အခန်း ၉၉၇
Vol. 67 Ch. 997
997 01
အခန်း ( ၉၉၇ ) ကိုယ့်ကိုယ်ကိုယ် ရောင်းချဖို့ စိတ်အားထက်သန်နေသူ။
ဒါပေမဲ့ စုယန်ယန်က ပုံမှန်မဟုတ်ဘူး ဆိုတာ ဝမ်ကျင့်ဖျင် သိသွားရင်တောင် ဘာလုပ်နိုင်မှာလဲ … ။ စုယန်ယန်ကို ပြဿနာရှာဖို့ နေနေသာသာ ၊ လက်ရှိ အခြေအနေကနေတောင် ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ပါ။
သူမ ပြန်ဆပ်ရတော့မယ့် များပြားလွန်းသော အကြွေးတွေအကြောင်း တွေးမိသောအခါ ဝမ်ကျင့်ဖျင်တစ်ယောက် ကြောက်လည်းကြောက် ၊ ဒေါသလည်းထွက်လာသည်။ သူမ လုပ်နိုင်တာ ဆိုလို့ နောက်ဆုံး ကောက်ရိုးမျှင်လေးကို မျှော်လင့်ချက်တွေ ပုံအောထားဖို့ပဲ ရှိပါသည်။
“ မဖြစ်ဘူး ၊ ငါ ဒီတိုင်း အရှုံးပေးလိုက်လို့ မဖြစ်ဘူး။ အဲ့လောက် ပိုက်ဆံတွေ အများကြီးကို ငါက ဘယ်နေရာက သွားရှာရမှာလဲ။ ”
ဝမ်ကျင့်ဖျင်သည် ဖြူဖတ်ဖြူရော်မျက်နှာနှင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် မျက်လုံးတွေ တောက်ပသွားသည်။ “ ယင်ကျစ်ဟုန် … ။ ဟုတ်တယ် ၊ သူသာ ကူညီပေးမယ်ဆို အခွင့်အရေးရှိသေးတယ်။ ”
ဝမ်ကျင့်ဖျင်သည် တင်းကြွယ်စစ်နှင့် ကိစ္စပြီးပြတ်သွားပြီးနောက် တင်းကြွယ်စစ်ထံက သူမ ရရှိခဲ့တဲ့ နှစ်လိုမှုရမှတ်တွေအကုန်လုံးကို အသိအမှတ်ပြုမှုရမှတ်တွေနှင့် လဲလှယ်ကာ ယင်ကျစ်ဟုန်အပေါ် အသုံးပြုခဲ့သည်။ ထို့ကြောင့်သာ ယင်ကျစ်ဟုန်ရဲ့ သူမအပေါ် ဆက်ဆံပုံက သိသိသာသာ ပြောင်းလဲသွားပြီး သူမကို ရိုက်ကွင်းထဲမှာ နေခွင့်ပေးကာ တင်းကြွယ်စစ်နှင့် အတင်းအဖျင်းတွေကနေ ကာကွယ်ပေးခဲ့တာ ဖြစ်သည်။
အခု ဝမ်ကျင့်ဖျင်မှာ တခြား ရွေးချယ်စရာမရှိတော့ပါ။ ယင်ကျစ်ဟုန်က သူမရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ သူ့ကို ညို့ယူဖမ်းစားပြီး သူမအပေါ် သစ္စာရှိအောင် လုပ်နိုင်ရင် သူမ တစ်ကျော့ပြန် ဦးမော့လာနိုင်ပါလိမ့်မည်။
ဝမ်ကျင့်ဖျင်သည် ထိုအတွေးကြောင့် အံကြိတ်ပြီး အရေးပေါ်နည်းလမ်း တချို့ကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တော့သည်။
စုယန်ယန်ကတော့ ဟေးရီအန်တာတိန်းမန့်ဟာ အလှည့်အပြောင်းတွေကို ကြုံတွေ့ရနေတယ် ဆိုတာ မသိသလို ဝမ်ကျင့်ဖျင်ကလည်း ဆောက်တည်ရာမရဖြစ်နေသော အခြေအနေကို ရောက်အောင် တွန်းပို့ခံလိုက်ရပြီး ထင်မှတ်မထားစွာဖြင့် သူမကို သံသယဝင်နေတယ် ဆိုတာ မသိပေ။
လူပြောများ ရေပန်းစားနေတဲ့ အော်ပရာမင်းသမီးဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမှုနှင့်အတူ စုယန်ယန်သည် မျှော်လင့်မထားတဲ့ ဧည့်သည်တစ်ယောက်ကို ကြိုဆိုခဲ့ရသည်။
“ ဒါရိုက်တာလော့နဲ့ အဒေါ်စုန့်က ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ ” စုယန်ယန်က ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ လူကြီးတွေကို ကြည့်ကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အရင်ဆုံး မေးလိုက်သည်။ “ ဒါက … ”
“ ဥက္ကဌစု ပြန်လာပြီပဲ။ ” စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် ရှားနျဉ်ရှီက ရုတ်တရက် မတ်တပ်ထရပ်ပြီး သူမရဲ့ ဘေးကို ပြေးလာသည်မှာ လော့ပေါင်ကမ်းနှင့် တခြားလူတွေပင် ဘာမှ ပြောချိန် မရလိုက်။ ရှားနျဉ်ရှီရဲ့ မျက်လုံးလေးတွေက တောက်ပနေပြီး အနည်းငယ် ရူးသွမ်းစွာ ပြုံးနေခဲ့သည်။
