← Chapters

အခန်း ၉၉၆

Vol. 67 Ch. 996

အခန်း ၉၉၆

Vol. 67 Ch. 996

996 01

အခန်း ( ၉၉၆ ) တစ်ခုခု ပုံမှန်မဟုတ်ပါ။

လီယွဲ့က စကားဆုံးသည်နှင့် ဝမ်ကျင့်ဖျင်ကို တုံ့ပြန်ပြောဆိုခွင့်မပေးဘဲ ဖုန်းချပစ်လိုက်သည်။

ဝမ်ကျင့်ဖျင်သည် တစ်ဖက်က ဖုန်းချသွားတဲ့ တတူတူအသံလေးကို ကြားလိုက်ရပြီး သူမရဲ့ မျက်နှာတစ်ခုလုံးက မည်းမှောင်သွားခဲ့သည်။ ခဏလောက် စိတ်ထိန်းထားပေမဲ့ နောက်ဆုံးမှာတော့ သူမကို ဘယ်သူမှ မတားဆီးနိုင်ဘဲ လက်ထဲမှာ ရှိသမျှ ပစ္စည်းတွေအကုန်လုံးကို ပေါက်ခွဲပစ်လိုက်သည်။

ဝမ်ကျင့်ဖျင်က အရာအားလုံးကို ပေါက်ခွဲကာ ဒေါသဖြေပြီးတော့မှ စနစ်ရဲ့ ခေါင်းလေးကို ထပ်မံ လက်ညိုးထိုးကာ အံကြိတ်၍ ပြောလိုက်စည်။ “ အသုံးမကျတဲ့ အမှိုက် ၊ ဒါက နင့်ရဲ့ အမျိုးသားဇာတ်လိုက် ဆိုတဲ့ ကောင်ရဲ့ လုပ်ရပ်ပဲ။ အဲ့ဒါနဲ့တောင် နင်က ငါ့ကို သံယောဇဉ်မပြတ်စေချင်သေးဘူး။ နင်က သူ့ကို ငါ့ကို သတ်စေချင်နေတာလား။ ”

စနစ်က ဝမ်ကျင့်ဖျင်ရဲ့ အရှက်မဲ့သော အပြစ်ပုံချမှုကြောင့် ဒေါသထွက်သွားပြီး အေးစက်စက် ပြန်ပြောလိုက်သည်။ “ ကျေးဇူးပြုပြီး နားလည်ပေးပါ Host ။ ဒုတိယ အမျိုးသားဇာတ်လိုက်ကို Host ကိုယ်တိုင် ရွေးချယ်ထားတာပဲ။ စနစ်နဲ့ ဘာမှ မဆိုင်ဘူး။ ”

ဝမ်ကျင့်ဖျင်က လည်ချောင်းနင်သွားကာ သူမရဲ့ မျက်နှာက လုံးဝကို မည်းမှောင်သွားခဲ့သည်။ “ ငါ ဘယ်နှခါ ပြောပြီးလဲ ၊ ငါ သူ့ကို ဘယ်တော့မှ မရွေးချယ်ခဲ့ဘူး။ နင်တို့ပဲ ဆုံးဖြတ်ပေးခဲ့တာ။ ငါ အဲ့ကိစ္စကို လုံးဝ လက်ခံမှာ မဟုတ်ဘူး။ ”

စနစ်က နှစ်ကြိမ်တိတိ ခပ်တိုးတိုး ရယ်လိုက်ပြီးနောက် အသံတိတ်သွားကာ ဝမ်ကျင့်ဖျင် သူ့ကို ဘယ်လောက်ပဲ ထိုးဆွပါစေ ၊ သူမကို အာရုံမစိုက်ချင်တော့ပေ။

ဝမ်ကျင့်ဖျင်ကတော့ ဘာမှ မတုံ့ပြန်တော့တဲ့ စနစ်ကို မကျေမနပ် ပြောဆိုကာ တစ်ယောက်တည်း ဒေါသတွေထွက်နေခဲ့လေသည်။

