← Chapters

အခန်း ၁၀၀၅

Vol. 67 Ch. 1005

အခန်း ၁၀၀၅

Vol. 67 Ch. 1005

1005 01

အခန်း ( ၁၀၀၅ ) နူးညံ့ကြင်နာသော စိတ်နှလုံး။

တကယ်တော့ သူမလည်း လူတွေရဲ့ နှစ်သက်အားပေးမှုကို ရခဲ့ပါသည်။ သူမရဲ့ အဆိုစွမ်းရည်‌ကြောင့် သူမကို သဘောကျသူတွေ ၊ အားပေးသူတွေ တစ်ယောက်ပြီး တစ်ယောက် တိုးလာခဲ့သည်။ အိမ်ကိုလည်း ဆုတံဆိပ်တွေ တစ်ဆုပြီး တစ်ဆု ယူလာပြီး မိသားစုက သူမအား အိပ်မက်နှင့် တဖြည်းဖြည်း နီးကပ်လာပြီဟု သတ်မှတ်ခဲ့ကြသည်။

သို့သော်လည်း မီးလောင်မှုကြီးတစ်ခုကြောင့် ထိုအရာတွေအားလုံးဟာ နောက်ဆုံးမှာ သုညအထိ လောင်ကျွမ်းပြာကျသွားခဲ့ရသည်။

လီအန်းနန်သည် ထိုမတော်တဆမှုနောက်ပိုင်းမှာ ဘာမှ မစားဘဲ အစာငတ်ခံဖူးသည် ၊ လက်ကောက်ဝတ်ကို ဓားနှင့် လှီးဖူးသည်။ အထပ်မြင့်အဆောက်အအုံပေါ်က ခုန်ချဖို့တောင် ကြိုးစားတာကို အချိန်မီ တားဆီးခံခဲ့ရတာပင်။

လီအန်းနန်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ထပ်တလဲလဲ ကြိုးစားသော်လည်း မအောင်မြင်တဲ့နောက် ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ အမေဖြစ်သူကို ကြည့်မိသည်။ သူမရဲ့ အဖေကလည်း တစ်ညအတွင်း အများကြီး အသက်ကြီးရင့်သွားကာ ခါးပင် ကုန်းနေခဲ့သည်။

သူမရဲ့ မိဘတွေက သူမကို ငရဲတံခါးဝကနေ ဆွဲထုတ်ဖို့အတွက် ဘယ်လောက်တောင် ပင်ပန်းနေရလဲဆိုတာ သူမ ရုတ်တရက် သဘောပေါက်သွားသည်။ သူတို့က သူမအား ဘဝကို အလွယ်တကူ လက်လျှော့ပြီး အကြောင်းပြချက်မဲ့ သေဆုံးမသွားစေချင်ပါ။

ထိုအချိန်ကစလို့ လီအန်းနန်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ မကြိုးစားတော့ပေ။ သူမရဲ့ ခန္ဓာကိုယ်က ရှင်သန်သော်လည်း စိတ်ဝိညာဉ်ကတော့ မီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။

အခုတော့ သူမရဲ့ စိတ်ဝိညာဉ်က မသေဆုံးလောက်သေးဘူးဆိုတာ ရုတ်တရက်ပဲ သိနားလည်သွားသည်။ သူမရဲ့ စိတ်ဝိညာဉ်သာ ခန္ဓာကိုယ်ထဲက ထောင့်တစ်နေရာမှာ ချုပ်နှောင်ခံထားရပြီး တစ်ယောက်ယောက် နှိုးဆွကယ်တင်ပေးမှာကို စောင့်မျှော်နေသည်။

စုယန်ယန်သာ သူ့စကားအတိုင်း သူမကို သီချင်းပြန်ဆိုနိုင်အောင် လုပ်ပေးရင် သူမရဲ့ အမာရွတ်တွေကြောင့် စင်မြင့်ပေါ် တက်ခွင့်မရဘူးဆိုလျှင်တောင် စုယန်ယန်ကို သူမရဲ့ ဒုတိယမိဘအဖြစ် သဘောထားပြီး အရာအားလုံးကို ပေးအပ်သွားမည်။

စုယန်ယန်က ထိုစကားကို ကြားတော့ ရယ်မိသည်။ “ ငါက ဘာကိစ္စ နင့်ဘဝကို လိုချင်မှာလဲ။ ပစ္စုပ္ပန်မှာပဲဖြစ်ဖြစ် ၊ အတိတ်တုန်းကပဲဖြစ်ဖြစ် နင့်ဘဝကို နင့်မိဘတွေက ပေးထားတာလေ။ ငါ နင့်ကို ကူညီပေးချင်တဲ့ အကြောင်းအရင်းက အဒေါ်စုန့်ကြောင့်ပဲ။ ဒုတိယအချက်ကတော့ နင့်ကို ငါ နည်းနည်း ကရုဏာသက်မိလို့ပဲ။ အမှန်အတိုင်း ပြောရရင် ငါ့ယောက်ျားကလည်း ဟိုးအရင်တုန်းက အက်ဆီးဒင့်တစ်ခုကြောင့် ရှင်လျက်နဲ့ သေလူလို ဖြစ်ခဲ့တာ။ နင့်အခြေအနေက ငါ့ကို အရင်တုန်းက သူ့ကို ပြန်ပြီး သတိရမိစေတယ်။ ”

စုယန်ယန်က ပြောရင်း သက်ပြင်းရှိုက်လိုက်သည်။ “ မတတ်နိုင်ဘူး ၊ ငါက သူနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကိစ္စတွေကို ကြုံတိုင်း စိတ်ပျော့သွားတတ်တယ်။ ”

