အခန်း ၁၀၀၃
Vol. 67 Ch. 1003
1003 01
အခန်း ( ၁၀၀၃ ) စကားအမှား။
တူညီတဲ့ ငြင်းဆန်မှုဟာ ‘ ပလစ်စတစ်ဆာဂျရီလုပ်ပြီးသွားရင် အမာရွတ်တွေ ကျန်ခဲ့လိမ့်မယ် ’ ဟူသော တူညီတဲ့ ဝတ်ကျေတန်းကျေ စကားနောက်မှာ အမြဲတမ်း လိုက်ပါလာလေ့ရှိသည်။
အဲ့ဒါက သူမ ဆိုးဆိုးဝါးဝါး မီးလောင်သွား၍ အရေပြားအစားထိုးခွဲစိတ်မှု လုပ်ခဲ့ရတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ အမာရွတ်တွေ ရလာပုံနှင့် တူညီသည်။ သူမက လူတစ်ယောက်နှင့် မတူတော့ဘဲ ကျိုးပဲ့ပျက်စီးနေသော အရုပ်တစ်ရုပ်ကို ချုပ်ရိုးနှင့် တွယ်ချုပ်ထားသလို ပုံစံပေါက်သွားခဲ့သည်။
ပလတ်စတစ်ဆာဂျရီ ဆိုတဲ့ အလှအပခွဲစိတ်ကုသမှုကလည်း တစ္ဆေသရဲတစ်ကောင်နှင့် တူနေတဲ့ သူမရဲ့ အသွင်အပြင်ကို သိပ်ကြောက်စရာမကောင်းတော့အောင် လုပ်ပေးရုံထက် မပိုပါ။
“ နင်က ခွဲစိတ်မှုလုပ်ပြီးသွားရင် ကျန်ခဲ့မယ့် အမာရွတ်တွေကို ပြောနေတာလား။ အမာရွတ်တွေ ကျန်ခဲ့မှာကိုတော့ ရှောင်လွှဲလို့ မရဘူးပေါ့။ ပြောရရင် နင့်ခန္ဓာကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေက အရေပြားအောက်က ဟိုးအတွင်းထဲ တစ်သျှူးတွေထိ နစ်ဝင်နေတာ။ နင့်လို အရင်တုန်းကလို တစ်ပုံစံတည်း ပြန်ဖြစ်အောင် ကုသပေးလို့တော့ မရဘူး။ ဒါပေမဲ့ အမာရွတ်တွေကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ကုသလို့တော့ ရသေးတယ်။ ”
လီအန်းနန်ရဲ့ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်ယင်သွားကာ အံ့ဩမှု ၊ မျှော်လင့်ချက်တို့နှင့် ပြည့်နှက်နေသော မျက်လုံးလေးများဖြင့် စုယန်ယန်ကို ကြည့်သည်။ “ ညီမရဲ့ အကျည်းတန်တဲ့ ဒီအမာရွတ်တွေကို ဖယ်ရှားလို့ ရတယ်လို့ အစ်မ ပြောတာလားဟင်။ ”
“ အပြည့်အဝ ဖယ်ရှားလို့ ရမယ်လို့တော့ အာမ,မခံနိုင်ဘူး။ ” စုယန်ယန်က သူမရဲ့ မျက်နှာပေါ်က အမာရွတ်တွေကို ကြည့်လိုက်သည်။ “ ဒါပေမဲ့ တဖြည်းဖြည်း ပါးသွားအောင်တော့ လုပ်လို့ ရလောက်မယ် ထင်တယ်။ ”
“ ပါးသွားအောင် လုပ်လို့ ရမယ် …… ” လီအန်းနန်ရဲ့ လက်သီးဆုပ်လေးတွေက တင်းကြပ်သွားသည်။ “ ဘယ် … ဘယ်အတိုင်းအတာထိလဲဟင်။ ”
“ ငါလည်း အတိအကျတော့ မပြောတတ်ဘူး။ ဒါပေမဲ့ မိတ်ကပ်နဲ့ ဖုံးလို့ ရတဲ့ အနေအထားထိ ပါးသွားအောင်တော့ လုပ်လို့ ရမှာပါ။ ”