သို့သော်လည်း ခုနတုန်းက လီယွဲ့ ပြောသွားတဲ့ စကားကို ပြန်သတိရသွားသောအခါ သူမရဲ့ ကြောက်ရွံ့မှုကို မရပ်တန့်နိုင်တော့ပါ။ ဧကရီဇာတ်လမ်းတွဲအတွက် ရင်းနှီးမြုပ်နှံမှုက ဘယ်လောက်တောင်လဲ ဆိုတာ သူမ အသိဆုံးပင်။

ဝမ်ကျင့်ဖျင်သည် ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆက်တွဲ ကြည့်ရှုနှုန်းတွေက အခြေအနေမကောင်းရင် သူမ ဘယ်လောက်ထိ လျော်ကြေးပေးရမလဲ ဆိုတာ တွေးတောင် တွေးမကြည့်ရဲ။ အဲ့ဒါက ဝမ်ကျင့်ဖျင် လုံးဝ မတွေးကြည့်ရဲတဲ့ အလွန် များပြားသော ပမာဏ ဖြစ်သည်။

“ သူ ဘာလို့ ငါ့ကို ဒီလိုမျိုး လုပ်ရက်ရတာလဲ။ ဘာလို့ ငါ့ကို ဒီလို လုပ်ရက်ရတာလဲ … ” ဝမ်ကျင့်ဖျင်သည် ရင်ဘတ်မှာ လက်နှစ်ဖက်ကို ယှဉ်၍ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေခဲ့သည်။

အခြေအနေတွေဟာ ဘယ်လိုကြောင့် ဒီလို ဖြစ်သွားတာလဲ ဆိုတာ သူမ နားမလည်နိုင်ပါ။ တခြားလူတွေက ချမ်းသာကြွယ်ဝမှု ၊ အောင်မြင်မှုတွေကို အလွယ်တကူ ရှာဖွေနိုင်နေချိန်မှာ သူမကတော့ အကြာကြီး လှည့်ပတ်ပြေးလွှားနေတာတောင် ဘာမှ မရတဲ့အပြင် ကျိန်ဆဲခံရပြီး အကြွေးတွေအများကြီးက ဘာ့ကြောင့်မှန်းမသိ ပခုံးပေါ် ရောက်လာသည်။

ဘာလို့ ဒီလိုမျိုး ဖြစ်ရတာလဲ … ။ သို့ထျန်းယီက အစပိုင်းမှာ သူမအပေါ် အရမ်း ကောင်းပေးခဲ့တာပါ။ သူမ ချက်ပြုတ်တဲ့ ဟင်းလျာတွေကို နှစ်နှစ်ခြိုက်ခြိုက် စားသည် ၊ သူမအတွက် နေရာထိုင်ခင်း စီစဉ်ပေးသည် ၊ ဟောက်ရှောက်ဖုန်းရဲ့ နှောင့်ယှက်မှုကို ရှောင်ရှားနိုင်အောင်ပင် ကူညီပေးခဲ့သည်။

သူမ သူ့ကို ကြောက်ပေမဲ့ သူမအပေါ် သူများတွေနှင့် မတူတဲ့ ဆက်ဆံပုံကြောင့် တိတ်တိတ်လေး ပျော်ခဲ့မိသည်။ ဒါပေမဲ့ ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားရတာလဲ … ။

ဝမ်ကျင့်ဖျင်သည် သို့ထျန်းယီ သူမကို ရုတ်တရက် စွန့်ပစ်လိုက်ရတဲ့ အကြောင်းအရင်းကို အခုထိ နားမလည်နိုင်သေးပေ။ သူမရဲ့ မျက်နှာကိုတောင် မမြင်ချင်တော့တဲ့ထိ ပြဿနာက ဘယ်အချိန်မှာ စတင်ခဲ့တာလဲ … ။

သေချာ စဉ်းစားကြည့်လိုက်တော့ သူမ အောင်မြင်ခါနီး အချိန်တိုင်းမှာ “ မတော်တဆဖြစ်ရပ် ” မျိုးစုံ ရုတ်တရက် ပေါ်ပေါက်လာလေ့ရှိသည်။

