမ မရူးခင် သူမရဲ့ မိဘတွေ အရင်ဆုံး ရူးသွပ်သွားလောက်သည်။
ရှားကျွင်းရှန့်က သူမရဲ့ အမူအရာကို ကြည့်ပြီး သူမ တစ်စုံတစ်ရာကို တွေးကြည့်နေပြီ ဆိုတာ သိလိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားပြီး ခပ်တိုးတိုး ရယ်ကာ “ အဲ့ဒါက ချဲ့ကားပြောတာသက်သက်ပါ။ ဘယ်သူက အဲ့လောက် အသက်ငယ်တဲ့ ကလေးကို သရုပ်ဆောင်သင်ပေးမှာလဲ။ သီချင်းဆိုတတ်အောင်နဲ့ ဂီတတူရိယာတွေကို တီးတတ်အောင် သင်ပေးတာက ပိုပြီး သင့်တော်တယ်။ သခင်လေးယင် ပထမဆုံး ပွဲဦးထွက်တုန်းက သူက အရမ်းကို အရည်အချင်းရှိပြီး နှိမ့်ချတတ်တဲ့ လူကြီးလူကောင်းလေးပဲ။ ရှားပါးတဲ့ ဂီတတူရိယာမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တယ်။ သူ့မှာ သဘောကျစရာကောင်းတဲ့ သီချင်းဆိုတဲ့စတိုင်လ်လည်း ရှိတယ်။ သူက သူနဲ့ ခေတ်ပြိုင် အမျိုးသားအနုပညာရှင်တချို့ထက် အများကြီး ပိုတော်တယ်။ ”
“ အိုး … ” စုယန်ယန်က မျက်ခုံးပင့်လိုက်သည်။ “ ဒါဆို ကျိုးကြောင်းနည်းလမ်းကျကျ ပြောရရင် သူက တော်တော် နာမည်ကြီးမှာပဲ။ ဘာလို့ ညီမ သူ့နာမည်ကို တစ်ခါမှ မကြားဖူးတာပါလိမ့်။ ”
“ သူ့မိသားစုနဲ့ အဆက်အသွယ်တွေကြောင့်ပေါ့။ သူက အနေအထိုင်သိုသိပ်တယ် ၊ လူများတဲ့ နေရာတွေကို ရှောင်တယ်။ သူ သရုပ်ဆောင်ရမယ့် ပရောဂျက်တွေကိုလည်း သေချာ စဉ်းစားရွေးချယ်ပြီး ရသစုံအစီအစဉ်တွေမှာလည်း ရံဖန်ရံခါလောက်ပဲ ပါဝင်တတ်တယ်။ လူကြီးတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး ရှေးခေတ်ယဉ်ကျေးမှုကို မြှင့်တင်ပေးတယ်။ သူက လူကြားထဲကိုတောင် သိပ်မသွားတတ်တော့ ထုံးစံမပျက် အနုပညာရှင်တွေလို ကောလဟာလတွေ ၊ အတင်းအဖျင်းတွေနဲ့ ပွဲဆူပြီး နာမည်ကြီးတာမျိုး မရှိတာ။ ”
စုယန်ယန်က တွေးတွေးဆဆလေး ရေရွတ်လိုက်သည်။ “ အစ်ကို ပြောသလိုသာ ဆိုရင် အဲ့ဒီ သခင်လေးယင်က တော်တော်လေး ဖြောင့်မတ်တဲ့ပုံပဲ။ ”
“ ဟုတ်တယ်မလား။ ကံဆိုးချင်တော့ ဟိုမိန်းမက သူ့ကို မျက်စိကျနေတယ်။ အနာဂတ်မှာ သူ ဒီလမ်းကြောင်းအတိုင်း ဆက်ထိန်းနိုင်ပါ့မလား ဆိုတာ အစ်ကို စိုးရိမ်တယ်။ ”
ရှားကျွင်းရှန့်က ထိုသို့ ပြောရင်း တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ “ ဒီလို ဆိုတော့မှ တော်တော်လေး ထူးဆန်းတဲ့ ကိစ္စတစ်ခု ရှိတယ်။ ”
