← Chapters

အခန်း ၉၉၀

Vol. 66 Ch. 990

အခန်း ၉၉၀

Vol. 66 Ch. 990

990 01

အခန်း ( ၉၉၀ ) သိသာထင်ရှားသော ကွာခြားမှု။

ဒါမှမဟုတ် အမျိုးသမီးဇာတ်လိုက်ရဲ့ လင်းရောင်ခြည် တစ်ဝက်ကျော်ကို သူမ လုယူပြီးသွားလို့လား … ။ ဒါပေမဲ့ သူမရဲ့ အရင်တုန်းက အမျိုးသမီးဇာတ်လိုက် လင်းရောင်ခြည်က အဲ့လောက်တောင် အားကောင်းတာလား … ။

စုယန်ယန်ရဲ့ နှလုံးသားထဲမှာ သံသယတွေ တဖြည်းဖြည်း မြင့်တက်လာကာ သူမကို စိတ်မသက်မသာဖြစ်လာစေခဲ့သည်။

“ ဒီကိစ္စက တကယ်ပဲ နည်းနည်းလေး ထူးဆန်းတယ်။ အရင်ဆုံး တစ်ယောက်ယောက်ကို ဝမ်ကျင့်ဖျင်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ခိုင်းထားလိုက်ပါ။ သူ ထူးဆန်းတာ တစ်ခခုခု လုပ်တာနဲ့ ညီမကို ချက်ချင်း လာပြော။ ” စုယန်ယန်က ရှားကျွင်းရှန့်ကို စိုးရိမ်ပူပန်စွာ သတိပေးလိုက်သည်။ “ သူ အခု ခြေငြိမ်နေပြီ ဆိုတာနဲ့ပဲ အစ်ကို သတိလက်လွတ်မနေနဲ့နော်။ သူက နည်းနည်းလေး ပုံမှန်မဟုတ်ဘူး ဆိုတာကို အစ်ကိုလည်း သတိထားမိမှာပါ။ သူ့ကို မုန်းတဲ့ လူတွေကအစ တစ်နေ့ကျရင် သူ့ကို ရုတ်တရက် ချစ်မိသွားကြတာ။ သူ့ကို ဒီအတိုင်းဆို တားဆီးဖို့ မလွယ်လို့ မျက်ခြေမပြတ်အောင် စောင့်ကြည့်ပြီးတော့ တားဆီးရမယ်။ ”

အဲ့ဒီ ဝမ်ကျင့်ဖျင်ကို စုယန်ယန် ဘာလို့ ဒီလောက် ဂရုစိုက်နေတာလဲ ဆိုတာ ရှားကျွင်းရှန့် သိပ်နားမလည်သော်လည်း စုယန်ယန် ပြောသလိုပဲ လူတချို့က ပင်ကိုသဘာဝအတိုင်းကို နည်းနည်းလေး ပုံမှန်မဟုတ်တာ ဖြစ်သည်။

များသောအားဖြင့် သူတို့က သိုသိုသိပ်သိပ် နေထိုင်တာကြောင့် ဘယ်အချိန်မှာ လျှပ်တစ်ပြက် ခုန်ထွက်လာပြီး ကိုယ့်ကို ကိုက်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ သေစေနိုင်လောက်တဲ့ ထိုးနှက်မှု မဟုတ်ပေမဲ့လည်း အတိုင်းအတာတစ်ခုထိ နာကျင်စေတာမို့ ရှားကျွင်းရှန့် အန္တရာယ်ကို မရင်းချင်ပါ။

ဝမ်ကျင့်ဖျင်ကတော့ သူမနှင့် ယင်ကျစ်ဟုန်ရဲ့ ထူးဆန်းသော အပြုအမူကို လျင်လျင်မြန်မြန် လူသတိထားမိသွားလိမ့်မည်ဟု ထင်မထားလောက်ပေ။ ပြီးတော့ အဲ့ဒါကို သတိထားမိသွားတဲ့ လူကလည်း သူမရဲ့ ရှင်သန်မှုနှင့် သေဆုံးမှုကို အချိန်မရွေး ‌ဆုံးဖြတ်နိုင်သူ ဖြစ်နေသည်။

