အခန်း ၁၀၀၂
Vol. 67 Ch. 1002
1002 01
အခန်း ( ၁၀၀၂ ) ထင်ထားတာထက် ပြင်းထန်ခြင်း။
ပထမထပ်ရှိ ဧည့်သည်အခန်းက ဟောခန်းဘေးမှာ ရှိသည်။ စုယန်ယန်က လီအန်းနန်ကို ဧည့်သည်အခန်းထဲ ခေါ်လာကာ အခန်းထဲမှာ ဖွင့်ထားသော ပြတင်းပေါက်တွေကို တစ်ချက် ကြည့်ပြီး ခပ်တိုးတိုး မေးလိုက်သည်။ “ အစ်မ မင်းအတွက် ပြတင်းပေါက်တွေ ပိတ်ပေးရမလား။ ”
လီအန်းနန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး ယဲ့ယဲ့လေး ခေါင်းညိတ်ပြသည်။
စုယန်ယန်အတွက် ပြဿနာမရှိတာမို့ ပြတင်းပေါက်တွေကို သွားပိတ်ပြီး လိုက်ကာတွေကိုပါ ဆွဲလိုက်သည်။
ကံကောင်းစွာဖြင့် ကောင်းကင်က မမှောင်သေးသလို အခန်းထဲက လိုက်ကားတွေက ပါးလျပြီး ဖောက်ထွင်းမြင်နိုင်တာကြောင့် လိုက်ကာတွေကို ပိတ်ထားလျှင်တောင် ခပ်မှိန်မှိန် အလင်းရောင်လေးကနေတစ်ဆင့် အခန်းထဲက ပရိဘောဂတွေ ၊ သူတိုဘေးပတ်လည်က လူတွေရဲ့ မျက်နှာတွေကို သဲကွဲစွာ မြင်နိုင်သည်။
စုယန်ယန်သည် လိုက်ကာတွေကို ဆွဲပိတ်ပြီး ခုတင်ဘက်ကို ပြန်လှည့်လာချိန်မှာ အနည်းငယ် ခေါင်းငုံ့ထားသော လီအန်းနန်ထံမှ “ ကျေးဇူးတင်ပါတယ်။ ” ဟူသော စကားသံကို ကြားလိုက်ရလေသည်။
“ ရပါတယ်။ အစ်မ မင်းကို ဖြည်ပေးရမလား … ဒါမှမဟုတ် မင်းဘာသာ လုပ်မလား … ”
ထိုစကားကို ကြားသည်နှင့် လီအန်းနန်ရဲ့ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားပြီး လက်တွေကိုလည်း ခပ်တင်းတင်း ဆုပ်လိုက်သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ခဏကြာအောင် စိုက်ကြည့်နေမိပြီးမှ လီအန်းနန်ရဲ့ လက်တွေက တုန်ယင်လာပြီး သူမရဲ့ မျက်နှာနှင့် လည်ပင်းကို ဖုံးအုပ်ထားတဲ့ ပတ်တီးတွေကို ဖြည်းဖြည်းချင်း ဖြည်ချခဲ့သည်။
နောက်ဆုံး ပတ်တီးအလွှာကို ဖယ်ရှားပြီးချိန်မှာတော့ သူမရှေ့က မိန်းကလေးရဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေက သူမ ထင်ထားတာထက် ပိုပြင်းထန်ကြောင်း စုယန်ယန် နားလည်သွားသည်။
များပြားလွန်းသော မီးလောင်ဒဏ်ရာတွေဟာ သူမရဲ့ မျက်နှာပေါ်မှာ ပန်းရောင်အမာရွတ်တွေကို ကျန်ရစ်စေခဲ့သည်။ ပါးနှင့် မေးစေ့ရဲ့ အသားအတွင်းပိုင်းထဲမှာလည်း လှုပ်ရှားမှုမရှိ၍ အနည်းငယ် အကြောသေသွားကာ သူမရဲ့ မျက်နှာအစိတ်အပိုင်းတွေကို ပုံပန်းမကျဖြစ်သွားစေခဲ့သည်။
ဒီလို မျက်နှာမျိုးကို ညအချိန်မှာ စိတ်မပြင်ဆင်ထားဘဲ ရုတ်တရက်ကြီး မြင်လိုက်ရပါက စုယန်ယန်တစ်ယောက် ထိတ်လန့်ပြီး အိပ်မက်ဆိုးတွေ မက်ဖို့ များသည်။
သူမရဲ့ ဒဏ်ရာတွေကို ကြည့်ချင်သည်ဟု ပြောတုန်းက အဲ့ဒီလို ဆိုးဆိုးဝါးဝါး တုံ့ပြန်တာ အံ့ဩစရာမရှိပါ။ စုယန်ယန်သာဆိုလျှင်လည်း သူမရဲ့ ရုပ်ရည်သွင်ပြင်က တစ္ဆေသရဲတစ်ကောင်ပမာ ဖြစ်သွားလျှင် တခြားသူတွေကို မြင်စေချင်မှာ မဟုတ်။
မဟုတ်ဘူး … ။ တိတိကျကျ ပြောရလျှင် စုယန်ယန်သာဆိုပါက ဆက်လက်ရှင်သန်ရဲတဲ့ သတ္တိတောင် ရှိပါ့မလား မသေချာပေ။
