အခန်း ၁၀၀၇
Vol. 68 Ch. 1007
1007 01
အခန်း ( ၁၀၀၇ ) လှည့်စားခံခဲ့ရသူ။
ရှားနျဉ်ရှီရဲ့ အမူအရာက ရုတ်တရက် အေးခဲသွားကာ ခဏကြာတော့မှ သူမဆီက စကားသံ ခဲယဉ်းစွာ ထွက်လာခဲ့သည်။ “ ဒါဆို သူက အစ်မကို တင်ဆက်သူမှန်း သိနေတာပေါ့။ ”
“ အစ်မတော့ အဲ့လို ထင်တာပဲ။ ” နျဉ်ချီလွေ့ အဲ့ဒါကို အရင်တုန်းက သတိမထားခဲ့ဘူး ဆိုရင်တောင် ဘာဘီကျူးပါတီနောက်ပိုင်းမှာ သူမဆီက အစားအသောက်တွေကို သူ့ဘက်ကအရင် လာတောင်းခဲ့တာ ဖြစ်သည်။ ဘယ်လောက်ပဲ ထုံထိုင်းတုံးအတဲ့လူ ဖြစ်စေဦးတော့ ၊ သူမကို တင်ဆက်သူမှန်း သတိတော့ထားမိမှာပါ။
စုယန်ယန်သည် ထိုအကြောင်းအရာမှာပဲ တဝဲလည်လည် လုပ်မနေဘဲ ရှားနျဉ်ရှီအား “ သူ ညီမကို အဲ့အကြောင်း မပြောဘူးလား။ ” ဟု မျက်ခုံးပင့်၍ မေးလိုက်သည်။
“ … ” သူမကို ဘာအကြောင်း ပြောပြမှာလဲ။
သူ့ဘော့စ်က သူမ လေးစားအားကျ ဆုံတွေ့ချင်နေရတဲ့ တင်ဆက်သူဖြစ်ပေမဲ့ သူကတော့ ဘော့စ်ရဲ့ သရုပ်မှန်ကို သူမကို ဒီအချိန်ထိ ပြောပြဖို့ မတွေးဖူးတဲ့ အကြောင်းလား။
ဒါမှမဟုတ် အဲ့ဒီအကောင်စုတ်က သူမရဲ့ နာမည်ကို ဆင်ခြေအဖြစ် အသုံးချ၍ တင်ဆက်သူကို လိမ်လည်ကာ သူမအား သူ ထိုဟင်းလျာတွေကို တင်ဆက်သူရဲ့ စားသောက်ဆိုင်ကနေ ခက်ခက်ခဲခဲ ဝယ်လာရသည်ဟု လှည့်စားပြီး ကျွေးခဲ့တဲ့ အကြောင်းလား … ။ ထိုအချိန်တုန်းကတော့ သူမသည် နှလုံးသားထဲမှာ ထိခတ်လှုပ်ရှားသွားလို့ သူ ကျွေးတာကိုတောင် မစားခဲ့ပေ။
ရှားနျဉ်ရှီသည် တစ်စုံတစ်ယောက်ဟာ အမှန်တရားကို သိနေပါလျက်နှင့် ထိုအမှန်တရားကို သူမအား မပြောပြဖို့ ရွေးချယ်ခဲ့တာကို တွေးမိသောအခါ ဒေါသထွက်ထွက်နှင့် အံကြိတ်ချင်သွားလေသည်။ သူက သူမကို အရူးနှင့်တူအောင် တမင် ပြောမပြခဲ့တာပင်။
စုယန်ယန်က သူမ ဘာမှ မပြောတာကို မြင်တော့ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ “ ဪ … အစ်မ မေ့သွားတယ်။ နင်က အဲ့အကြောင်းကို မိန်းကလေးအန်းဆီက သိလာခဲ့တာပဲ။ ဒါဆို သူ ညီမကို မပြောခဲ့ဘူးပဲ။ သူ မေ့နေတာ ထင်မယ်။ ”
ဒီလောက် အရေးကြီးတဲ့ ကိစ္စကို သူ ဘယ်လိုလုပ် မေ့သွားနိုင်ရတာလဲ … ။ ရှားနျဉ်ရှီသည် သူမရဲ့ နှလုံးသားကို ထိုးစိုက်ခံရသလို ခံစားလိုက်ရသည်။
စုယန်ယန်ကတော့ ရှားနျဉ်ရှီရဲ့ အမူအရာကို သတိမပြုမိပုံဖြင့် ဆက်ပြောနေသည်။ “ ဒီလိုဆိုတော့မှ အခုအချိန်မှာ ချီလွေ့က ငါတို့ကုမ္ပဏီရဲ့ ထောက်တိုင်ဖြစ်နေပြီလို့ သတ်မှတ်လို့ ရတယ်။ လက်တွေ့ကျကျ ပြောရရင် နင့်ကိုလည်း ငါတို့ကုမ္ပဏီက ဝန်ထမ်းရဲ့ မိသားစုဝင်လို့ သတ်မှတ်လို့ ရတယ်။ နင် အထူးအခွင့်အရေးတွေ ရဖို့အတွက် ငါတို့ကုမ္ပဏီကို ဝင်စရာမလိုပါဘူး။ ”
လွန်ခဲ့တဲ့ နာရီဝက်တုန်းကသာ ထိုစကားကို ရှားနျဉ်ရှီ ကြားခဲ့လျှင် ပျော်လွန်းလို့ ချက်ချင်း ထခုန်မိမှာ ဖြစ်သည်။ အခုတော့ ထိုစကားတွေက ရှားနျဉ်ရှီရဲ့ နှလုံးသားထဲက မီးတောက်ပေါ် လောင်စာတွေ လောင်းချလိုက်သလိုပါပဲ။ သူမရဲ့ နှလုံးသားထဲက မီးတောက်တွေက လောင်စာနှင့် ထိတွေ့ချိန်မှာ ဟုတ်ခနဲ ထတောက်လာခဲ့သည်။
လူလိမ် … ရှင်တော့ လုံးဝ ပြဿနာတက်ပြီပဲ။
......
