အခန်း ၉၉၁
Vol. 67 Ch. 991
991 01
အခန်း ( ၉၉၁ ) စိတ်ပျက်စရာ အရည်အသွေး။
ရှားနျဉ်ရှီရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ညွှန်းကို အားပေးသည့်အနေဖြင့် စုန့်လင်ဟွာက အဝတ်အစားဒီဇိုင်းနှင့် မိတ်ကပ်နယ်ပယ်မှာ အလုပ်,လုပ်နေတဲ့ သူမရဲ့ သူငယ်ချင်းကို အထူးတလည် ဖိတ်ခေါ်ပြီး တရုတ်ရိုးရာ အော်ပရာယဉ်ကျေးမှုကို မြှင့်တင်ပေးခဲ့တာကိုတော့ ပြောနေစရာတောင် မလိုပါ။
ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေရဲ့ မိတ်ကပ်က ရိုးရှင်းကာ သဘာဝဆန်သော်လည်း သူတို့ရဲ့ ဇာတ်ကောင်နေရာတွေနှင့် အလွန် လိုက်ဖက်ညီကာ ဇာတ်လမ်းတွဲတစ်ခုလုံးရဲ့ အငွေ့အသက်နှင့် သရုပ်ဆောင်တွေရဲ့ အသွင်အပြင်ကို အတိုင်းအတာတစ်ခုထိ ကြွတက်လာစေခဲ့သည်။
ပြင်ပကမ္ဘာက လူတွေရဲ့ မျက်လုံးထဲမှာ ထိုဇာတ်လမ်းတွဲ နှစ်ခုက ရိုက်ကူးရေးစတင်ချိန်ကတည်းက တိတ်တိတ်လေး ပြိုင်ဆိုင်နေတာ ဖြစ်သည်။ မထုတ်လွှင့်ကတည်းက အကျိတ်အနယ် ပြိုင်ဆိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲနှစ်ခုမို့ ထုတ်လွှင့်ပြီးချိန်မှာ အရည်အသွေးတူညီလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ကြသည်။
မျှော်လင့်မထားစွာဖြင့် ပထမဆုံးနေ့မှာကတည်းက လူများစွာသည် ဇာတ်လမ်းတွဲနှစ်ခုရဲ့ အကျိုးအပြစ်တွေကို မြင်သွားခဲ့သည်။
ဝမ်ကျင့်ဖျင်က ဧကရီဇာတ်လမ်းတွဲရဲ့ မြင့်မားသော ကြည့်ရှုနှုန်းတွေကို ဝမ်းသာအားရ ကြည့်ရင်း သူမဟာ မကြာခင်မှာ ကျော်ကြားသော ငွေကြယ်ပွင့် မိန်းမလှလေးတစ်ယောက် ဖြစ်လာတော့မည်ဟု စိတ်ကူးယဉ်ကြည့်မိသည်။ သူမ ဘယ်နေရာကိုပဲ သွားသွား ၊ လူတိုင်းရဲ့ စိတ်အာရုံကို ဖမ်းစားပြီး ပရိသတ်တွေက သူမကို ကြိုဆိုကာ လက်ဆောင်တွေ ပေးလိမ့်မည်။
အဆုံးသတ်မှာတော့ ထိုးကျသွားတဲ့ ကြည့်ရှုနှုန်းနှင့် ဂုဏ်သတင်းကြောင့် ထိုစိတ်ကူးယဉ်မှုက တစ်ရက်သာ ခံပြီး ကြေမွပျက်စီးသွားခဲ့သည်။
ဧကရီဇာတ်လမ်းတွဲ ထုတ်လွှင့်သည့် ဒုတိာမြောက်နေ့မှာ ကြည့်ရှုနှုန်းတွေ ထိုးကျသွားသည်။ ပထမဆုံးနေ့က ကြည့်ရှုနှုန်းရဲ့ တစ်ဝက်တောင် မရှိတော့ဘဲ ဝက်ဘ်ဆိုဒ်အောက်ခြေက ကွန်းမန့်ဆက်ရှင်ထဲမှာ မကောင်းတဲ့ သုံးသပ်ချက်ပေါင်းစုံ ဖုံးလွှမ်းထားခဲ့သည်။ ဇာတ်လမ်းတွဲရဲ့ စံသတ်မှတ်ချက်ကလည်း ပထမဆုံးနေ့တုန်းက ပေးထားတဲ့ အမှတ် ( ၈ ) မှတ်ကနေ ( ၅ ) မှတ်အထိ ချက်ချင်း လျော့ကျသွားပြီး ဆက်တိုက် ထိုးကျနေခဲ့သည်။