လီအန်းနန်သည် ထိုစကားကို ကြားသောအခါ သူမရဲ့ စိတ်ကို ဆက်မထိန်းချုပ်နိုင်တော့ဘဲ ဖျတ်ခနဲ မတ်တပ်ရပ်ပြီး စုယန်ယန်ကို ပူနွေးစိုစွတ်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ “ တကယ်လားဟင်။ ”
စုယန်ယန်က မျက်လုံးလှိမ့်လိုက်သည်။ သူမ လီအန်းနန်အား ဒီအကြောင်းအရာကို ရှည်ရှည်ဝေးဝေး ရှင်းမပြချင်ပါ။
ဝါရင့်ဆရာဝန်ကြီးတွေတောင် ရောဂါတိုင်းကို ထိထိရောက်ရောက် ကုသနိုင်သည်ဟု အာမခံလေ့မရှိ။ အထူးသဖြင့် လီအန်းနန်ရဲ့ နဂိုအတိုင်း ပြန်မကောင်းနိုင်တဲ့ ပြင်ပဒဏ်ရာမျိုးတွေကို ဖြစ်သည်။
“ ငါက လေလုံးထွားပြီး နင့်ကို အရူးလုပ်နေတယ်လို့ ထင်ရင် ငါ့ကို မယုံလို့ ရပါတယ်။ ”
လီအန်းနန်က ခဏကြာအောင် တိတ်ဆိတ်သွားသည်။ စုယန်ယန်ကတော့ သူမဟာ ခုနတုန်းက သူမရဲ့ မျက်နှာကို တခြားသူတွေအား မပြချင်ခဲ့သလိုမျိုး အခုလည်း အချိန်တစ်ခုကြာအောင် ငြင်းဆန်လိမ့်မည် ၊ သို့မဟုတ် လေးလေးနက်နက် စဉ်းစားနေလိမ့်မည်ဟု ထင်နေတုန်းမှာပဲ အက်ကွဲသော စကားသံကို ကြားလိုက်ရသည်။ “ အစ်မက ချီလွေ့နဲ့ ကျင်းယို့ရဲ့ ဝေဒနာတွေကို ကူညီကုသပေးခဲ့တာ မဟုတ်လား။ ”
စုယန်ယန် ဆွံ့အသွား၏။ နျဉ်ချီလွေ့ကို လီအန်းနန် သိလိမ့်မည်ဟု သူမ မျှော်လင့်မထားပါ။ ဒါပေမဲ့ …
“ ကျင်းယို့ … ဟုတ်လား။ ” သူမ သိတဲ့လူတွေထဲမှာ အဲ့နာမည်နဲ့ တစ်ယောက်ယောက် ရှိလို့လား။
စုယန်ယန် စိတ်ရှုပ်ထွေးသွားတာကို မြင်တော့ လီအန်းနန်ရဲ့ အမူအရာက အနည်းငယ် ပျော့ပြောင်းသွားကာ ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ ကျင်းယို့နဲ့ ချီလွေ့က တော်တော်လေး ခင်တဲ့ သူငယ်ချင်းတွေလေ။ သူ အစ်မကို ဆေးရုံမှာ လာရှာဖူးတယ်တဲ့ … အစ်မက သူ့ရဲ့ … အဲ့ဒီဟာကို ကုသပေးခဲ့တယ်တဲ့။ ”
“ အဲ့ဒီဟာ …… ”
“ ဟုတ်တယ်။ အဲ့ဒီအချိန်တုန်းက သူက အဲ့ဒီဟာမှာ အဆင်မပြေတာ အချိန်တစ်ခု ကြာနေပြီ။ ”
စုယန်ယန်သည် “ သူက အဲ့ဒီဟာမှာ အဆင်မပြေဘူး ” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို စက္ကန့်အနည်းငယ် ကြာတော့မှ သဘောပေါက်သွားကာ နောက်ဆုံးတော့ လီအန်းနန် ပြောတဲ့ ကျင်းယို့ကိုလည်း မှတ်မိသွားလေသည်။