စုယန်ယန်သည် ခဏလောက် အံ့ဩနေပြီးမှ လီအန်းနန်ဘေးသို့ လျှောက်သွားကာ “ အစ်မ ကိုင်ကြည့်လို့ ရလား။ ” ဟု တိုးတိုး မေးလိုက်သည်။
လီအန်းနန်က လက်သီးကို တင်းကြပ်နေအောင် ဆုပ်ထားခဲ့ပြီး ပက်တီးပြန်ပတ်ချင်စိတ်ကို ချုပ်တည်းထားကာ မသိမသာ ခေါင်းညိတ်ပြသည်။
သူမက စုယန်ယန်နှင့် မျက်လုံးချင်း ရင်မဆိုင်ရဲပေ။ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ၊ စိတ်ပျက်ရွံရှာမှုတွေနှင့် တခြား ခံစားချက်တွေကို မြင်ရမှာ ကြောက်သည်။ သူမရဲ့ အရုပ်ဆိုးဆိုး ပုံပျက်ပန်းပျက် မျက်နှာကို တစ်ဖက်လူ မြင်ရမှာကိုတော့ ပိုကြောက်သည်။
စုယန်ယန်က လီအန်းနန်ရဲ့ ခွင့်ပြုချက်ကို ရသွားသောကြောင့် သူမရဲ့ မျက်နှာကို ထိတွေ့လိုက်သည်။ သူမရဲ့ လက်ချောင်းထိပ်မှာ အဖုအထစ်တွေနှင့် အနည်းငယ် ဖောင်းကြွနေသော အမာရွတ်အသေးစား တချို့ကို ခံစားရသည်။
“ နင့်ခန္ဓာကိုယ်မှာလည်း အမာရွတ်တွေ ရှိလား။ ”
“ အင်း။ ”
“ အရမ်း ဆိုးတဲ့ အမာရွတ်တွေလား။ ”
“ အင်း။ ”
“ နည်းနည်းလေးတော့ အန္တရာယ်များတယ်။ ”
မူလကတည်းက လီအန်းနန်ရဲ့ မျက်လုံးထဲမှာ မှိန်ဖျော့နေတဲ့ အလင်းရောင်လေးက ချက်ချင်းပဲ ပိုမှေးမှိန်သွားသည်။ စုယန်ယန်က အဖြစ်မှန်ကို မဖုံးကွယ်ချင်သလို မဖြစ်နိုင်တဲ့ ကတိတွေကို ပေးပြီး တစ်ဖက်လူကို မနှစ်သိမ့်ချင်ပါ။ ထို့ကြောင့် အမှန်အတိုင်းပဲ ပြောလိုက်သည်။
1002 02
“ နင့်ရဲ့ ဒီအမာရွတ်တွေကို ငါတစ်ယောက်တည်း ကုသပေးဖို့ မဖြစ်နိုင်ဘူး။ နင် ခွဲစိတ်မှုလုပ်မှ ရမယ်။ နင့်မျက်နှာပေါ်က အမာရွတ်တွေကို ကြည့်ရသလောက် အဲ့ဒီတုန်းက နင့်ကို မီးထဲကနေ ကယ်ထုတ်ပြီးနောက်ပိုင်း အရေပြားအစားထိုးခွဲစိတ်မှုကို အမြန် လုပ်ခဲ့တယ် ထင်တယ်။ အဲ့လို လုပ်ခဲ့တာ မှန်တယ်။ နင့်ရဲ့ မီးလောင်ဒဏ်ရာတွေက သိပ်ကို ပြင်းထန်လွန်းတယ်။ တကယ်လို့သာ အနာပြည်ထွက်တာကို ထိထိရောက်ရောက် မတားဆီးခဲ့ရင် နင် အသက်မရှင်နိုင်လောက်ဘူး။ ”
“ ဒါပေမဲ့ အရေပြားအစားထိုးတာက နင့်ရဲ့ ပြင်ပဒဏ်ရာတွေကိုပဲ ကုသပေးနိုင်မှာ။ မီးလောင်ဒဏ်ရာတွေက အရမ်း နက်လွန်းရင် အရေပြားအစားထိုးရုံနဲ့ နင့်ပုံပန်းသွင်ပြင်ကို မူလအခြေအနေအတိုင်း ပြန်ရောက်အောင် မလုပ်နိုင်ဘူး။ အခု နင့်မှာ ရှိတဲ့ တစ်ခုတည်းသော ရွေးချယ်မှုက … ပလတ်စတစ်ဆာဂျရီလုပ်ဖို့ပဲ။ ဒဏ်ရာရထားတဲ့ နေရာတွေကို အသားပြန်ဖြည့်ပြီး အပြင်အရေပြားကို ဆွဲဆန့်ရမယ်။ ”
လီအန်းနန်က ခဏ နှုတ်ဆိတ်နေပြီးမှ “ ကျွန်မလည်း သိပါတယ်။ ဒါပေမဲ့ အဲ့ဒါက အသုံးမဝင်ဘူး။ ” ဟု တီးတိုး ပြန်ပြောသည်။
ဒီနှစ်တွေတစ်လျှောက်လုံးမှာ သူမရဲ့ မိသားစုက သူမရဲ့ ထိခိုက်ဒဏ်ရာတွေနှင့် မျက်နှာကို ကယ်တင်ပေးဖို့အတွက် ပိုကောင်းတဲ့ ဆေးကုသမှုကို ရှာဖွေဖို့ တစ်ခါမှ လက်မလျှော့ခဲ့ပါ။ စုယန်ယန် ပြောတဲ့ စကားကို ဆရာဝန်များစွာဆီကလည်း သူမ ကြားဖူးသည်။
++++