အခန်း ၉၉၄
Vol. 67 Ch. 994
994 01
အခန်း ( ၉၉၄ ) လက်စားချေခြင်း။
ကုမ္ပဏီနှစ်ခု သဘောထားကွဲလွဲကာ အငြင်းပွားနေချိန်မှာ ပထမဆုံး လုပ်တဲ့ အရာက ဒါရိုက်တာအဖွဲ့ကို ဥပမာယူတာပဲ ဖြစ်သည်။ ဟေးရီအန်တာတိန်းမန့်က ပန်ယို့အန်းကို လုယူသွားကြောင့် လော့ပေါင်ကမ်းကို စုယန်ယန်ကိုယ်တိုင် ဖိတ်ကြားခဲ့ရသည်။ သူမက ပန်ယို့အန်းကို အနိုင်ပိုင်းခဲ့တာပင်။
လူများစွာက သူတို့ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာက လော့ပေါင်ကမ်း ဆိုတာ သိသွားသော်လည်း လူတစ်ယောက်က ကင်မရာနောက်ကွယ်က ဝန်ထမ်းတွေ ဖြစ်တဲ့ ဇာတ်ညွှန်းဆရာတွေ ၊ အတိုင်ပင်ခံတွေ ၊ စတိုင်လစ်တွေအကြောင်း တမင် မပြောရင် အများစုက သူတို့ကို အာရုံစိုက်ဖို့ တွေးမိမှာ မဟုတ်ပေ။
ဝါရင့်သရုပ်ဆောင်တွေထဲက အများစုက သိုသိုသိပ်သိပ် နေထိုင်ရတာကို အသားကျနေပြီမို့ လူအာရုံစိုက်ခံရတာ မကြိုက်ပါ။ ထို့ကြောင့် အစပိုင်းမှာ ထုတ်လုပ်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ချိန်မှာ လူအာရုံစိုက်ခံရမယ့် ကိစ္စတွေကို ရှောင်ရှားပြီး သူတို့ရဲ့ စီနီယာတွေအား လူတချို့ မနှောင့်ယှက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
အခုတော့ ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသနေပြီ ဖြစ်သည်။ ကိုယ့်ဇာတ်လမ်းတွဲကို ကိုယ်တိုင် ပရိုမိုးရှင်းဆင်းတာက ပရိသတ်တွေ သူတို့ဘာသာ ရှာတွေ့သွားတာနှင့် မတူပါ။
အစပိုင်းမှာ ဇာတ်လမ်းတွဲက မထုတ်လွှင့်ရသေးသလို နာမည်လည်း မရသေးတာကြောင့် ကိုယ်တိုင် ပရိုမိုးရှင်းဆင်းပြီး ကြည့်ရှုမယ့် ပရိသတ်တွေကို ဖိတ်ခေါ်ကာ ကြည့်ရှုနှုန်းစံသတ်မှတ်ချက်တွေကို တိုးအောင် လုပ်ရသည်။
ပရိသတ်တွေက ဇာတ်လမ်းတွဲကို သူတို့ဘာသာ ရှာတွေ့သွားတာကတော့ ထိုဇာတ်လမ်းတွဲဟာ အများပြည်သူရဲ့ မျက်လုံးထဲကို ဝင်ရောက်နေပြီ ဖြစ်ပြီး အတိုင်းအတာတစ်ခုထိ အသိအမှတ်ပြုခံထားရပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။ ထိုအချိန်မှာ ကင်မရာနောက်ကွယ်က အဖွဲ့ကို သိရှိသွားလျှင် အချိုပေါ် သကာလောင်းလိုက်သလိုပဲ ဖြစ်ပါလိမ့်မည်။