တင်းကြွယ်စစ်နှင့် သူမကြားက ကောလဟာလက ပြင်းထန်လွန်းတာမို့ အံ့ဩစရာမကောင်းစွာပဲ သူမကို အငိုက်မိသွားစေခဲ့ပါသည်။

ဝမ်ကျင့်ဖျင်သည် သူမရဲ့ အခွံထဲမှာ ရက်အနည်းငယ်ကြာ ပုန်းကွယ်နေခဲ့ရသည်။ သူမအဖို့ ဟေးရီအန်တာတိန်းမန့်ဘက်က ထုတ်ပြန်ချက်ကို စောင့်ရတာ မလွယ်ကူလှပါ။

မူလတုန်းက ဒီပြဿနာဟာ ဒီမှာတင် ပြီးသွားပြီဟုသာ သူမ ထင်မှတ်ထားခဲ့တာ ဖြစ်ကာ ထိုသို့ ဖြစ်ပျက်ပြီး သိပ်မကြာခင်မှာပဲ သူမ ခက်ခက်ခဲခဲ ကြိုးစား၍ ပွဲဦးထွက်ထားရတဲ့ ဇာတ်လမ်းတွဲက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ပိတ်မိသွားလိမ့်မည်ဟု မထင်ခဲ့။

သူမရဲ့ ဇာတ်လမ်းတွဲနှင့်အတူ အော်ပရာမင်းသမီးဇာတ်လမ်းတွဲကိုလည်း တစ်ချိန်တည်းမှာ ထုတ်လွှင့်ခဲ့တာမို့ ရလဒ်တွေကို ကြိုတင်ခန့်မှန်းလို့ ရသည်။

‘ ဧကရီ ’ ဇာတ်လမ်းတွဲရဲ့ အစောပိုင်း ကျော်ကြားမှုက အတော်လေး အားကောင်းတဲ့အပြင် သူတို့ ထိုဇာတ်လမ်းတွဲကို စတင် ရိုက်ကူးတုန်းက သမိုင်းကြောင်းကို ချီးကျူးဂုဏ်ပြုသောအားဖြင့် ရိုက်ကူးသော ဇာတ်လမ်းတွဲပါဟု ပရိုမိုးရှင်းဆင်းခဲ့ကြသည်။

ထို့ပြင် ဝမ်ကျင့်ဖျင်က အပျော်မယားလုပ်တယ် ဆိုတဲ့ ပူပူနွေးနွေး ကောလဟာလကြောင့် လူအာရုံစိုက်ခံနေရပြီး သူမကို ရှေ့ဆုံးတန်းကနေ သပိတ်မှောက်နေတဲ့ လူအနည်းငယ်လည်း ရှိသည်။

ဇာတ်လမ်းတွဲအမျိုးအစားကို စူးစမ်းချင်တဲ့ ကြည့်ရှုသူတွေ ၊ သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့ ကြည့်ရှုသူတွေကတော့ ဒီဇာတ်လမ်းတွဲကို ကြည့်ချင်တာကြောင့် ဧကရီဇာတ်လမ်းတွဲရဲ့ ပထမအကြိမ် ထုတ်လွှင့်ပြသမှုမှာ ကြည့်ရှုသူ စံသတ်မှတ်ချက်တွေ အတော်လေး ကောင်းမွန်ခဲ့သော်လည်း ပရိသတ်တွေကို အလွယ်တကူ အရူးလုပ်လို့ မရပေ။

990 02

ကနဦး ထုတ်ပြန်ချက်ကြောင့် လူစိတ်ဝင်စားသွားပေမဲ့ ဆက်လက်ကြည့်ရှုအောင် ဆွဲဆောင်နိုင်တဲ့ တစ်ခုတည်းသော အရာက ဇာတ်လမ်းတွဲရဲ့ အရည်အသွေးပဲ ဖြစ်သည်။

ပထမဆုံးနေ့ ထုတ်လွှင့်ပြသမှုအပြီးမှာ ဒီဇာတ်လမ်းတွဲဟာ အရင်တုန်းက ထုတ်လွှင့်ပြသဖူးတဲ့ အပေါ်ယံဆန်သော ရှေးခေတ် ဇာတ်လမ်းတွဲ တော်တော်များများနှင့် တူနေတာကို ပရိသတ်တွေက သတိထားမိသွားခဲ့ကြသည်။ ရှေးခေတ်ကို ဇာတ်အိမ်တည်ထားပေမဲ့ မယ်ရီဆူးဇာတ်လိုက်မရဲ့ အချစ်ဇာတ်လမ်းကို အသားပေးတဲ့ ဖန်တရာတေသော ဇာတ်လမ်းပင်။