လီအန်းနန် : “ … ” သူမ ရုတ်တရက်ကြီး ခွေးစာတွေ ပါးစပ်အပြည့် စားလိုက်ရတာလား။

“ ခွီး … ” လီအန်းနန်က ခဏလောက် တိတ်ဆိတ်နေပြီးမှ သူမရဲ့ မျက်နှာပေါ်မှာ ရှားရှားပါးပါး အပြုံးလေးတစ်ပွင့် ပေါ်လာခဲ့သည်။

သို့သော်လည်း သူမမျက်နှာပေါ်က အမာရွတ်တွေကြောင့် ထိုအပြုံးက အနည်းနှင့်အများတော့ ကြောက်စရာကောင်းပါသည်။

လီယောင်ကတော့ အခန်းထဲကို ဝင်လာခါစတုန်းက တင်းမာနေတဲ့ လီအန်းနန်ရဲ့ စိတ်ခံစားချက်တွေ အနည်းငယ် ပြေလျော့သွားတာကို ခံစားမိသည်။

လီအန်းနန်သည် လွန်ခဲ့တဲ့ ( ၂ ) နှစ် ၊ ( ၃ ) နှစ်အတွင်း လူအများကြီးနှင့် အဆက်အဆံမရှိသော်လည်း ပတ်ဝန်းကျင်က လူတွေရဲ့ ခံစားချက်တွေ ၊ အကြည့်တွေကို သူမရဲ့ ခန္ဓာကိုယ်ကြောင့် ထိရှခံစားလွယ်သည်။

1005 02

အထူးသဖြင့် သူမကို ကုသပေးဖို့အတွက် သူမရဲ့ မိဘတွေ ခေါ်လာတဲ့ ဆရာဝန်တွေနှင့် ပတ်သက်ရင် ပိုပြီး ထိရှခံစားလွယ်သည်။ သူမကို ကြည့်သော ထိူမျက်လုံးတွေထဲမှာ သနားကရုဏာတွေ ပြည့်နှက်နေသည်။ သူတို့မျက်လုံးထဲက စက်ဆုပ်ရွံရှာမှုတွေကို သူမ မသိအောင် ကောင်းကောင်း ဖုံးကွယ်ထားနိုင်ပြီလို့ ထင်ပြီး ထိုစက်ဆုပ်ရွံရှာမှုတွေကို ဟိုးမျက်လုံးအတွင်းထဲမှာ နက်ရှိုင်းစွာ ကြိုးစားမြုပ်နှံထားတဲ့ ဆရာဝန် တစ်ယောက် ၊ နှစ်ယောက်တောင် ရှိခဲ့ဖူးသည်။

သူတို့အမြင်မှာ သူမဟာ သူတို့ နည်းနည်းလေးတောင် အမှားကျူးလွန်လို့ မရသော ကူကယ်ရာမဲ့နေသည့် ‌ကြွေရုပ်ကလေး ဖြစ်သည်။ သူတို့ကြောင့် သူမရဲ့ အခြေအနေပိုဆိုးသွားလျှင် လျော်ကြေးမပေးနိုင်တာမို့ သူမကို သူတို့လက်နှင့် ထိလိုက်လျှင်ပဲ ကျိုးကြေပျက်စီးသွားတော့မည့် ကြွေရုပ်လေးတစ်ရုပ်လို သဘောထားသည်။

ထို့ကြောင့် သနားကရုဏာပဲဖြစ်ဖြစ် ၊ စိတ်ပျက်ရွံရှာမှုပဲဖြစ်ဖြစ် ထိုလူတွေက သူမကို သတိကြီးကြီးထား၍ ပြောဆိုဆက်ဆံလေ့ရှိသည်။ သူမကို ဘယ်သူကမှ စုယန်ယန်လို မဆက်ဆံဖူးပါ။

စုယန်ယန်က သူမကို ကြောက်ရွံ့မှုလည်း မပါ ၊ စက်ဆုပ်ရွံရှာမှုလည်း မပါသော မျက်လုံးများဖြင့် ကြည့်သည်။ အထူးတလည် ကုသမှုတွေအစား သာမန်ဆေးကုသမှုကိုပဲ လိုအပ်တဲ့ သာမန် လူနာတစ်ယောက်ကို ကြည့်သလို ကြည့်သည်။

သူမ ဒီလိုမျိုး မခံစားရတာ ကြာခဲ့ပါပြီ။

စုယန်ယန်ကတော့ သူမရဲ့ ပွင့်လင်းသော စကားတွေက သူမရှေ့က ကောင်မလေးအား သူမအပေါ် ယုံကြည်စိတ်ဝင်လာစေတာကို မသိဘဲ မေးစေ့ပွတ်ကာ ခဏလောက် စဉ်းစားနေပြီးမှ အကြံကောင်းရသွားသလို လက်ခုပ်တီးလိုက်သည်။

“ ဒီလို လုပ်ရင် ဘယ်လိုလဲ။ နင် ငါ့ကို တကယ် ကျေးဇူးဆပ်ချင်ရင် နင် နေပြန်ကောင်းတဲ့အချိန်ထိ စောင့်လိုက်။ အဲ့အချိန်ရောက်လို့ နင် သီချင်းဆက်ဆိုချင်သေးရင် ငါ့ကုမ္ပဏီနဲ့ စာချုပ်,ချုပ်လို့ ရတယ်။ ”

+++++

All Chapters