စုယန်ယန်က သူမရဲ့ ရယ်သံကြောင့် ခန္ဓာကိုယ်ပေါ်မှာ ကြက်သီးမွေးညှင်းထသွားပြီး ချက်ချင်း နောက်ဆုတ်လိုက်မိသည်။
ဒီကောင်မလေး ဘာလို့ ဒီလောက် ပြာယာခတ်နေတာလဲလို့ စုယန်ယန် စဉ်းစားမရဖြစ်နေတုန်းမှာပဲ သူမလေးက အသံတိုးတိုးလေးနှင့် “ တင်ဆက်သူ … ” ဟု စိတ်လှုပ်ရှားစွာ ခေါ်ခဲ့သည်။
စုယန်ယန် : “ … ” ကဲ ၊ အခုတော့ ပဟေဋိကို ဖြေရှင်းပြီးသွားပြီ။ တစ်ယောက်ယောက်က သူမကို သတင်းပေးလိုက်တာပဲ … ။ လန်မိသားစုက ဟိုကလေးရဲ့ ပါးစပ်ကို သူမ အရမ်း မယုံခဲ့သင့်ဘူး။
“ နင် သိသွားတာလား။ နင့်ကို အမျိုးသမီးအန်း ပြောပြလိုက်တာလား။ ”
စုယန်ယန်ရဲ့ စကားက ရှားနျဉ်ရှီရဲ့ စကားကို သွယ်ဝိုက်၍ အတည်ပြုပေးလိုက်တာပဲမို့ သူမရဲ့ မျက်လုံးအရောင်က ပိုတောက်သွားခဲ့သည်။ လူကြီးတွေသာ ရှိမနေရင် သူမ စုယန်ယန်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ခုန်တက်ပြီး အားရပါးရ နမ်းပစ်လိုက်မှာပါ။
ရှားနိဉ်ချီသည် တရစပ် ခေါင်းညိတ်လိုက်ပြီး မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲတက်လာကာ စုယန်ယန်ကို မျက်နှာချိုသွေးလိုက်သည်။ “ ယုံတောင် မယုံနိုင်ဘူး ၊ တကယ်ပဲ အစ်မ ဖြစ်နေတာပဲ။ မဟုတ်ဘူး ၊ တင်ဆက်သူက တုန်ချမ်းကို ပိုင်တာ။ ညီမက တုန်ချမ်းနဲ့ အလုပ်,လုပ်နေတာ ဆိုတော့ တင်ဆက်သူကို ညီမရဲ့ ဘော့စ်အဖြစ် သတ်မှတ်လို့ ရတာပေါ့။ တင်ဆက်သူရဲ့ ကုမ္ပဏီမှာ ဇာတ်ညွှန်းဆရာတွေ လူလိုသေးလားဟင်။ ညီမ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မယူဘဲနဲ့ ဇာတ်ညွှန်းရေးပေးပါ့မယ်။ တစ်နေ့ကို ထမင်းသုံးနပ်ပဲ ကျွေးပါ။ ”
စုယန်ယန်က အကြပ်ရိုက်စွာ ရယ်မောလိုက်သည်။ “ အစ်မတို့ကုမ္ပဏီက တစ်နေ့ကို ထမင်းသုံးနပ်မကျွေးဘူးရယ်။ ”
“ တစ်နေ့ကို ထမင်းတစ်နပ်ပဲ ကျွေးလည်း ရပါတယ်။ ဒါမှမဟုတ် တစ်ပတ်ကို တစ်နပ်ပဲ ကျွေးလည်း ရတယ်။ အဲ့ဒါကိုလည်း ညီမ ပိုက်ဆံနဲ့ ဝယ်စားပါ့မယ်။ စားသောက်ဆိုင်မှာ တစ်ခါလောက် စားခွင့်ရရင် ကျေနပ်ပါပြီ။ ”
997 02
စုယန်ယန် ငြင်းဆန်မှာကို စိုးရိမ်နေတဲ့ ရှားနျဉ်ရှီက ခေါင်းလေးကို မော့ပြီး စုယန်ယန်ကို စိတ်အားထက်သန်စွာ ကြည့်ကာ သူမကိုယ်သူမ အကောင်းဆုံး ပရိုမိုးရှင်းဆင်းနေခဲ့သည်။ “ အရင်တုန်းက တင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ ဝန်ထမ်းတွေရဲ့ အကျိုးအမြတ်ရပိုင်ခွင့်အကြောင်း ပြောဖူးတာပဲ မဟုတ်လား။ ညီမ အများကြီး မတောင်းဆိုပါဘူး ၊ အလကားလည်း မစားပါဘူး။ ပိုက်ဆံပေးမှာပါ။ ညီမ ဝန်ထမ်းအဖွဲ့ထဲကို ဝင်ချင်လို့ပါ။ တစ်ပတ် တစ်ကြိမ် ၊ မဟုတ်ဘူး … တစ်လ တစ်ကြိမ်လောက်ပဲ စားသောက်ဆိုင်မှာ စားချင်တာပါ။ ကျေးဇူးပြုပြီး အလုပ်ကြိုးစားပြီး ချစ်စရာကောင်းတဲ့ ဒီဝန်ထမ်းလေးကို အလုပ်ခန့်ပေးပါ တင်ဆက်သူရယ်။ ”
စုယန်ယန် : “ … ” မဟုတ်သေးဘူး ကောင်မလေး။ နင်က ကိုယ့်ကိုယ်ကိုယ် ရောင်းစားဖို့ အရမ်း စိတ်အားထက်သန်နေတယ် ဆိုတာ နင့်မိသားစုရော သိလား … ။
++++++