ယေဘုယအားဖြင့် ပြောရလျှင် ရင်းနှီးမြုပ်နှံမှုကတော့ မနည်းလှပါ။ ဝတ်စုံတွေက ရှုပ်ထွေးပြီး ဆံပင်စတိုင်လ်တွေက မျက်လုံးပြူးချင်စရာကောင်းသည်။ ကြည့်လို့ လှပေမဲ့ တကယ်တမ်းမှာ အပိုတွေ ဖြစ်နေသည်။

ရင်းနှီးမြုပ်နှံငွေတွေကို ထိုအပိုနေရာတွေမှာသာ အကုန်ခံပြီး အရေးအပါဆုံး နေရာကိုတော့ လျစ်လျူရှုထား၏။ ဇာတ်လမ်းက ဘာမှ ထူးခြားမှုမရှိဘဲ သရုပ်ဆောင်ချက်တွေကလည်း ကိုးရိုးကားရားနိုင်သည်။

အခြားတစ်ဖက်၌ အော်ပရာမင်းသမီးဇာတ်လမ်းတွဲအတွက် အနီးအပါး ချန်နယ်တစ်ခု ကြေညာထားတဲ့ ရင်းနှီးမြုပ်နှံမှုက ဧကရီဇာတ်လမ်းတွဲရဲ့ ရင်းနှီးမြုပ်နှံမှုတစ်ဝက်တောင် မရှိပါ။ ရင်းနှီးမြုပ်နှံမှုက မများသော်လည်း ဒီဇာတ်လမ်းတွဲက ကျိုးကြောင်းဆီလျော်မှုရှိတာကို ဘယ်သူမှ မငြင်းနိုင်ပေ။

ပြီးတော့ အနုပညာမှာ နှစ်မြှုပ်ထားပြီး အကောင်းဆုံး ဆိုတာကိုပဲ ရဖို့ အပြင်းအထန် ကြိုးစားတဲ့ ဒါရိုက်တာလော့ပေါင်ကမ်း ရှိနေတာကြောင့် ကိုးရိုးကားရားနိုင်တဲ့ သရုပ်ဆောင်ချက်တွေလည်း လုံးဝ မပါဝင်ပါ။

အကောင်းပေါ် အကောင်းဆင့်သလိုပဲ ကျွမ်းကျင်တဲ့ ပညာရှင်အတိုင်ပင်ခံတစ်ယောက် ဖြစ်သော စုန့်လင်ဟွာလည်း ရှိတာမို့ ထုတ်လုပ်ရေးအဖွဲ့ထဲက ကောင်မလေးတွေပဲဖြစ်ဖြစ် ၊ ကောင်လေးတွေပဲဖြစ်ဖြစ် ရိုက်ကူးရေးလုပ်ရင်း ကိုယ်ဟန်အမူအရာတွေကို သင်ယူနိုင်ပါလိမ့်မည်။

အော်ပရာမင်းသမီးဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေက ယိမ်းနွဲ့သော ခန္ဓာကိုယ်ဟန်လေးတွေနှင့် လမ်းလျှောက်ကြသည်။ သူတို့ရဲ့ ခန္ဓာကိုယ်ဟန်က ကျက်သရေရှိစွာ တည်ငြိမ်ကာ ဂုဏ်သိက္ခာရှိသည်။

ဧကရီဇာတ်လမ်းတွဲထဲက လူတွေရဲ့ လမ်းလျှောက်ပုံကတော့ ရွာဈေးကို သွားနေသလိုမျိုး ပရမ်းပတာနိုင်ပြီး ဆူညံ ပွက်လောရိုက်နေသည်။ မျက်စိနောက်စရာကောင်းနေသည်။

ဇာတ်လမ်းတွဲနှစ်ခုကြားက ကွာခြားမှုက သိသိသာသာ ထင်ထင်ရှားရှားပင်။

+++++

All Chapters