← Chapters

အခန်း ၁၀၀၀

Vol. 67 Ch. 1000

အခန်း ၁၀၀၀

Vol. 67 Ch. 1000

1000 01

အခန်း ( ၁၀၀၀ ) ကြယ်လေးရဲ့ မကျေနပ်ချက်။

လီအန်းနန်ရဲ့ ဘေးမှာ ထိုင်နေတဲ့ အဘွားလီက ထိုအရာကို မြင်တော့ မြေးမလေးကို ပွေ့ဖက်ကာ နူးညံ့စွာ နှစ်သိမ့်ပေးနေခဲ့သည်။

ဒီလို တုံ့ပြန်မှုမျိုး ရှိ‌လိမ့်မည်ဟု ထင်မှတ်မထားသော စုယန်ယန်က နှာခေါင်းပွတ်ရင်း အိုးတိုးအမ်းတမ်း ပြောလိုက်သည်။ “ ညီမ အဆင်မပြေရင်လည်း ထားလိုက်ပါတော့။ ရတယ်။ ”

သို့သော် အဘိုးလီကတော့ မျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းနေပုံပေါ်သည်။ သူတို့ စုယန်ယန်ရဲ့ အရည်အချင်းကို ဘယ်လောက်ပဲ သံသယဖြစ်ပါစေ ၊ မှုန်ပျပျ မျှော်လင့်ချက်လေးဖြင့် ဒီနေ့ ဒီကို ရောက်လာခဲ့ကြတာ ဖြစ်သည်။ သူမက ဒဏ်ရာတွေကိုတောင် ထုတ်မပြရင် စုယန်ယန်က သူမကို ဘယ်လိုလုပ် ကုသပေးလို့ ရမှာလဲ … ။

အဘိုးလီက ထိုအတွေးကြောင့် ဆက်တုံ့ဆိုင်း‌မနေတော့ဘဲ မြေးမလေးဆီ လျှောက်သွားကာ အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ မိန်းကလေးစုကို ကြည့်ခိုင်းလိုက်ပါ အန်းနန်။ တစ်ခါပဲ ကြည့်ခိုင်းလိုက်ပါ။ မိန်းကလေးစုက တခြားလူ မဟုတ်ဘူး။ သူ့မှာ … သူ့မှာ နည်းလမ်းရှိရင် ရှိနေနိုင်လောက်တယ်။ မကြောက်ပါနဲ့။ အဘိုးနဲ့ အဘွားလည်း ဒီမှာ ရှိတယ်နော်။ ”

စုန့်လင်ဟွာနှင့် ကျန်လူတွေကလည်း အခြေအနေကို ကြည့်ပြီး အမြန် ဝင်ပြောလိုက်ကြသည်။ “ ဟုတ်တယ် အန်းနန်။ သမီး အဆင်‌မပြေရင် အဘွားတို့လည်း ထွက်သွားပေးလို့ ရတယ်။ စုလေးနဲ့ သမီးနဲ့ နှစ်ယောက်တည်းပဲ ကျန်ခဲ့ပြီး သူ့ကို သမီးရဲ့ ဒဏ်ရာတွေကို ကြည့်ခိုင်းလိုက်ပေါ့။ ဟုတ်ပြီလား။ ”

စုန့်လင်ဟွာနှင့် သူမရဲ့ ခင်ပွန်းက အဘိုးလီ ၊ အဘွားလီတို့နှင့် အသိအကျွမ်းဟောင်းတွေ ဖြစ်တဲ့အပြင် တစ်ယောက်နှင့် တစ်ယောက် ဒီနှစ်တွေတစ်လျှောက်လုံး အဆက်အသွယ်မပြတ်ခဲ့တာမို့ အပြန်အလှန် မိသားစုထဲက လူငယ်တွေကို အရမ်း ချစ်သည်။

မဟုတ်ရင် သူတို့ရဲ့ မာနကို နောက်ပို့ပြီး မြေးမလေးအတွက် စုယန်ယန်ဆီ ကိုယ်တိုင်ကိုယ်ကျ ရောက်လာမှာ မဟုတ်ပါ။

လီအန်းနန်ကတော့ ထိုစကားတွေကို ကြားပြီး စိတ်မတည်ငြိမ်ရုံသာမက သူမရဲ့ တုံ့ပြန်မှုက ပိုလို့တောင် ဆိုးလာခဲ့သည်။ ခြုံလွှာရဲ့ အစွန်းတစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေခဲ့သည်။ သူမရဲ့ ပုံစံက အချိန်မရွေး လွှတ်တင်နိုင်တဲ့ ၊ လေးကြိုးအဆုံးထိ ဆွဲထားသော လေးတစ်စင်းနှင့် တူသည်။

လူကြီးတွေက ထိုမြင်ကွင်းကို မြင်သောအခါ နှလုံးသားထဲမှာ ဆစ်ခနဲ နာကျင်သွားပြီး သူတို့အားလုံး ပြိုင်တူ လက်လျှော့လိုက်ကြသည်။

ထိုအချိန်မှာပဲ ရုတ်တရက် ထွက်ပေါ်လာသော ကလေးငိုသံဟာ ဧည့်ခန်းထဲက တင်းမာနေသော လေထုကို ချိုးဖျက်သွားခဲ့သည်။

စုယန်ယန်က ကလေးငိုသံကို ကြားသည်နှင့် ဧည့်သည်တွေကို ဂရုမစိုက်နိုင်တော့ဘဲ ကလေးထိန်းဆီ အမြန် ပြေးသွားကာ ကြယ်လေးကို ပွေ့ချီလိုက်သည်။ “ ဘာဖြစ်လို့လဲကွယ်။ သားက မေမေ့ကို လွမ်းနေတာလား။ မေမေ နမ်းပါရစေဦးကွယ် … အခုတော့ အငိုတိတ်တော့နော်။ ဟုတ်ပြီလား။ ”

