အခန်း ၉၉၈
Vol. 67 Ch. 998
998 01
အခန်း ( ၉၉၈ ) အကူအညီတောင်းခြင်း။
နောက်ဆုံးမှာတော့ စုန့်လင်ဟွာက စုယန်ယန်အား အရူးအမူးဖြစ်နေတဲ့ ပရိသတ်တစ်ယောက်ဆီမှာ အလိုက်ခံနေရတဲ့ ကိုးရိုးကားရားနိုင်သော အခြေအနေထဲကနေ သူမကို ကယ်တင်ပေးခဲ့သည်။
“ နင်တို့ အဲ့ဒီမှာ တိုးတိုး တိုးတိုးနဲ့ ဘာတွေ ပြောနေကြတာလဲ။ ငါတို့ကိုလည်း ပြောပါဦး။ ”
အဲ့ဒီတော့မှပဲ စုယန်ယန်က သတိဝင်လာကာ သူတို့ကို အပြုံးယဲ့ယဲ့ဖြင့် ကြည့်လိုက်သည်။ “ ကျွန်မတို့ လတ်တလော ထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲအကြောင်း မိန်းကလေးရှားကို ပြောပြနေတာပါ။ အွန်လိုင်းပေါ်မှာ ဒီဇာတ်လမ်းတွဲရဲ့ သုံးသပ်ချက်တွေက တော်တော်လေး ကောင်းတယ် ၊ ကြည့်ရှုနှုန်းစံသတ်မှတ်ချက်ကလည်း တော်တော်လေး မြင့်တယ်။ အဲ့ဒါတွေက ဒါရိုက်တာလော့ ၊ မိန်းကလေးရှားနဲ့ ကျန်တဲ့ ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ ကျေးဇူးကြောင့်ပါပဲ။ ”
လော့ပေါင်ကမ်းသည် စုယန်ယန်က သူတို့ရဲ့ ဇာတ်လမ်းတွဲကို သေချာ ရိုက်ကူးထားသည်ဟု ချီးကျူးနေတာကို ကြားသောအခါ သူ့အမူအရာက အနည်းငယ် ကျေနပ်သွား၏။ သို့သော်လည်း သူ့ပါးစပ်ကတော့ “ အဓိက,ကတော့ မင်းရဲ့ ကုမ္ပဏီက ရင်းနှီးမြုပ်နှံမှုတွေက နေရာတကျရှိလို့ပါ။ အဲ့လောက် ပိုက်ဆံအများကြီး သုံးထားတော့ ဇာတ်လမ်းတွဲကောင်းကောင်း ထွက်လာတာ ဘာမှ မထူးဆန်းဘူး။ ” ဟူ၍သာ ပြန်ပြောလိုက်လေသည်။
“ ဒါရိုက်တာလော့က နှိမ့်ချလွန်းနေပါပြီ။ အခုခေတ်မှာ ပိုက်ဆံအကုန်ခံရုံနဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုကို ထုတ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ အသုံးမကျတဲ့ ဟိုထုတ်လုပ်ရေးအဖွဲ့ကလည်း ကျွန်မတို့လိုပဲ ပိုက်ဆံအများကြီးသုံးထားတာပဲ။ ဒါပေမဲ့ နောက်ဆုံးကျ ဘာဖြစ်သွားလဲ။ အင်တာနက်ပေါ်မှာ သူတို့ကို ဝေဖန်နေတဲ့ လူတွေမှ အများကြီးပဲ။ အဲ့ဒါက သူတို့မှာ ဦးလေးနဲ့ အဒေါ်စုန့်လို ဒါရိုက်တာကောင်းတွေ ၊ အတိုင်ပင်ခံကောင်းတွေ မရှိလို့ပါ။ သရုပ်ဆောင်တွေက ဘယ်လောက်ပဲ ကောင်းကောင်း ၊ ဇာတ်ညွှန်းက ဘယ်လောက်ပဲ ကောင်းကောင်း ၊ ဒါရိုက်တာနဲ့ အတိုင်ပင်ခံ မကောင်းရင် အဲ့ဇာတ်လမ်းတွဲက ပျက်စီးမှာပဲ။ ”