“ ဪ … သူလား။ ” စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ရယ်ချင်စိတ်ကို ထိန်းမရတော့ဘဲ ရယ်ချလိုက်မိသည်။ “ သူ အခုရော ဘယ်လို နေလဲ။ သူ့ရဲ့ အဲ့ဒီ … အဟမ်း အဟမ်း … ”
1003 02
လီအန်းနန်နှင့် စုယန်ယန်သည် ထိုအကြောင်းအရာကို ဆွေးနွေးချိန်မှာ ပုံမှန်မဟုတ်စွာပဲ တည်ငြိမ်အေးဆေးနေခဲ့ပြီး လီအန်းနန်က တည်ငြိမ်စွာ ပြန်ပြောသည်။
“ သူ အခု တော်တော်လေး အဆင်ပြေနေပါတယ်။ အရင်တုန်းကတော့ ကောင်မလေးတွေနဲ့ အရမ်း ပွေရှုပ်ပြီး ရည်းစားထည်လဲတွဲခဲ့တာလေ။ သူ ခြေငြိမ်တဲ့နေ့ဆိုတာ တစ်နေ့မှ မရှိခဲ့ဘူး။ ရည်းစားမရှိရင် သူ့မှာ သေတော့မလိုပဲ။ ချီလွေ့ကတော့ သူ့ကို လူရှုပ်လူပွေ ဆိုပြီး မကြာခဏ ဆူခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်နောက်ပိုင်း သူ ရုတ်တရက် စိတ်ပြောင်းသွားပြီး သူ့စရိုက်ကို ပြင်ခဲ့တယ်။ လွန်ခဲ့တဲ့ ( ၁ ) နှစ် ၊ ( ၂ ) နှစ်အတွင်း သူ ရည်းစားသိပ်မထားခဲ့ဘူး။ သူ အဲ့လို အရှုပ်အရှင်းကင်းတာ အရမ်း ရှားတယ်။ ”
ထိုကိစ္စကြောင့်သာ မှားယွင်းနေတဲ့ တစ်စုံတစ်ခုကို သူတို့လည်း သတိပြုမိခဲ့မှာ မဟုတ်ပေ။
စုယန်ယန်က လီအန်းနန်ရဲ့ စကားကို ကြားတော့ မျက်ခုံးပင့်ပြီး “ သူက မင်းကို ဒီလို ကိစ္စမျိုးတောင် ပြောပြတယ်ဆိုတော့ မင်းတို့ အတော်လေး ခင်တယ် ထင်တယ်။ ” ဟု အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။
ဒါက ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေတဲ့ ကိစ္စ ဖြစ်ပါသည်။ ဖြစ်ပျက်သွားတဲ့ ရုတ်တရက်ဆန်လွန်းသောကြောင့် လူအများစုမှာဆို ထိုကိစ္စကို ဖုံးကွယ်ဖို့ အချိန်တောင် မရှိလောက်ပါ။ ဒါပေမဲ့ သူကတော့ မိန်းကလေးသူငယ်ချင်းတွေကို ဘာလို့ ပွင့်ပွင့်လင်းလင်း ပြောပြတာပါလိမ့် … ။
“ ညီမတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့တာလေ။ အဲ့ကိစ္စကို သူ့ပါးစပ်က လွှတ်ခနဲ ပြောမိသွားတယ် ဆိုပါတော့။ ”
စုယန်ယန်က သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားကာ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ “ ဒါဆို နင်က သူတို့ဆီကနေ ငါ့ကို သိပြီး လာရှာတာလား။ ”
+++++