“ ဘာလဲ။ ”
“ အစ်ကို ကြားထားသလောက်တော့ ယင်ကျစ်ဟုန်က အစပိုင်းမှာ ဝမ်ကျင့်ဖျင်ကို အမြဲတမ်း လျစ်လျူရှုပြီး ခပ်ခွာခွာနေခဲ့တယ်တဲ့။ သူမနဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ကြားထားတာ ဖြစ်လောက်တယ်။ အဲ့မိန်းမက သူ့ဆီ ချဉ်းကပ်လာပြီး မိတ်ဆွေဖွဲ့တိုင်း သူက အတတ်နိုင်ဆုံး ရှောင်ခဲ့တာ။ ဒါပေမဲ့ ဘာကြောင့်လဲ မသိဘူး ၊ မကြာသေးခင်တုန်းက ယင်ကျစ်ဟုန်ရဲ့ သူမအပေါ် ဆက်ဆံပုံက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူမနဲ့ အပြင်တွေ ဘာတွေတောင် စပြီး သွားနေပြီ။ အရင်တုန်းက တင်းကြွယ်စစ် တာဝန်ယူထားတဲ့ ၊ သူမကို သရုပ်ဆောင်သင်ပေးတဲ့ နည်းပြနေရာကိုတောင် သူက ပြောင်းပြီး တာဝန်ယူထားတယ်တဲ့။ ”
“ အစတုန်းက ထုတ်လုပ်ရေးအဖွဲ့ထဲက သရုပ်ဆောင်တွေက လက်ရှိ ဖြစ်နေတဲ့ ကိစ္စတွေကို သိထားတော့ ဝမ်ကျင့်ဖျင်နဲ့ တင်းကြွယ်စစ် သူတို့ကိုယ်သူတို့ အရူးလုပ်နေတာကို ကြည့်ဖို့ အဆင်သင့်ပြင်ထားခဲ့ကြတာ။ အခုတော့ ဝမ်ကျင့်ဖျင်က ယင်ကျစ်ဟုန်ရဲ့ အထောက်အပံ့ကို ရုတ်တရက် ရသွားတော့ သူတို့တွေ မကျေနပ်ရင်တောင် ဝမ်ကျင့်ဖျင်ကို သူ့ရှေ့မှာ မစော်ကားရဲတော့ဘူး။ သူမရဲ့ နောက်ကွယ်မှာတောင် သူမကို အမှားမလုပ်ရဲဘူး။ ”
989 02
စုယန်ယန်က ရှားကျွင်းရှန့်ရဲ့ စကားကို ကြားတော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ ယင်ကျစ်ဟုန်က ဝမ်ကျင့်ဖျင်ကို အစတုန်းက အမြင်မကြည်ဘူး ၊ ခါးခါးသီးသီးဖြစ်နေတယ်လို့တောင် ပြောလို့ ရပေမဲ့ ဝမ်ကျင့်ဖျင် မယားငယ်လုပ်ပြီး သူများမိသားစုကို နှောင့်ယှက်တဲ့ သတင်းတွေ ထွက်လာတော့မှ ယင်ကျစ်ဟုန်ရဲ့ သဘောထားက ရုတ်တရက် ပြောင်းလဲသွားတယ်လို့ အစ်ကို ပြောနေတာလား။ သူက သူမကို သဘောကျလာပြီး ကူတောင် ကူညီပေးနေတာလား။ ”
“ အစ်ကို ကြားထားတဲ့ သတင်းတွေအရ အဲ့အတိုင်းပဲ။ ”
ဒီတစ်ခေါက်တော့ ရှားကျွင်းရှန့်သာမက စုယန်ယန်လည်း တစ်ခုခုတော့ မှားနေပြီ ဆိုတာကို သဘောပေါက်သွားသည်။
ပုံမှန်မဟုတ်တဲ့ လူက ဝမ်ကျင့်ဖျင်လား … ။ သူမက အတိတ်တုန်းကလိုမျိုး ဇာတ်နာပြပြီး သနားစဖွယ် သရုပ်မဆောင်တော့တာ မဟုတ်ပါ။ သူမ သနားစဖွယ် သရုပ်ဆောင်ပြ ၊ ဇာတ်နာပြတဲ့ ပစ်မှတ်က အများပြည်သူ မဟုတ်တော့ဘဲ သူမရဲ့ ပစ်မှတ်အသစ်လေး ဖြစ်သွားတာပါ။
++++++