တင်းကြွယ်စစ်နှင့် သို့ထျန်းယီက ဒီတစ်ခေါက်မှာ အတူတူပဲ ဆိုပေမဲ့ သေချာ စဉ်းစားကြည့်ရင် ဒီကိစ္စတွေက ဟောက်ရှောက်ဖုန်းဆီကနေ အစပြုလာခဲ့တာလို့ ခံစားရသည်။

ပထမတစ်ခုက အရည်အချင်းစစ်ပြိုင်ပွဲ ဖြစ်ပြီး နောက်တစ်ခုက ဟောက်ရှောက်ဖုန်းရဲ့ အိမ်က မတော်တဆဖြစ်ရပ် ဖြစ်သည်။ လက်ကြီးတစ်ဖက်က အရာအားလုံးကို အစီအစဉ်တကျမဖြစ်အောင် ခြယ်လှယ်ပြီး သူမရဲ့ ကြိုးစားအားထုတ်မှုတွေကို အချိန်နှင့်အမျှ ပျက်စီးအောင် လုပ်နေပုံရသည်။

ပြီးတော့ ထိုလက်ကြီးက ဟောက်ရှောက်ဖုန်းနှင့် အရင်တုန်းက ‌စေ့စပ်ထားတဲ့ မိန်းကလေးစုဆီက ထွက်ပေါ်လာခဲ့ပုံပေါ်သည်။ ဝမ်ကျင့်ဖျင်ရဲ့ သိပ်ဉာဏ်မကောင်းတဲ့ ဦးနှောက်ဟာ ရှားရှားပါးပါး အလုပ်,လုပ်နေခဲ့သည်။

996 02

သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဟောက်ရှောက်ဖုန်း မိန်းကလေးစုနှင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်တဲ့နောက်ပိုင်းမှ အရာအားလုံးက ရုတ်တရက် ပြောင်းလဲသွားခဲ့တာ ဖြစ်သည်။

အဲ့ဒီနောက်ပိုင်း မိန်းကလေးစုဟာ ဟောက်ရှောက်ဖုန်းရဲ့ ဦးလေးနှင့် လက်ထပ်ပြီး အန်တာတိန်းမန့်ကုမ္ပဏီတစ်ခုကို အလွယ်တကူ ရရှိသွားခဲ့သည်။ ထိုအန်တာတိန်းမန့်ကုမ္ပဏီက သူမ ပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ အဓိက ရင်းနှီးမြုပ်နှံသူ ဖြစ်သည်။ ဆက်နေဖို့အတွက် သူမနှင့် အန်တာတိန်းမန့်ကုမ္ပဏီထဲက အနုပညာရှင်တစ်ယောက်နှင့်လည်း ပြဿနာတက်ခဲ့ရသေးသည်။

ထို့နောက် ဟောက်ရှောက်ဖုန်းသည် ဟောက်ကော်ပိုရေးရှင်းထဲကနေ ရုတ်တရက် ကန်ထုတ်ခံလိုက်ရကာ သူ့ရဲ့ အမွေဆက်ခံပိုင်ခွင့်အကုန်လုံး ဆုံးရှုံးသွားခဲ့သည်။

ဟောက်ရှောက်ဖုန်းရဲ့ ဒုက္ခိတဦးလေးရဲ့ ခြေထောက်တွေကလည်း ရုတ်တရက် ပြန်ကောင်းသွားကာ ကုမ္ပဏီကို ဟောက်ရှောက်ဖုန်းအဖေဆီကနေ ပြန်လုယူပြီး သူ့ကို ကုမ္ပဏီထဲက မောင်းထုတ်ပစ်ခဲ့သည်။

စနစ်အရ မူလတုန်းက ဟောက်ရှောက်ဖုန်းက အမျိုးသားဇာတ်လိုက် ဖြစ်သည်။ တခြားတစ်ယောက်က သူ့ကို ဘယ်လိုလုပ် အလွယ်တကူ ကန်ထုတ်ပစ်နိုင်ရတာလဲ … ။

မိန်းကလေးစုနှင့် ဟောက်ရှောက်ဖုန်းရဲ့ ဦးလေးက တစ်ခုခု ပုံမှန်မဟုတ်တာ သေချာသည်။

++++++

All Chapters