တစ်စုံတစ်ယောက်က အော်ပရာမင်းသမီးဇာတ်လမ်းတွဲဟာ သုံးသပ်ချက်ကောင်းတွေ အများကြီး ရရှိနေသည်ဟု လာပြောလျှင် နောင်တအရဆုံးဖြစ်မယ့် လူက ပန်ယို့အန်းပါပဲ။ မူလတုန်းက တုန်ချမ်းက သူ့ကို ထိုဇာတ်လမ်းတွဲအား ရိုက်ကူးဖို့ ဖိတ်ခေါ်ထားခဲ့တာ ဖြစ်ပြီး သူ့ဘက်က စာချုပ်ချိုးဖောက်ကာ ဟေးရီနှင့် ပူးပေါင်းသွားခဲ့တာ ဖြစ်သည်။
ပန်ယို့အန်းက အစတုန်းက အော်ပရာမင်းသမီးဇာတ်လမ်းတွဲကို ရိုက်ကူးပေးပါမည်ဟု နှုတ်အပြောဖြင့် သဘောတူခဲ့ပေမဲ့ စာချုပ် မချုပ်ရသေးခင်မှာပဲ ဟေးရီဘက်ကို ခုန်ကူးသွားကာ ဧကရီဇာတ်လမ်းတွဲကို ရိုက်ကူးပါမည်ဟု ကြေညာပြီး ဟေးရီအား တုန်ချမ်းကို ထိုးနှက်နိုင်အောင် ပြောင်ပြောင်တင်းတင်း ကူညီပေးခဲ့သည်။
တကယ်တော့ သူ ခုန်ကူးသွားရတဲ့ အကြောင်းအရင်းကလည်း အလွန် ရိုးရှင်းပါသည်။ တုန်ချမ်းနှင့် ယှဉ်လိုက်လျှင် ဟေးရီအန်တာတိန်းမန့်က သူ့ကို အနုပညာကြေးတွေ ၊ ကတိကဝတ်တွေ ၊ ရက်ရောတဲ့ ဆက်ဆံမှုတွေကို ပိုပေးသည်။
သို့သော်လည်း ထုတ်လုပ်ရေးအဖွဲ့ထဲကို ဝင်ရောက်ပြီးတော့မှ သူ လှည့်စားခံလိုက်ရပြီ ဆိုတာကို သဘောပေါက်သွားခဲ့သည်။
ဟေးရီအန်တာတိန်းမန့်က သူ့ကို အမှန်တကယ်ပဲ အနုပညာကြေးတွေ ပိုပေးပေမဲ့ အပြန်အလှန်အနေဖြင့် ဒါရိုက်တာတစ်ယောက်အနေဖြင့် လုပ်ပိုင်ခွင့်အများစုကို ကန့်သတ်ပစ်ခဲ့သည်။
ဟေးရီရော ၊ တုန်ချမ်းရောက ရှေးခေတ်ဇာတ်လမ်းတွဲကို ပြိုင်တူ ရိုက်ကူးနေသော်လည်း တုန်ချမ်းကတော့ ထုတ်လုပ်ရေးအဖွဲ့ကို ဦးစားမပေးပေ။ ဇာတ်ညွှန်းဆရာတွေက ဇာတ်လမ်းကျောရိုးနှင့် လိုက်လျောညီထွေဖြစ်အောင် ဝင်ရောက်ပြောဆိုပိုင်ခွင့်ရှိပြီး သရုပ်ဆောင်တွေကိုတောင် အစားထိုးနိုင်သည်။
ထုတ်လုပ်ရေးအဖွဲ့ထဲက အခွင့်အာဏာအများစုကို လော့ပေါင်ကမ်းထံ လွှဲထားပြီး သူ့ကို အပြည့်အဝ ယုံကြည်မှုပေးထားသည်။ ဟေးရီကတော့ အဲ့လို မဟုတ်ပါ။ သရုပ်ဆောင်ရွေးချယ်တာအစ ဇာတ်လမ်းကို လိုတိုးပိုလျှော့လုပ်တာအဆုံး ၊ ရိုက်ကူးရေးအတောအတွင်း သဘောထားကွဲလွဲမှုတွေအထိ ဒါရိုက်တာမှာ ဝင်ရောက်ပြောဆိုပိုင်ခွင့်မရှိသလောက်ပင်။