ကြယ်လေးရဲ့ စိတ်ခံစားချက်က အပြောင်းအလဲမြန်၏။ စုယန်ယန် သူ့ကို ခဏလောက် ပွေ့ချီပြီး ချော့မြှူလိုက်သည်နှင့်တစ်ပြိုင်နက် အငိုတိတ်သွားပြီး စုယန်ယန်ရဲ့ အင်္ကျီစကို ဆုပ်ကိုင်ထားခဲ့သည်။ သူ့ပုံစံလေးက အလွန် သနားစရာကောင်းပါသည်။

“ ဝုတ် ဝုတ် … ” သွမ်းသွမ်းကလည်း သူ့ရဲ့ ခွေးသားလေး ‘ ထုံထိုင်း ’ ကို စုယန်ယန်ရဲ့ ခြေထောက်နားသို့ သယ်လာပြီး အဆက်မပြတ် ဟောင်နေခဲ့သည်။

ကြယ်လေးက ခွေးဟောင်သံကို ကြားတော့ နောက်တစ်ခေါက် ထပ်ငိုချင်လာပုံဖြင့် မျက်နှာလေး ငိုမဲ့မဲ့ဖြစ်သွားသည်။ သူ့ကို ကြည့်ရတာ မတရားခံနေရတဲ့ ပုံစံမျိုး ဖြစ်သည်။

စုယန်ယန်က သူမရဲ့ သားဖြစ်သူကို ကြည့်ပြီး ချက်ချင်းပဲ စိတ်ပူသွားကာ ခပ်တိုးတိုး မေးလိုက်သည်။ “ သားလေး ဘာလို့ ထပ်ငိုနေပြန်ရတာလဲကွယ်။ သွမ်းသွမ်းနဲ့ တခြားလူတွေက သားကို အနိုင်ကျင့်လို့လား။ မေမေ့ကို ပြော ၊ မေမေက သားရဲ့ ဒေါသတွေကို ဖြေဖျောက်နိုင်အောင် ကူညီပေးမယ်။ ”

1000 02

ကြယ်လေးက သူ့အမေရဲ့ စကားတွေကို နားလည်ပုံဖြင့် ကြာစွယ်လေးနှင့် ဆင်တူသော သူ့လက်ဖောင်းဖောင်းအိအိလေးတွေကို ဝှေ့ယမ်းကာ မကျေမနပ် ပြောဆိုနေသလိုမျိုး အတောမသတ်နိုင်အောင် ငိုနေခဲ့လေသည်။

ဘေးက ကလေးထိန်းက အချိန်မီ လာရှင်းပြသည်။ “ အခုလေးတင်ပဲ ကျွန်မ သခင်လေးကို သခင်မလေး အရင်တုန်းက ဝယ်လာတဲ့ ပန်းရောင်ဘောလုံးလေးနဲ့ ဆော့ဖို့ ခေါ်သွားတာပါ။ သခင်လေးက အဲ့ဘောလုံးလေးကို အရမ်း ကြိုက်တယ်။ သူ နို့သောက်ပြီးတိုင်း အဲ့ဘောလုံးလေးကို ပုတ်နေကျပဲ။ ဒီနေ့ သူ အရမ်း ပျော်နေတာ ထင်တယ် ၊ ဘောလုံးကို ပုတ်လိုက်တာ အားပါသွားလို့ ဘောလုံးက အဝေးကို လွင့်သွားတာ။ အဲ့ဒါနဲ့ ကျွန်မလည်း သူ့ကို ချီပြီး ဘောလုံးကို သွားကောက်ဖို့ လုပ်နေတုန်းမှာပဲ ထုံထိုင်းက ဘယ်ကမှန်းမသိ ရုတ်တရက် ရောက်လာပြီး ဘောလုံးကို ကိုက်ပြီး ထွက်ပြေးသွားတယ်။ သူ အဲ့ဘောလုံးကို ဘယ်နေရာမှာ ဖွက်ထားလိုက်တာလဲ ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားပြီးရှာရှာ ရှာမတွေ့ဘူး။ အဲ့ဒါနဲ့ သခင်လေးက ငိုတော့တာပဲ။ ”

ထိုအဖြစ်အပျက်မျိုးကို မျှော်လင့်မထားသော စုယန်ယန်က ရယ်ချင်သွားပြီး သားဖြစ်သူရဲ့ မျက်နှာဖောင်းဖောင်းလေးကို ငုံ့၍ လက်ဖြင့် ပွတ်လိုက်သည်။ “ ကဲပါ ကဲပါ ၊ အဲ့ဒါက ဒီတိုင်း အရုပ်လေးပါပဲ။ ထုံထိုင်းကိုသာ သားအတွက် အဲ့ဘောလုံးကို ပြန်ရှာခိုင်းလိုက်။ ရှာမတွေ့လည်း ထားလိုက်တော့။ မေမေ သားကို အသစ် ပြန်ဝယ်ပေးမယ်။ သားက အဲ့လို အသေးအဖွဲ့ ကိစ္စလေးနဲ့ ငိုနေတာပဲ။ မေမေ့ရဲ့ ကလေးလေးကို အငိုသန်လိမ့်မယ်လို့ ထင်မထားဘူးကွယ်။ ”

“ ဟွန့် … ” လှောင်ရယ်ခံလိုက်ရတဲ့ ကောင်ကလေးက မကျေမနပ် နှာခေါင်းရှုံ့ပြီးမှ သူ့အမေရင်ခွင်ထဲ တိုးဝင်လိုက်ကာ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းပြန်မော့မလာတော့ပါ။

++++

All Chapters