ထုတ်လုပ်ရေးအဖွဲ့က အရိုးခံအတိုင်း သိုသိုသိပ်သိပ်နေထိုင်ပြီး လက်တွေ့ကျတဲ့ ကိစ္စတွေကိုသာ လုပ်နေတဲ့အတွက် လူတွေရဲ့ ချီးကျူးမှုကိုလည်း ရနိုင်သည်။
ဝမ်ကျင့်ဖျင်သည် သူမရဲ့ ဇာတ်လမ်းတွဲကို အသုံးမကျဘူးဟု ဝေဖန်ခံနေရတာကို မြင်ချိန်မှာ အလွန် ဒေါသထွက်သွားပြီး ပစ္စည်းတွေကို ပစ်ပေါက်ခွဲပစ်ခဲ့သည်။ အခု သူမပြိုင်ဖက်ရဲ့ ဇာတ်လမ်းတွဲဟာ ကောင်းမွန်သော ဂုဏ်သတင်းနှင့် ချီးကျူးစကားသံတွေကို ဝေဝေဆာဆာ ရရှိနေကြောင်း မြင်လိုက်ရသောအခါ ဒေါသက ငယ်ထိပ်အထိ မြင့်တက်သွားကာ ကြမ်းပြင်ပေါ်မှာ တစ်စစီ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို ပြန်ကောက်ပြီး နောက်တစ်ခေါက် ပစ်ပေါက်ချင်သွားလေသည်။
“ အဲ့အရူးတွေက ဘာက သူတို့အတွက် ကောင်းလဲ ဆိုတာ နားမလည်ဘူး။ ဝါရင့်သရုပ်ဆောင်တွေ ရိုက်ထားတာနဲ့ပဲ ဘာများ ထူးခြားကောင်းမွန်သွားလို့ပဲ။ ဒီတိုင်း အခွင့်ထူးခံဖြစ်နေတာပဲ ရှိတယ်။ ငါ့ရဲ့ ဇာတ်လမ်းတွဲအမျိုးအစားလောက် ကောင်းဦးမလား။ ထင်ထားတဲ့အတိုင်းပဲ အနာဂတ်ခေတ်ရဲ့ နည်းပညာတိုးတက်မှုတွေက နည်းနည်းလေး ရှေ့ရောက်နေပေမဲ့ အနုပညာနဲ့ ပတ်သက်တဲ့ အကြိုက်တွေကတော့ နိမ့်သထက် နိမ့်လာတာပဲ။ သူတို့က ငါ့ဇာတ်လမ်းတွဲကို ကြိုက်ဖို့ လုံးဝ မထိုက်တန်ဘူး။ ”
ဝမ်ကျင့်ဖျင်ရဲ့ စိတ်ထဲက စနစ်ဟာ သူ့ Host ရဲ့ မကျေမနပ် စကားသံတွေကို နားထောင်ရင်း တစ်ခုခု ပြောချင်လာသော်လည်း ပြောလို့ မရပါ။ သူက ခံစားချက်မဲ့တဲ့ အချက်အလက်တွေနှင့် ဖွဲ့စည်းထားသော ကြိုးမျှင်လေးသာ မဟုတ်ရင် သူမကို မျက်လုံးလှိမ့်ပြပြီးနေလောက်ပါပြီ။
သို့သော်လည်း ဝမ်ကျင့်ဖျင်ကတော့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးတောင် သတိကပ်ပုံမရဘဲ တီးတိုး ရေရွတ်နေခဲ့သည်။ “ အဲ့လူတွေက အင်တာနက်ပေါ်မှာ သူတစ်ပါးကို အကြောင်းပြချက်မရှိ လိုက်တိုက်ခိုက်နေကျ အမှိုက်ကောင်တွေပဲ ဖြစ်ရမယ်။ ဟုတ်တယ် ၊ သူတို့က အဲ့လို လူမျိုးတွေပဲ။ မဟုတ်ရင် သူတို့က ဘာလို့ ငါ့ကိုပဲ ပြဿနာရှာပြီး တုန်ချမ်းကိုကျ ဘာလို့ တစ်ယောက်မှ မဝေဖန်တာလဲ။ ဇာတ်လမ်းတွဲနှစ်ခုလုံးက ရှေးခေတ်ဇာတ်လမ်းတွဲတွေပဲလေ။ သူတို့ရဲ့ မိတ်ကပ်တွေ ၊ ဆံပင်စတိုင်လ်တွေ ၊ အဝတ်အစားတွေကအစ ဘာလို့ ငါ့ဇာတ်လမ်းတွဲနဲ့ လိုက်ယှဉ်နေတာလဲ။ အဲ့ဒါက သမိုင်းကြောင်းနဲ့ ဘာဆိုင်လို့လဲ။ အဲ့လူက ဘာလို့ ငါ့ကိုပဲ အမြဲတမ်း ဝေဖန်ပြီး တုန်ချမ်းကိုကျ ဘာလို့ ဘာမှ မပြောတာလဲ။ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ကြိုးကိုင်နေတာပဲ ဖြစ်ရမယ်။ ”
စနစ်က ထိုစကားကို ကြားသောအခါ စိတ်ထဲကနေ ‘ မင်းရဲ့ ဇာတ်လမ်းတွဲက ရှေးခေတ်ယဉ်ကျေးမှုကို သဘောကျတဲ့ ပရိသတ်တွေဆီက အခွင့်အရေးယူချင်ရုံသက်သက်နဲ့ ရှေးခေတ်ကို ဇာတ်အိမ်တည်ထားတာလေ။ တုန်ချမ်းရဲ့ ထုတ်လုပ်ရေးအဖွဲ့က မင်းလောက် ဉာဏ်နီဉာဏ်နက်မများဘူး။ သူတို့က အစကတည်းက ဇာတ်လမ်းနောက်ခံကို အလွတ်အတိုင်း ထားပြီး ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျရှိတဲ့ နောက်ခံအပြင်အဆင်ကို ကျပန်း တည်ဆောက်သွားတာ။ ’ ညည်းတွားလိုက်လေသည်။
994 02
ထက်မြက်တဲ့ ထိုပရော်ဖက်ရှင်နယ်တွေက သူတို့နှစ်ယောက်ကို ပြဿနာမရှာဘဲ ထုတ်လုပ်ရေးအဖွဲ့ကို သွားပြဿနာရှာရင်တော့ အဲ့ဒါက အလိမ်အညာပဲ ဖြစ်ပါလိမ့်မည်။
“ မဖြစ်ဘူး ၊ ငါ ဘာမှ မလုပ်ဘဲ ဒီတိုင်း ထိုင်ပြီး သေမယ့် အချိန်ကို ထိုင်စောင့်နေလို့ မဖြစ်ဘူး။ ငါလည်း အွန်လိုင်းရေတပ်ကို ဝယ်ရမယ်။ ငါ့အတွက် အွန်လိုင်းရေတပ်ကို ဝယ်ပေးဖို့ ငါ့ကုမ္ပဏီကို အကူအညီတောင်းရမယ်။ သုံးသပ်ချင်တွေကိုလည်း ဖျက်ပစ်ရမယ်။ သူတို့ကို ငါ့ကို ဆွဲချခွင့်မပေးနိုင်ဘူး။ ” ဝမ်ကျင့်ဖျင်သည် အသက်ကယ်ကောက်ရိုးမျှင် တစ်မျှင်ကို ဆုပ်ကိုင်မိသွားပုံဖြင့် သူမကို တစ်ဝက်တစ်ပျက် လက်လျှော့ထားတဲ့ မန်နေဂျာထံ အလောတကြီး ဖုန်းဆက်ကာ ဒီပြဿနာကို ဖြေရှင်းပေးဖို့ အကူအညီတောင်းလိုက်သည်။
သူမ မန်နေဂျာဆီ ဖုန်းမဆက်နိုင်သေးခင်မှာ တခြားဖုန်းကောလ် တစ်ခုက ဝင်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ … ။
“ ဟယ်လို မိန်းကလေးဝမ်။ ကျွန်တော် လူကြီးမင်းသို့ရဲ့ လက်ထောက် လီယွဲ့ပါ။ ”
++++