[ ဒါက ပိုက်ဆံသန်းချီပြီး ရင်းနှီးမြုပ်နှံထားပါတယ်လို့ အခိုင်အမာ ပြောထားတဲ့ ထုတ်လုပ်ရေးအဖွဲ့ကြီးရဲ့ ဇာတ်လမ်းတွဲပေါ့လေ။ ဟဲဟဲ ၊ ငါ ထင်တာတော့ အဲ့ဒီ အမည်ခံ ထုတ်လုပ်ရေးအဖွဲ့ကြီးက မျက်စိကျိန်းလောက်အောင် တောက်ပြောင်တဲ့ အဝတ်အစားတွေ ၊ လက်ဝတ်လက်စားတွေကို အသုံးပြုပြီး သရုပ်ဆောင်တွေကို မတန်တဆ ပိုက်ဆံပေးခဲ့ရတယ် ထင်တယ်။ ]
[ သူ့ခေါင်းပေါ်က သူဌေးလက်သစ် ဆံပင်စတိုင်လ်က တောင်ပူစာတစ်လုံးလိုမျိူး မောက်တက်နေတာပဲ ၊ ဝတ်ထားတဲ့ ရွှေတွေ ၊ ငွေတွေ ၊ ရတနာတွေကလည်း သေတ္တာတစ်လုံးစာလောက် ရှိတယ် ၊ စတူဒီယိုစတိုင်လ် ပလတ်စတစ် ဝတ်စုံတွေကလည်း တစ်ခါလောက် ဝတ်ပြီး လမ်းလျှောက်ကြည့်ရုံနဲ့ လေးလွန်းလို့ လဲသေနိုင်တယ်။ ရွှေတွေ ၊ ကျောက်စိမ်းတွေကလည်း မျက်စိကန်းလောက်အောင် ပြိုးပြိုးပြက်ပြက် တောက်ပနေပြီးတော့ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ပုံကြီးချဲ့ထားတဲ့ နောက်ခံက ဘယ်လောက်တောင် ငွေကုန်ကြေးကျများလဲ ဆိုတာ သိသာတယ်။ ဇာတ်လမ်းတွဲကောင်းတစ်ခုက ဇာတ်လမ်းကျောရိုးနဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် လူကြိုက်များတာလား ၊ ရှုပ်ယှက်ခတ်နေတဲ့ အပေါ်ယံ ပစ္စည်းတွေကြောင့် လူကြိုက်များတာလား ဆိုတာ အဲ့ဒီ ဒါရိုက်တာတွေ ၊ ထုတ်လုပ်သူတွေ ဘယ်တော့မှ နားလည်မှာလဲ။ ]
[ ငါက ဖြတ်သွားဖြတ်လာ ပရိသတ်တစ်ယောက်ပါ။ ငါ့အိုင်ဒေါက ဒီဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ထားတယ် ၊ ဓာတ်ပုံတွေထဲမှာ မိတ်ကပ်ကလည်း အဆင်ပြေတာနဲ့ ငါ ဓာတ်ပုံကို နှိပ်ပြီး အပိုင်းတစ်ပိုင်းကို ကြည့်လိုက်တယ်။ အလင်းရောင်တွေကြောင့် ငါ မျက်စိကန်းတော့မလို့ပဲ။ အခုခေတ် ဒါရိုက်တာတွေ ၊ စတိုင်လစ်တွေရဲ့ အလှအပစံချိန်စံနှုန်းတွေက ဘာတွေ ဖြစ်ကုန်တာလဲ။ ပရိသတ်တွေက မနေ့တစ်နေ့ကမှ ချမ်းသာလာတဲ့ သူဌေးလက်သစ် အပြင်အဆင်တွေကို သူတို့လိုမျိုး သဘောကျလိမ့်မယ်လို့ ထင်နေတာလား။ ]
[ ပထမဆုံး ပြောရရင် ငါကလည်း ဒီဇာတ်လမ်းတွဲထဲက မင်းသားရဲ့ ဖြတ်သွားဖြတ်လာ ပရိသတ်ပဲ။ သူ့ကို ကြည့်ချင်လို့ ငါ ထူးဆန်းတဲ့ အပြင်အဆင်တွေကို အောင့်အီးသည်းခံပြီး အပိုင်းတစ်ပိုင်း ကြည့်ခဲ့တယ်။ သရုပ်ဆောင်တချို့ရဲ့ ကိုးရိုးကားရားနိုင်တဲ့ သရုပ်ဆောင်ချက်တွေကို ငါ သည်းမခံနိုင်တော့လို့ ဆက်မကြည့်နိုင်ဘူး။ တအား မျက်စိမခံသာစရာကောင်းတယ်။ ]
991 02
[ ဒီဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာက တကယ် အံ့ဩဖို့ကောင်းတယ်။ ဇာတ်လမ်းတွဲထဲက အရံသရုပ်ဆောင် အများစုက ထူးချွန်တဲ့ သရုပ်ဆောင်တွေ ဆိုတာ သူတို့လည်း သိမှာပဲ။ ဝါရင့် သရုပ်ဆောင်တွေ မဟုတ်ရင်တောင် အနည်းဆုံးတော့ သူတို့ သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ဖူးတဲ့ လူတွေဆို သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်က လက်ခံပေးလို့ ရတယ် ဆိုတာ သိတယ်။ အနည်းဆုံးတော့ သူတို့က ပရိသတ်တွေကို အကျိုးသင့်အကြောင်းသင့် ရှင်းပြလို့ မရတဲ့ နည်းလမ်းနဲ့ ဒီဇာတ်လမ်းတွဲကို ဆက်မကြည့်တော့အောင် လုပ်မှာ မဟုတ်ဘူး။ နောက်ဆုံးကျ ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ခြုံကြည့်လိုက်တော့ အဆင်မပြေတော့ဘူး။ သရုပ်ဆောင်တွေကပဲ ဝတ်ကျေတန်းကျေ သရုပ်ဆောင်ထားတာလား ၊ ဒါရိုက်တာကပဲ ဝတ်ကျေတန်းကျေ ရိုက်ထားတာလား။ ]
[ ဒီဇာတ်လမ်းတွဲထဲက ဒိုင်ယာလော့တွေက အရမ်း ကိုးရိုးကားရားနိုင်တယ်လို့ ဘယ်သူမှ မခံစားရဘူးလား။ ငါ ဇာတ်လမ်းတွဲကို ကြည့်ဖို့ နှိပ်လိုက်ပေမဲ့ အရည်အချင်းပြိုင်ပွဲကို ကြည့်မိသလို ဖြစ်သွားတယ်။ ဒိုင်ယာလော့တွေကြောင့် ငါ တကယ် လန့်သွားပြီး ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းဆရာရဲ့ စံချိန်စံနှုန်းတွေကို သံသယဖြစ်မိတယ်။ လူတွေကို ကြက်သီးထစေတဲ့ တစ်ယူသန် စီအီးအိုလို ဒိုင်ယာလော့တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက နာမည်ကြီးခဲ့တာ မဟုတ်ဘူးလား။ ရှေးခေတ်ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးတဲ့အခါ ဒိုင်ယာလော့တွေက ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်ရမယ်လို့ ငါ ထင်တယ်။ သူတို့က ပရိသတ်တွေကို အရူးတွေလို သဘောထားနေတာပဲ။ ]
ကြော်ငြာနှင့် နာမည်ကြီးမှုကြောင့်သာ လာကြည့်ပြီး ဇာတ်လမ်းနှင့် သရုပ်ဆောင်စွမ်းရည်တွေကြောင့် ဆက်ကြည့်ချင်စိတ်ပျောက်သွားတဲ့ သာမှန် ပရိသတ်တွေက လွဲလို့ ပထမဆုံး ထုတ်လွှင့်ပြသတဲ့ နေ့တုန်းက ကြည့်ရှုသူအများစုဟာ ဟေးရီအန်တာတိန်းမန့်ရဲ့ အစောပိုင်း ရှေးခေတ်ဇာတ်လမ်းတွဲရဲ့ ကျော်ကြားမှုကြောင့် အဲ့ဒီလို ဇာတ်လမ်းတွဲကို စိတ်ဝင်စားသွားသော ၊ ရှေးခေတ်ယဉ်ကျေးမှုကို သဘောကျသည့် ပရိသတ်တွေ ဖြစ်သည်။
ထိုလူတွေမှာ ရှေးခေတ်ယဉ်ကျေးမှုအပေါ် စစ်မှန်တဲ့ ခံစားချက်တွေ ရှိသည်။ သူတို့ အကြိုက်ဆုံး အရာတွေ ဖျက်ဆီးခံလိုက်ရတာကို မြင်ချိန်မှာ သူတို့ရဲ့ တုံ့ပြန်မှုက သာမန် ပရိသတ်တွေထက် အဆပေါင်းများစွာ ပိုပြင်းထန်ခဲ့လေသည်။
+++++