“ ဟပ်ချိုး။ ” တောင်တန်းပေါ်က ညလေပြင်းတွေဟာ အေးစက်ကာ ကျောချမ်းစရာကောင်းသော တဝှီးဝှီးအသံတွေကိုပါ သယ်ဆောင်လာခဲ့သည်။
နျဉ်ချီလွေ့သည် လက်ပိုက်ထားရင်း ထိန်းချုပ်မှုကင်းမဲ့စွာ ခိုက်ခိုက်တုန်သွား၏။ “ ဟုတ်တယ်။ ဒီလျှိုမြောင်ထဲမှာ ညဘက်ရောက်လာရင် ဒီလောက် အေးနေတာ ငါ ဒီမှာ တစ်ညလုံး နေရင် မနက်ဖြန် အအေးမိမှာကိုတောင် စိုးရိမ်ရတယ်။ ”
ထိုအတွေးကို တွေးမိသောအခါ နျဉ်ချီလွေ့ရဲ့ မျက်နှာက ရုတ်တရက်ပဲ မည်းမှောင်သွားခဲ့သည်။
သူ ဘာလို့ အရမ်း ခေါင်းမာမိခဲ့တာပါလိမ့် … ။ သက်သောင့်သက်သာရှိတဲ့ ဘဝမှာ ပျော်ပျော်ကြီး နေနိုင်ပါလျက်နှင့် ဒီဝေးလံခေါင်ဖျားတဲ့ ဒေသကို လာပြီး ဒုက္ခခံဖို့ ဘာလို့ ရွေးချယ်မိခဲ့တာပါလိမ့် … ။
ကံကြမ္မာဆိုးကို ရင်ဆိုင်နေရသော နျဉ်ချီလွေ့ကတော့ နှစ်ရက်အကြာမှာ သူ့အတွက် ပိုလို့တောင် ကြောက်စရာကောင်းတဲ့ ကံကြမ္မာဆိုးတစ်ခု စောင့်ကြိုနေတာကို မသိခဲ့ပေ။
1007 02
စုယန်ယန်သည် သူမနောက်ကွယ်မှာ သူမအကြောင်း မကောင်းပြောခဲ့သူအား အောင်မြင်စွာ ထောင်ချောက်ဆင်ပြီးနောက် စိတ်ကြည်လင်သွားခဲ့သည်။ ထို့ကြောင့် သားဖြစ်သူကို ပွေ့ဖက်၍ အားပါးတရ မွှေးကြူကာ တခစ်ခစ်ရယ်မောအောင် လုပ်လိုက်သည်။
ထိုမြင်ကွင်းက ဟောက်ချန်ဟွမ်း အိမ်ပြန်လာချိန်မှာ ပထမဆုံး မြင်လိုက်ရတဲ့ မြင်ကွင်း ဖြစ်သည်။ မူလတုန်းက တည်တင်းစေ့ပိတ်ထားသော သူ့နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်သွားကာ သူတို့နှစ်ယောက်နောက်ကို တိတ်တိတ်လေး ချဉ်းကပ်သွားပြီး ဖက်လိုက်သည်။
စုယန်ယန်က အထိတ်တလန့်နှင့် သူ့ကို လှည့်ကြည့်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။ “ ရှင် ပြန်လာပြီပဲ။ ”
“ အင်း။ ” ဟောက်ချန်ဟွမ်းက ခပ်တိုးတိုး ပြောပြီး စုယန်ယန်ရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်သည်။
စုယန်ယန်ရဲ့ ရင်ခွင်ထဲက ကလေးလေးကတော့ ထိုမြင်ကွင်းကို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေခဲ့ပြီး သူ့မိဘတွေဆီမှာ အာရုံစိုက်ခံရဖို့ ကြိုးစားသလိုမျိုး လက်တွေကို ရုတ်တရက် မြှောက်ကာ အော်ငိုခဲ့သည်။
ထင်ထားတဲ့အတိုင်းပဲ စုယန်ယန်က သူ့ငိုသံကို ကြားသည်နှင့် သူ့ကို ချက်ချင်း ငုံ့ကြည့်ပြီး ရယ်မောလိုက်ပါသည်။ “ သားက သားရဲ့ မိဘတွေကို မနာလိုဖြစ်နေတာလား။ ”
“ ဝါး … ” ကောင်ကလေးက သူ့လက်ဖောင်းဖောင်းလေးတွေကို လက်သီးဆုပ်ကာ အမေဖြစ်သူရဲ့ စကားကို ထောက်ခံသကဲ့သို့ ထိုလက်သီးဆုပ်လေးတွေကို လှုပ်ယမ်းပြခဲ့သည်။
+++++