နောက်ဆုံးရလဒ်ကတော့ ဇာတ်လမ်းတွဲက လုံးဝကို ပရမ်းပတာဖြစ်သွားတာပါပဲ။ သေချာ မရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲမို့ ကြည့်ရှုနှုန်းမကောင်းသလို ဟေးရီအန်တာတိန်းမန့်ရဲ့ အခွံသက်သက် ကတိကဝတ်တွေကလည်း အတည်ဖြစ်မလာခဲ့။
998 02
ထို့ပြင် တုန်ချမ်းကို နင်းချေဖို့အတွက် ဟေးရီက ဧကရီဇာတ်လမ်းတွဲကို သူ ရိုက်ကူးတဲ့အကြောင်းကို လူသိရှင်ကြား ကြေညာထားခဲ့သည်။ အပြင်လူတွေက နားမလည်ပေမဲ့ အတွင်းလူတွေကတော့ တစ်ချက် ကြည့်ရုံနှင့် ဖောက်ထွင်းသိမြင်နိုင်သည်လေ။
သူသာ ဒီဇာတ်လမ်းတွဲကို ကောင်းကောင်း ရိုက်ကူးထားရင်တော့ ကိစ္စမရှိပါ။ ပြောရရင် အနုပညာနယ်ပယ်ထဲမှာ ကိုယ်က အမြင့်ရောက်နေလေ ၊ အကျနာလေပါပဲ။ ကိုယ့်ဘက်က ယုံကြည်ချက်အပြည့်ရှိနေရင် ကိုယ် အမှားလုပ်ထားလည်း သိပ်အရေးမကြီးပါ။
ဒါပေမဲ့ အမှန်တရားကတော့ သူဟာ စည်းဖောက်ခဲ့ပြီး လူလှောင်ပြောင်ရယ်မောစရာဖြစ်သွားခဲ့သည်။ သူ့အတွက် ဘယ်လို အနာဂတ်မျိုးက ဆီးကြိုနေမလဲ ဆိုတာ စိတ်ကူးကြည့်လို့ ရသည်။
‘ ကဲ ကဲ ၊ ရှင်တို့နှစ်ယောက် အလုပ်အကြောင်း ကြွားဝါပြောဆိုနေတာ တော်သင့်ပြီ။ ” စုန့်လင်ဟွာသည် သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် ကြွားဝါပြောဆိုနေတာကို သည်းမခံနိုင်တော့ဘဲ ခင်ပွန်းဖြစ်သူကို လှမ်းဆွဲကာ မျက်စောင်းထိုးပစ်လိုက်သည်။ “ ပြောစရာရှိတဲ့ ကိစ္စကို ပြောကြရအောင်။ ”
“ ဟုတ်သားပဲ ဟုတ်သားပဲ ၊ အရေးကြီးတဲ့ ကိစ္စကို ပြောရဦးမယ်။ ” ဇနီးဖြစ်သူထံမှာ မျက်စောင်းထိုးခံလိုက်ရတဲ့ လော့ပေါင်ကမ်းကလည်း ဒီနေ့ လာရင်းကိစ္စကို သတိရသွားကာ ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ ငါတို့ ဒီနေ့ လာခဲ့တာ မင်းကို အကူအညီတောင်းစရာ ကိစ္စတစ်ခုရှိလို့ပါ စုလေး။ ”
“ ဘာများလဲ။ ”
“ ဒီလိုပါ။ ဒီနှစ်ယောက်က ငါတို့နဲ့ နှစ်ချီပြီး သိကျွမ်းရင်းနှီးလာတဲ့ မိတ်ဆွေတွေပဲ။ ” စုန့်လင်ဟွာက သူတို့နှင့် သက်တူရွယ်တူလောက် ရှိသော လူကြီးနှစ်ယောက်ကို ညွှန်ပြကာ မိတ်ဆက်ပေးလိုက်သည်။ “ လွန်ခဲ့တဲ့ ( ၂ ) နှစ်တုန်းက သူတို့မိသားစုထဲက မိန်းကလေးတစ်ယောက်က မတော်တဆမှုတစ်ခုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်။ ငါတို့လည်း တချို့သတင်းလေးတွေ ကြားထားတော့ မင်း သူ့ကို ကူညီပေးနိုင်လောက်မယ် ထင်လို့ပါ။ ”
++++